ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ မိဘပြည်သူများသို့ အသိပေးပြောကြားချက်
အားလုံးမင်္ဂလာပါခင်ဗျာ။ ဒီနေ့မှာတော့ ကျွန်တော်တို့နိုင်ငံမှာ မကြာမီကျင်းပတော့မယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မိဘပြည်သူများကို အသိပေးပြောကြား လိုတာများကို အသိပေးပြောကြားသွားမှာဖြစ်ပါတယ်။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲရဲ့ ရွေးကောက်ပွဲအပိုင်း(၁) ကို အခုလာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတင်ကျင်းပမှာဖြစ်ပါတယ်။ မိဘပြည်သူများလည်း အားလုံးသိရှိပြီးဖြစ်ပါတယ်။ ဒီနေ့ဆိုရင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကျင်းပဖို့ ရက်ပေါင်း ၄၈ ရက် သာ လိုတော့တာဖြစ်ပါတယ်။ ရွေးကောက်ပွဲအပိုင်း (၂) ကိုလည်း ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီလိုပဲ ရွေးကောက်ပွဲ အပိုင်း(၃)ကိုလည်း ရွေးကောက်ပွဲ အပိုင်း (၂)ရဲ့ နှစ်ပတ်ခြားအကြာမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တချို့မလိုလားသူတွေက မိဘပြည်သူများ ထင်ယောင်ထင်မှား ဖြစ်အောင် အမျိုးမျိုးပြောဆိုနေကြတာတွေ၊ သွေးထိုးလှုံ့ဆော်ပေးနေတာကိုလည်း တွေ့ရှိနေရ ပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး ပြည်သူများအသိအမြင်ရှင်းလင်းစေဖို့အတွက် ကျွန်တော် ပြောကြား သွားမှာဖြစ်ပါတယ်။
ကျွန်တော်တို့ နိုင်ငံမှာ ကိုယ့်ထီးကိုယ်နန်းနဲ့ နေထိုင်ခဲ့ရပြီး ဘုရင်စနစ်ကို ကျင့်သုံး ခဲ့တဲ့ အတွက် ရွေးကောက်ပွဲဆိုတာ မရှိခဲ့ပါဘူး။ ဒါပေမယ့် ကိုလိုနီခေတ်မှာတော့ မြန်မာ နိုင်ငံသားတွေရဲ့ နိုင်ငံရေးအသိအမြင် တိုးတက်ပြောင်းလဲလာမှုနဲ့အတူ နယ်ချဲ့အင်္ဂလိပ်အစိုးရဟာ အုပ်ချုပ်ရေး စနစ်တွေကို တိုးမြှင့်ပြောင်းလဲပေးခဲ့ရပါတယ်။ ၁၉၂၀ ပြည့်နှစ်မှာ ဂျီစီဘီအေ အသင်းကြီး ပေါ်ပေါက်လာပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်(Home Rule)ကိုတောင်းဆိုခဲ့ပါတယ်။ နယ်ချဲ့အင်္ဂလိပ် အစိုးရဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တိုးမြှင့်မပေးဘဲ ဒိုင်အာခီ(Dyarchy)လို့ခေါ်တဲ့ နှစ်ဦးနှစ်ဖွဲ့ အုပ်ချုပ်ရေးကို တိုးမြှင့်ဖော်ဆောင်ပေးခဲ့ပါတယ်။ ဒိုင်အာခီအုပ်ချုပ်ရေးစနစ်ကို အကောင် အထည် ဖော်တဲ့အခါ ဥပဒေပြုကောင်စီအတွက် ရွေးကောက်ပွဲကို ၁၉၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့ မှာ ကျင်းပပေးခဲ့ပါတယ်။ ဒီရွေးကောက်ပွဲဟာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ပထမဆုံးသော ရွေးကောက်ပွဲ ဖြစ်တယ်ဆိုတာ သမိုင်းမှတ်တမ်းတွေအရ လေ့လာတွေ့ရှိရပါတယ်။
