နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လေယာဉ်/ရဟတ်ယာဉ်များ   တပ်တော်ဝင်အခမ်းအနားသို့ တက်ရောက်ချီးမြှင့် နေပြည်တော်၊ နိုဝင်ဘာ - ၇

Friday, November 7, 2025 - 17:30

          တပ်မတော်(လေ)မှ လေယာဉ်/ရဟတ်ယာဉ်များတပ်တော်ဝင်ခြင်း အခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေတပ်စခန်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

          အဆိုပါအခမ်းအနားသို့ နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် နှင့်ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ လေတပ်စခန်းဌာနချုပ်မှူးများ၊ တပ်မတော်(လေ)မှ အရာရှိ၊ စစ်သည်များနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ တက်ရောက်ကြသည်။

         ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က  အမှာစကားပြောကြားရာတွင် ၂၀၁၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် အထိ ၁၅ နှစ်တာကာလအတွင်း တပ်မတော်ပိုင် လေယာဉ်/ ရဟတ်ယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားများကို ၁၅ ကြိမ်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ပြီး လေယာဉ်/ရဟတ်ယာဉ်များ တပ်မတော်(လေ)သို့ အင်အားဖြည့်တင်းပေးနိုင်ခဲ့ကြောင်း၊ ထို့အပြင် ရှိပြီးသားလေယာဉ်/ ရဟတ်ယာဉ်များကိုလည်းစွမ်းရည် ပိုမိုတိုးတက် ကောင်းမွန်စေရန် အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ယခုကဲ့သို့ လေယာဉ်/ ရဟတ်ယာဉ်များ အသစ်ထပ်မံဖြည့်တင်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်နိုင်မှုကို အထောက်အကူများစွာ ဖြစ်စေခဲ့သည့်အပြင် မြန်မာ့ဝေဟင်ပိုင်နက် စိုးမိုးလုံခြုံရေးကိုလည်း ပိုမိုခိုင်မာကောင်းမွန်စေခဲ့ကြောင်း။

          တပ်မတော်(လေ)အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များ ကို ပြည့်ဝအောင်မြင်စွာ ထမ်းဆောင်နိုင်ရန်အတွက် သယ်ယူပို့ဆောင်ရေးလေယာဉ်/ ရဟတ်ယာဉ်များသည် အရေးပါသည့် လိုအပ်ချက်တစ်ရပ်ဖြစ်ကြောင်း၊ တစ်ဘက်တွင် လည်း နိုင်ငံတော်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ သဘာဝ ဘေးရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင် ကာကွယ် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သယ်ယူပို့ဆောင်ရေး လေယာဉ်/ ရဟတ်ယာဉ်များသည် နည်းလမ်းအမျိုးမျိုးဖြင့် အထောက်အကူပြု စွမ်းဆောင်ပေး နိုင်သည်ကို ထင်ရှားစွာ တွေ့မြင်နေရကြောင်း။

          ယနေ့တပ်တော်ဝင်ပေးမည့် သယ်ယူပို့ဆောင်ရေးလေယာဉ်/ ရဟတ်ယာဉ်များ သည်ယခုပြောခဲ့သည့် လုပ်ငန်းတာဝန်များကို ပိုမိုထိရောက်အောင်မြင်စွာ ထမ်းဆောင် စေနိုင်ရန် စွမ်းဆောင်ပေးနိုင်မည် ဖြစ်သည့်အတွက် တပ်မတော်အတွက်သာမက နိုင်ငံတော်နှင့်   ပြည်သူလူထုအတွက်ပါ အကျိုးကျေးဇူးများစွာ ဆောင်ကြဉ်းပေးလာ မည်ဖြစ်သည်ကို ပြောကြားလိုကြောင်း၊ ထိုသို့အကျိုးကျေးဇူးများ ရရှိလာစေရန် တပ်မတော်(လေ)တွင်ရှိသည့် လေသူရဲနှင့် လေယာဉ်သားများ၊ စက်မှုလက်မှု ပညာရှင် များ၊ အုပ်ချုပ်ထောက်ပံ့မှု တာဝန်ရှိသူများကလည်း တပ်တော်ဝင်ဖြည့်ဆည်း ပေးထား သည့် လေယာဉ်/ ရဟတ်ယာဉ်များနှင့် အထောက်အကူပြုစနစ်များကို ကျွမ်းကျင် စနစ်ကျစွာ ပျံသန်းအသုံးပြုကြရန်၊ မိမိကျရာတာဝန်ကို ကျေကျေပွန်ပွန် အောင်အောင် မြင်မြင်ဖြင့် အစွမ်းကုန်ထမ်းဆောင်ကြရန် အလေးအနက်ထား တိုက်တွန်းမှာကြားလို ကြောင်း။

