ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဗဟိုမှ ကြီးမှူး၍ ရှမ်းပြည်နယ် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း(YMBA)မှ ကျင်းပသည့် (၇၅)ကြိမ်မြောက် စိန်ရတုဗုဒ္ဓဝင်နှင့် (၃၈)ဖြာမင်္ဂလာ တရားတော်စာမေးပွဲ ဖြေဆိုပွဲ၌ အောင်မြင်စွာဖြေဆိုခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများအား ဆုချီးမြှင့်ပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကန်အောက်ရပ်ကွက်၊ သာသနာ လင်္ကာရကမ္ဗောဇ၊ သာသနာ့ဗိမာန် (၅)ထပ်ဆောင်၌ ပြုလုပ်ရာ တောင်ကြီးမြို့၊ စွန်းလွန်းဂူ ကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် နိုင်ငံတော်ဩဝါဒစရိယ အဂ္ဂမဟာ ပဏ္ဍိတ မဟာကမ္မဌာနစရိယ ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသ အမှူးပြုသော သံဃာတော်များကြွရောက် တော်မူကြ ပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦးနှင့် တာဝန်ရှိသူများ၊ ပြည်နယ် ဝန်ကြီးများ ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းမှ တာဝန်ရှိသူများ ၊ ကျောင်းသား / ကျောင်းသူများ နှင့်ကျောင်းသားမိဘများတက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အေးစေတီပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တလက္ခဏာသာမိထံမှ (၅)ပါး သီလခံယူဆောက်တည်ကြသည်။ ထို့နောက် သိမ်တောင်ပရိယတ္တိ စာသင်တိုက် ဦးစီးပဓာနနာယက ပြည်နယ်သံဃာ့ နာယကဥက္ကဋ္ဌ ဘဒ္ဒန္တတေဇဝန္တထံမှ ဩဝါဒခံယူကာ သံဃာတော်များအား လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။ ယင်းနောက် ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း(YMBA)ဗဟိုသို့ သွားရောက် ဆုယူကြမည့် ကျောင်းသား / ကျောင်းသူများအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် အလှူရှင်များက လှူဒါန်းကြသည့် အလှူငွေများကို တာဝန်ရှိသူများက လက်ခံရယူကြသည်။
ယင်းနောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ပြီး စာဖြေဌာနအလိုက် အကြီးတန်း ၊ အလတ်တန်း ၊ အငယ်တန်းတို့တွင် ပထမဆု၊ ဒုတိယဆု ၊ တတိယဆု ရရှိသူများနှင့် အထူးအောင်မြင်သူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။