မြန်မာနိုင်ငံမှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေကို ပြန်ပြီး လေ့လာကြည့်ရင် ၁၉၂၂ ခုနှစ်ကနေ ၁၉၄၇ ခုနှစ်ထိ ရွေးကောက်ပွဲ ၆ ကြိမ်၊ ပါလီမန်ခေတ်(၁၉၄၈ ခုနှစ်ကနေ ၁၉၆၂ ခုနှစ်)မှာ ရွေးကောက်ပွဲ ၃ ကြိမ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်(၁၉၆၂ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်) မှာ ရွေးကောက်ပွဲ ၄ ကြိမ်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (၁၉၈၈-၂၀၁၀)မှာ ရွေးကောက်ပွဲ ၁ ကြိမ်၊ ဒီမိုကရေစီခေတ်(၂၀၁၀ ကနေ ယနေ့အထိ) ရွေးကောက်ပွဲ ၆ ကြိမ်၊ အဲ့မှာတော့ ရွေးကောက်ပွဲ ၃ကြိမ်နဲ့ ကြားဖြတ် ရွေးကောက်ပွဲ ၃ကြိမ် တို့ဖြစ်ပါတယ်။ ဒါတွေဟာ ကျွန်တော်တို့နိုင်ငံသူ နိုင်ငံသားတွေဟာ ရွေးကောက်ပွဲ မဲရွေးချယ်မှုစနစ်နဲ့ မစိမ်းဘူး၊ နီးစပ်မှုရှိတာကို ပေါ်လွင်စေပါတယ်။ နိုင်ငံတော် အစိုးရတွေက ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ပြီး ခေတ်အဆက်ဆက်က နိုင်ငံသားတွေကလည်း မိမိတို့ရဲ့အခွင့် အရေးကို အမိအရ အသုံးချပြီး မဲပေးရွေးချယ်မှုတွေကို ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံမှာ ပြည်သူလူထု လိုလားတောင့်တတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နဲ့အညီ အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။ ပါတီစုံဒီမိုကရေစီ စနစ်အတွက် ပထမအကြိမ်ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပခဲ့ပြီး ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ပထမအကြိမ် လွှတ်တော်အစည်းအဝေးကို ကျင်းပနိုင်ခဲ့ ပါတယ်။ ဒုတိယအကြိမ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုတော့ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပခဲ့တယ်။ ဒုတိယအကြိမ်လွှတ်တော်အစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ တတိယအကြိမ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကိုတော့ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။ အဲ့ဒီရွေးကောက်ပွဲမှာ မဲမသမာမှုများစွာ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီတုန်းက ရွေးကောက်ပွဲကော်မရှင်ရဲ့ တရားဝင်ထုတ်ပြန်ချက်အရ မဲပေးပိုင်ခွင့်ရှိသူဟာ ၃၈ သန်း ခန့်ရှိပါတယ်။ မဲမသမာမှုဖြစ်နိုင် ကြောင်းတွေ့ရှိခဲ့တဲ့ အရေအတွက်ကတော့ ၁၀.