          လတ်တလောကာလ နိုင်ငံတကာတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများသာမက ပြည်တွင်းတွင် ဖြစ်ပေါ်ကြုံတွေ့ခဲ့ရသည့် အခြေအနေအရပ်ရပ်များတွင်ပါ လေယာဉ်/ ရဟတ်ယာဉ်များ၊ ဒရုန်းနှင့် ယူအေဗွီများအပါအဝင် လေကြောင်းစွမ်းအား အရင်းအမြစ် များသည် မရှိမဖြစ်လိုအပ်လာသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် နိုင်ငံအသီးသီး သည် လေတပ်အပါအဝင် လေကြောင်းစွမ်းအား ထုတ်လုပ်ဖြန့်ကြက်ပေးနိုင်သည့် တပ်ဖွဲ့အမျိုးမျိုးကို အင်အားတိုးတက်ရုံသာမက ခေတ်မီအဆင့်မြင့် စေရန်အတွက်ပါ တတ်စွမ်းသမျှ ကြိုးပမ်းလုပ်ဆောင်နေကြကြောင်း၊ တစ်ဘက်တွင် လည်း Non-State Actor များဖြစ်သည့် လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့အစည်းများ၊ ဝိသမစီးပွားရှာ လိုသည့် အဖွဲ့အစည်းများသည်လည်း လေကြောင်းဆိုင်ရာ အရင်းအမြစ်များကို ပိုင်ဆိုင်အသုံးပြုလာနိုင်အောင် ကြိုးပမ်းနေကြသည်ကို လေ့လာ တွေ့ရှိရကြောင်း။

          မိမိတို့မြန်မာနိုင်ငံသည် ပထဝီတည်နေရာအရ အချက်အချာကျသည့် နေရာတွင် တည်ရှိနေသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံကြီး ၂ ခုအကြားတွင် တည်ရှိနေသည့်အပြင် တောင်အာရှနှင့် အရှေ့တောင်အာရှကို ဆက်စပ် ပေးထားသည့် နေရာဒေသလည်းဖြစ်ကြောင်း၊ ရေကြောင်းအနေဖြင့်ကြည့်ပါကလည်း ဖြတ်သန်းသွားလာမှုအများဆုံး ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကြောင်းများနှင့် နီးကပ်စွာတည်ရှိနေကြောင်း၊ မိမိကိုယ်ပိုင်အနေဖြင့်လည်း သဘာဝ သယံဇာတ အမျိုးမျိုး ပေါကြွယ်ဝသည့် ရေပြင်ပိုင်နက်နှင့် သီးသန့်စီးပွားရေးဇုန်တို့ကို ကျယ်ပြန့်စွာ ပိုင်ဆိုင်ထားကြောင်း၊ ပြည်တွင်း ပထဝီအနေအထားကလည်း တောတောင်ထူထပ်ပြီး မြစ်ချောင်း အင်းအိုင်များပေါများစွာတည်ရှိနေသည့်အတွက် သာမန်သွားလာ ကူးသန်း ရန် အကန့်အသတ်များရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း။

          ပထဝီနိုင်ငံရေးအရရော နိုင်ငံရေးပထဝီအခြေအနေအရပါ ထူးခြားသည့် အခြေ အနေများ ပိုင်ဆိုင်ထားသည့်မိမိတို့နိုင်ငံအနေဖြင့် ယခုအခြေအနေများထဲက မိမိနိုင်ငံ အတွက် ကောင်းကျိုးများအပြည့်အဝ ရရှိခံစားအသုံးချနိုင်ရန် လေကြောင်းစွမ်းအား သည် မရှိမဖြစ်လိုအပ်သည့်အပြင် အင်အားကောင်းမွန်စေရန်၊ ခေတ်မီအဆင့်မြင့်စေရန် မဖြစ်မနေ ကြိုးပမ်းတည်ဆောက်ရမည်ဖြစ်ကြောင်း၊ တပ်မတော်(လေ)သည် မိမိတို့ နိုင်ငံ၏ လေကြောင်းစွမ်းအား အရင်းအမြစ်များအနက် အဓိကကျသည့် အဖွဲ့အစည်း တစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့်တပ်မတော်(လေ)အင်အား တောင့်တင်းခိုင်မာစေရေးနှင့် ခေတ်မီစေရေးအတွက် ရေတိုရေရှည် တွက်ဆဆောင်ရွက်ပေးလျက်ရှိကြောင်း။

          လေကြောင်းစွမ်းအားအရင်းအမြစ်များသည် နည်းပညာ တိုးတက်ပြောင်းလဲမှု အပေါ် အဓိကတည်မှီနေသည်မှာ အထင်အရှားပင် ဖြစ်ကြောင်း၊ တပ်မတော်(လေ) အနေဖြင့် စွမ်းဆောင်ရည် အစဉ်ကောင်းမွန်နေရန် နည်းပညာတိုးတက်ပြောင်းလဲ နေမှုကို မျက်ခြည်မပြတ် လေ့လာအကဲခတ်နေရမည်ကို သတိပေးပြောကြားလို ကြောင်း။

          အရည်အသွေးမြင့်မားကောင်းမွန်သည့် လေယာဉ်/ ရဟတ်ယာဉ် များ ပိုင်ဆိုင် အသုံးပြုနိုင်ရေး ဆောင်ရွက်ရာတွင် အသစ်ဝယ်ယူ ဖြည့်တင်းခြင်းသာမက လက်ရှိ ပိုင်ဆိုင်ထားသည့် လေယာဉ်/ ရဟတ်ယာဉ်များကို စွမ်းရည်ပြည့် ပျံသန်းအသုံးချနိုင်ရန် စနစ်တကျ ထိန်းသိမ်းကိုင်တွယ် ပြင်ဆင်မွမ်းမံခြင်း၊ အခါအားလျော်စွာ အဆင့်မြှင့်တင် မွမ်းမံခြင်းတို့ကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ ဒီလိုလုပ် ဆောင်နိုင်ခြင်းဖြင့် ငွေကြေးအကုန်အကျ များစွာသက်သာလျော့နည်းစေနိုင်မည် ဖြစ် ကြောင်း။

လက်ရှိမိမိတို့ မြန်မာနိုင်ငံ၏ဖြစ်ပေါ်တိုးတက်မှုများနှင့် ပတ်သက်ပြီး အနည်း ငယ် အသိပေးပြောကြားလိုကြောင်း၊ ပြည်တွင်းပြည်ပ နှောင့်ယှက်စွက်ဖက်မှုအမျိုးမျိုး၊ သပ်လျှိုသွေးခွဲမှုအမျိုးမျိုး၊ ကိုယ်ကျိုးရှာမှုအမျိုးမျိုးတို့ကြောင့် တပ်မတော်အနေဖြင့် မလွှဲသာဘဲ နိုင်ငံတော်တာဝန်များကို ခေတ္တတာဝန်ယူ ထမ်းဆောင်ခဲ့ရခြင်းဖြစ် ကြောင်း၊ အခုအခါတိုးတက်ဖြစ်ပေါ်သည့် အခြေအနေများနှင့်အညီ အများပြည်သူ လိုလားတောင့်တချက်ဖြစ်သည့် လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပေးရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိ ကြောင်း၊ ရွေးကောက်ပွဲကပေါ်ထွန်းလာမည့် ရွေးကောက်ခံအစိုးရထံ နိုင်ငံတော် တာဝန်များကို ဒီမိုကရေစီစံနှုန်းများနှင့်အညီ လွှဲအပ်သွားမည်လည်းဖြစ်ကြောင်း။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်တွင်းပြည်ပအဖွဲ့အစည်းအချို့သည် ၎င်းတို့ လိုလားချက်အတိုင်း မဟုတ်သည့်အတွက် ရွေးကောက်ပွဲ မဖြစ်မြောက်စေရန်၊ ပျက်ပြားစေရန် နည်းလမ်းပေါင်းစုံဖြင့် စွက်ဖက်လုပ်ဆောင်ဟန့်တားလျက်ရှိကြောင်း၊ တစ်ဘက်မှလည်း အကြမ်းဖက်သောင်းကျန်းသူများသည် တပ်မတော်နှင့် ပြည်သူ ပူးပေါင်းလုပ်ဆောင်ချေမှုန်းမှုကြောင့် တဖြည်းဖြည်းအရေးနိမ့်လာလျက်ရှိကြောင်း၊ ၎င်းတို့ ခေတ္တစိုးမိုးထားသည့် နယ်မြေများကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ရန် နိုင်ငံပိုင် လမ်းတံတားအဆောက်အဦများ၊ ပြည်သူလူထု၏ နေအိမ်တိုက်တာနှင့် ပိုင်ဆိုင်မှုများ ကို သွေးရူးသွေးတန်း တိုက်ခိုက်ဖျက်ဆီး လုယက်ယူဆောင်လျက်ရှိကြောင်း၊ ထိုသို့ တိုက်ခိုက်ဖျက်ဆီးမှုများကိုဟန့်တားချေမှုန်းရန် အထူးလိုအပ်ပြီး တပ်မတော်အနေဖြင့် ပြည်သူလူထု၏ အကူအညီကိုရယူကာ ဆက်လက်တိုးတက်ဆောင်ရွက်သွားမည်ကို အသိပေးပြောကြားလိုကြောင်း။