၄ သန်းခန့် ဖြစ်ပါတယ်။ တစ်ထောင်လည်း မဟုတ်သလို တစ်သောင်းလည်းမဟုတ်ပါဘူး။ ဒီလိုပဲ တစ်သိန်းလည်းမဟုတ်သလို တစ်သန်း လည်းမဟုတ်ပါဘူး၊ ဆယ်သန်းကျော်ဖြစ်ပါတယ်။ ဒါဟာမဲပေးပိုင်ခွင့်ရှိတဲ့သူ တွေရဲ့ လေးပုံတစ်ပုံခန့် ဖြစ်ပါတယ်။ ဒီမဲမသမာမှုတွေအတွက် နိုင်ငံရေးပါတီတွေနဲ့တပ်မတော်ဟာ ပထမအဆင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဖြေရှင်း ပေးဖို့ပြော ခဲ့ပါတယ်။ ဒါကိုငြင်းဆန်တဲ့အတွက် ဒုတိယအဆင့် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ခေါ်ပေးဖို့ နည်းစနစ်တကျ တောင်းဆိုတာကိုလည်း ထပ်မံငြင်းဆန်ခဲ့ပါတယ်။ တတိယအဆင့် အစိုးရ၊ ပြည်ထောင်စုလွှတ်တော် ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တစ်ခုခုက နည်းလမ်းရှာ ဖြေရှင်းပေးဖို့ ထပ်မံတောင်းဆိုတော့လည်း ငြင်းဆန်ခဲ့ပါတယ်။ ဒီအဆင့်တွေအားလုံးပြီးတော့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ပေးဖို့ နှစ်ကြိမ်တိုင်တိုင် တောင်းဆိုခဲ့တာမှာလည်း ဖြေရှင်းဆောင်ရွက်ပေးခဲ့ခြင်းမရှိပါဘူး။ ဒီလိုဖြေရှင်းမပေးဘဲ တတိယအကြိမ် လွှတ်တော်ခေါ်ယူကျင်းပပြီး အစိုးရဖွဲ့ဖို့ အတင်းအဓမ္မ ဆောင်ရွက်ခဲ့တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်) အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့် အညီ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တပ်မတော်က နိုင်ငံတော်ရဲ့တာဝန်အရပ်ရပ်ကို ရယူခဲ့ရတာဖြစ် ပါတယ်။ ဒါတွေဘာကြောင့်ပြန်ပြောနေရသလဲဆိုတော့ ဒီဖြစ်စဉ်တွေမှာ ဘယ်သူတွေကဥပဒေနဲ့ အညီ တရားနည်းလမ်း တကျတောင်းဆိုခဲ့တယ်၊ ဘယ်သူတွေက ဥပဒေကို လျစ်လျူရှုမျက်ကွယ်ပြု ခဲ့သလဲဆိုတာကို သမိုင်းကျေစေချင်လို့ ပြန်လည်ပြောပေးရခြင်းဖြစ်ပါတယ်။ ဒီဖြစ်စဉ်တွေမှာ ကျွန်တော်ကိုယ်တိုင်လည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အနေနဲ့ သတင်းစာရှင်းလင်း ပွဲတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့တယ်။ နိုင်ငံတကာမီဒီယာတွေရဲ့ ရှေ့မှာပဲ အထောက်အထားခိုင်လုံစွာနဲ့ ပြောပြခဲ့တယ်။ အထောက်အထားခိုင်လုံစွာနဲ့ သက်သေပြခဲ့ပြီးဖြစ်ပါတယ်။ မဲမသမာမှုဖြစ်ခဲ့တာကို တရားနည်းလမ်းတကျ ဖြေရှင်းမပေးဘဲ နိုင်ငံတော်အာဏာကို အဓမ္မနည်းနဲ့ ရယူဖို့ ကြိုးစားခဲ့တဲ့ NLD အစိုးရနဲ့ သူတို့ဖွဲ့စည်းပေးထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တို့ကသာ ပြည်သူ လူထုတစ်ရပ်လုံးနဲ့ နိုင်ငံတော်ရဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် လျှောက်လှမ်း မှုကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့ခြင်းသာဖြစ်ပါတယ်။ ပြည်သူတွေလိုလားတောင့်တခဲ့တဲ့၊ ဒီလိုဖျက်ဆီးခံရတဲ့ပါတီစုံဒီမိုကရေစနစ်ကို ကျွန်တော်တို့က နည်းစနစ်ကျစွာ ပြန်လည်တည်ဆောက် ပေးနေခြင်းဖြစ်ပါတယ်။
ကျွန်တော်တို့ကျင့်သုံးတဲ့ ဒီမိုကရေစီစနစ်အရ မိမိကိုယ်စားဆောင်ရွက်မယ့် လွှတ်တော်ကိုယ် စားလှယ်တွေကို ပြည်သူလူထုက ရွေးကောက်တင်မြှောက်ပေးရတာ ဖြစ်ပါတယ်။ ယခုကျင်းပမယ့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိတဲ့ နိုင်ငံသားတိုင်းကိုလည်း မဲပေးကြ ပါလို့ အလေးအနက်ထား တိုက်တွန်းပြောကြားလိုပါတယ်။ ဘာလို့လဲဆိုတော့ ရွေးကောက်ပွဲဆိုတာ ပြည်သူ့အသံကို နားထောင်၊ ပြည်သူတွေရဲ့ကောင်းကျိုးဆန္ဒကို ဖြည့်ဆည်းပေးနိုင်တဲ့ အမြန်ဆုံး သော ယန္တရားစနစ်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်ထပ်ပြောပါမယ်။ ရွေးကောက်ပွဲဆိုတာ ပြည်သူ့ အသံကို နားထောင်၊ ပြည်သူတွေရဲ့ကောင်းကျိုးဆန္ဒကို ဖြည့်ဆည်းပေးနိုင်တဲ့ အမြန်ဆုံးသော ယန္တရားစနစ် တစ်ခုဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲမှာ ပြည်သူလူထုအနေနဲ့ ကိုယ်နဲ့အမြင်တူတဲ့ သူတွေ၊ ကိုယ်ဖြစ်လိုတဲ့ဆန္ဒကို ထပ်တူ သို့မဟုတ် အနီးစပ်ဆုံးဖြည့်ဆည်းပေးနိုင်တဲ့သူတွေ၊ နိုင်ငံတော်ရဲ့အကျိုးစီးပွား၊ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ကိုယ်စားပြုဖော်ဆောင်ပေးနိုင်တဲ့ သူတွေကို ကိုယ်တိုင် ရှာဖွေရွေးချယ်ခွင့် ရရှိမှာဖြစ်ပါတယ်။ ကိုယ်ရွေးချယ်ပေးလိုက်တဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်ဟာ ကိုယ့်အပေါ်၊ ကိုယ့်ဒေသအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ရှိနေစေဖို့ စောင့်ကြည့် ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ မဲပေးသူများလေလေ ရွေးကောက်ခံကိုယ်စားလှယ်တစ်ဦးဟာ ပိုပြီး တာဝန်ရှိ လေလေဖြစ်ပါတယ်။ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လိုအပ်တာကအစပြုလို့ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်မြို့၊ ကိုယ့်ရွာ၊ ကိုယ့်ဒေသ တိုးတက် ဖွံ့ဖြိုးရေး ကောင်းကျိုးလိုရာဆန္ဒတွေ၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့ဆန္ဒတွေကို ကိုယ်ရွေး ချယ်ထားတဲ့ ကိုယ်စားလှယ်ကတစ်ဆင့် အစိုးရဆီကိုတောင်းဆိုနိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။ ဒီအခွင့်အရေးကို မိဘပြည်သူအားလုံးက လက်လွှတ် ဆုံးရှုံးမခံကြဖို့လည်း ပြောလိုပါတယ်။ ဒီနေရာမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး၊ နိုင်ငံတကာအသိအမှတ်ပြုမှုဆိုတာနဲ့ပတ်သက်ပြီး ကျွန်တော်ပြော လိုပါတယ်။
၂၀၂၄ ခုနှစ်က ကမ္ဘာတစ်ဝန်းမှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲများမှာ တည်ဆဲအစိုးရတွေအပေါ် နိုင်ငံတကာကဝင်ရောက်စွက်ဖက်မှုတွေပါဝင်တဲ့ အတင်းအကျပ်ပြုလုပ်မှုဖြစ်စဉ်များကိုလည်း ကျွန်တော်တို့ တွေ့မြင်နိုင်ပါတယ်။ နိုင်ငံတကာဒီမိုကရေစီနဲ့ ရွေးကောက်ပွဲအထောက်အကူပြုအဖွဲ့ရဲ့ ဝက်ဘ်ဆိုက်မှာ ရွေးကောက်ပွဲဆိုင်ရာနှစ်စဉ်အစီရင်ခံစာအရ ကမ္ဘာတစ်ဝန်းလုံးမှာ ကျင်းပပြုလုပ် ခဲ့တဲ့ရွေးကောက်ပွဲ ၇၄ ခု အနက် ၂၂ ခုသာ တည်ငြိမ်စွာ ကျင်းပနိုင်ခဲ့တာကိုတွေ့ရပါတယ်။ ကျန်တဲ့ ရွေးကောက်ပွဲတွေမှာတော့ သပိတ်မှောက်တာတွေ၊ ရလဒ်အငြင်းပွားတာတွေ၊ ဆန္ဒပြတာတွေနဲ့ အကြမ်းဖက်မှုတချို့တောင်မှ ဖြစ်ပွားခဲ့ပါတယ်။ နိုင်ငံတကာရဲ့ဝေဖန်မှု၊ ဝင်ရောက်စွက်ဖက်မှု တွေကိုလည်း တွေ့ရပါတယ်။ ရွေးကောက်ပွဲတစ်ခုကို သမာသမတ်ရှိစွာ ကျင်းပနိုင်ခြင်းဟာ သက်ဆိုင်ရာနိုင်ငံများရဲ့ နိုင်ငံရေးရေချိန်နဲ့သာသက်ဆိုင်ပြီး ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ ဒီမိုကရေစီ ရင့်သန်ပါတယ်ဆိုတဲ့နိုင်ငံများတောင်မှ ရွေးကောက်ပွဲဆိုင်ရာရလဒ်များနဲ့ပတ်သက်ပြီး ဝေဖန်ခံရမှု၊ စိန်ခေါ်မှုများနဲ့ ရင်ဆိုင် ရလေ့ရှိတတ်ကြပါတယ်။
ကျွန်တော်တို့နိုင်ငံဟာ သမိုင်းကြောင်းအရဖြစ်စေ၊ နိုင်ငံရေးမူအရဖြစ်စေ အချုပ်အခြာ အာဏာပိုင်ပြီး လွတ်လပ်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာ ဟာ မြန်မာနိုင်ငံသားများထံမှ ဆင်းသက်ပြီး မြန်မာနိုင်ငံတော်တစ်ဝန်းလုံးမှာ တည်ပါတယ်။ ပြီးတော့ နိုင်ငံတော်ရဲ့ နိုင်ငံခြားရေးမူဝါဒဟာ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်တဲ့ဝါဒကို ကျင့်သုံးနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ဘယ်တုန်းကမှ၊ နောင်လည်း ဘယ်တော့မှ သူများ တိုင်းပြည်ရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှာ မဟုတ်ပါဘူး။ ဒီလိုပါပဲ...ကျွန်တော်တို့နိုင်ငံရဲ့ ပြည်တွင်းရေး၊ ကိုယ့်နိုင်ငံ၊ ကိုယ့်သမိုင်းကြောင်းနဲ့ အညီဆောင်ရွက်ကြရတဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေဟာ ကျွန်တော်တို့နိုင်ငံရဲ့ ပြည်တွင်းရေးသက်သက်၊ ကျွန်တော်တို့နိုင်ငံ ပြည်သူ တွေရဲ့ အရေးသက်သက်သာဖြစ်ပါတယ်။ တိုင်းတစ်ပါးနိုင်ငံများရဲ့ ဩဇာအာဏာနဲ့ မည်သည့် ဝင်ရောက်စွက်ဖက်မှုကိုမှ ကျွန်တော်တို့နိုင်ငံရဲ့ ရွေးကောက်ပွဲအောင်မြင်အောင် ကျင်းပရေး ခရီးလမ်းကို ပျက်ပြားအောင်၊ ပြောင်းလဲအောင် လုပ်လို့မရဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောကြား လိုပါတယ်။ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံသားတွေဖြစ်ပါတယ်၊ မြန်မာနိုင်ငံသားတွေရဲ့ အနာဂတ် ကို မြန်မာနိုင်ငံသားတွေကပဲ ဖန်တီးပိုင်ခွင့်ရှိပါတယ်။ မြန်မာ့အရေးကို ရွေးကောက်ပွဲမဲပေးတဲ့ ကျွန်တော်တို့ နိုင်ငံသားတွေကပဲ အသိအမှတ်ပြု ဆုံးဖြတ်ရပါမယ်။ ဒါဆိုရင်လုံလောက်နေပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လွတ်လပ်ပြီး တရားမျှတတဲ့ အထွေထွေရွေးကောက်ပွဲကို ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဦးဆောင်ပြီး ကျင်းပပေးသွားမှာဖြစ်ပါ တယ်။ အခုကျင်းပမယ့် ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီပေါင်း ၅၇ ပါတီနဲ့ တစ်သီးပုဂ္ဂလကိုယ်စား လှယ်လောင်း ၉၅ ဦးတို့ စုစုပေါင်းကိုယ်စားလှယ်လောင်း ၅,၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ကြ မှာဖြစ်ပါတယ်။ အခုကျင်းပတဲ့ ရွေးကောက်ပွဲမှာ တိုင်းရင်းသားများနဲ့ လူထုလူတန်းစားအလွှာ များကို ကိုယ်စားပြုတဲ့သူတွေ လွှတ်တော်ထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာစေဖို့အတွက် ပြည်သူ့လွှတ်တော်ကို FPTP စနစ်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကို ရောနှောထားတဲ့ ကိုယ်စားလှယ်အချိုးကျစနစ်(MMP)တို့ကို အသုံးပြု ဆောင်ရွက် သွားမှာဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲအပေါ် ကွဲပြားခြားနားတဲ့ နိုင်ငံတကာတုံ့ပြန်မှုများ ရှိနေသော်လည်း မိတ်ဖက်နိုင်ငံများရဲ့ ထောက်ခံမှုများကတော့ အခိုင်အမာ ရရှိထားပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ် များကိုလည်း အားလုံးက အသိအမှတ်ပြုပြီးဖြစ်ပါတယ်။ ကိုယ့်နိုင်ငံရဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို လိပ်ပြာလုံစွာဆောင်ရွက်ထားတဲ့အတွက် မြန်မာ နိုင်ငံရဲ့ မိတ်ဖက်နိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အခြားနိုင်ငံများကိုပါ ကျွန်တော် တို့ရဲ့ ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကို လာရောက်ကြည့်ရှုလေ့လာဖို့ ဖိတ်ခေါ်ထား ပြီးဖြစ်ပါတယ်။ ထို့အတူပဲ ပြည်တွင်းပြည်ပ နိုင်ငံတကာမီဒီယာများကိုလည်း ဖိတ်ခေါ်ထားပြီး ဖြစ်ပါတယ်။ မဲမသမာမှုများ မရှိစေဖို့ ခေတ်မီနည်းပညာသုံး MEVM စက်များကိုလည်း အသုံးပြု ထားတာဖြစ်ပါတယ်။ ဒါ့ကြောင့် ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ လွှတ်တော်ဟာ ဂုဏ်သိက္ခာရှိတဲ့ လွှတ်တော်တစ်ရပ်ဖြစ်ကြောင်း ကမ္ဘာကို ချပြနိုင်မှာဖြစ်ပါတယ်။
စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာပြီး ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးဆိုတဲ့ နိုင်ငံရေး ရည်မှန်းချက်အရွေ့ တစ်ခုဟာ အစိုးရ၊ ပြည်သူ၊ တပ်မတော်၊ သက်ဆိုင်ရာအဖွဲ့အစည်းများ ပြိုင်တူဝိုင်းပြီး တွန်းကြရင်ဖြင့် ပန်းတိုင်ကို မှန်မှန်နဲ့ မြန်မြန်ရောက်ရှိနိုင် မှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီနှစ် ဒီဇင်ဘာလနဲ့ နောက်နှစ် ဇန်နဝါရီလအတွင်းမှာ ကျင်းပမယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်အောင် မြင်မြင်ပြီးမြောက်စေဖို့ အတွက်၊ ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်ပြီး ဆန္ဒမဲပေးကြပါစို့လို့ ပြောကြားလိုပါတယ်။ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မုချအောင်မြင် ရပါမယ်။ အားလုံးကို ကျေးဇူးတင်ရှိပါတယ်။