တပ်မတော်(လေ)ကို ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် စတင်ဖွဲ့စည်း ခဲ့ပြီး လာမည့်ဒီဇင်ဘာလဆိုပါက သက်တမ်း ၇၈ နှစ်ပြည့် မြောက်တော့မည်ဖြစ် ကြောင်း၊ အဆိုပါကာလအတွင်း၌ တပ်မတော်(လေ)သည် တပ်မတော်၏ အဓိက အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ပေးအပ်လာသည့် တာဝန်အမျိုးမျိုးကို အစွမ်းကုန် ကျေပွန်ပြီးမြောက်အောင် ကြိုးပမ်းထမ်းဆောင်ခဲ့သည်ကို ဂုဏ်ယူဖွယ်တွေ့ရှိရ ကြောင်း၊ လက်ရှိတွင်လည်း တပ်မတော်(လေ)သည် မိမိတွင်ရရှိပိုင်ဆိုင်ထားသည့် လေကြောင်းစွမ်းအား အရင်းအမြစ်များကို အကျိုးအရှိဆုံးအသုံးချကာ ရည်မှန်းချက် တာဝန်များကို အောင်မြင်ထိရောက်စွာ ထမ်းဆောင်လျက်ရှိသည်ကို အသိအမှတ်ပြု ပြောကြားလိုကြောင်း၊ ထိုသို့ထမ်းဆောင်နိုင်ခြင်းသည် တပ်မတော်(လေ)၏ အဓိက မဏ္ဍိုင်ကြီး ၃ ရပ်ဖြစ်သည့်ပျံသန်းရေးကဏ္ဍမှ လေသူရဲနှင့် လေယာဉ်သားများ၊ စက်မှု လက်မှုကဏ္ဍမှ အင်ဂျင်နီယာနှင့် ကျွမ်းကျင်ပညာသည်များ၊ အုပ်ချုပ်ရေးကဏ္ဍမှ အုပ်ချုပ်ထောက်ပံ့မှုနှင့် ရုံးလုပ်ငန်းဆိုင်ရာ ပညာသည်များနှင့် စာရေးများ ဟန်ချက်ညီ ပူးပေါင်း လုပ်ဆောင်ခဲ့ကြခြင်းကြောင့်ဖြစ်ကြောင်း၊ လာမည့်အနာဂတ်တွင်လည်း ယနေ့ တပ်တော်ဝင်ပေးမည့် လေယာဉ်/ ရဟတ်ယာဉ်များကို စနစ်တကျ ကျွမ်းကျင် ပိုင်နိုင်စွာအသုံးချ၍ ဟန်ချက်ညီပူးပေါင်းကြိုးစားလုပ်ဆောင်ပြီး လုပ်ငန်း တာဝန်များ ကို ကျေပွန်အောင် ထမ်းဆောင်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

ယနေ့တပ်တော်ဝင်ပေးလိုက်သည့် လေယာဉ်/ ရဟတ်ယာဉ်များကို မြတ်နိုး တန်ဖိုးထားပြီး ကျွမ်းကျွမ်းကျင်ကျင် ထိထိရောက်ရောက် ပျံသန်းကိုင်တွယ် အသုံးပြု ထိန်းသိမ်းပြီး စွမ်းရည်အဆင့်အတန်းမြင့်မားသည့် လေတပ်မတော်တစ်ခုဖြစ်ကြောင်း သက်သေပြကြရန်၊ နိုင်ငံတကာဆက်ဆံရေး၊ ပထဝီနိုင်ငံရေးဆိုင်ရာ ဖြစ်ပေါ် ပြောင်းလဲ လာမှုများနှင့် သိပ္ပံနှင့်နည်းပညာ အဆင့်မြင့်တိုးတက်လာမှု အခြေအနေများကို စဉ်ဆက်မပြတ် လေ့လာသုံးသပ်ဖော်ထုတ်ပြီး တပ်မတော်(လေ)၏ တိုက်စွမ်းအား အစဉ်ထိရောက်မြင့်မားနေအောင် ကြိုးပမ်းတီထွင်လုပ်ဆောင်သွားကြရန်၊ ရရှိပိုင်ဆိုင် ထားပြီးဖြစ်သည့် လေကြောင်းစွမ်းအား အရင်းအမြစ်များကို အထိရောက်ဆုံး အသုံးချ နိုင်စေရေးစဉ်ဆက်မပြတ် လေ့ကျင့်ခြင်း၊ သုတေသနပြု စမ်းသပ်တီထွင်ထုတ်လုပ်ခြင်း၊ အလဟဿ ဆုံးရှုံးပျက်စီးထိခိုက်မှုမရှိအောင် အလေးထား လုပ်ဆောင်ခြင်း စသည့် လုပ်ငန်းစဉ်များကို ပျံသန်းရေး၊ စက်မှုလက်မှုနှင့် အုပ်ချုပ်ရေးမဏ္ဍိုင်ကြီး ၃ ရပ် ပေါင်းစပ်ညှိနှိုင်းကာ တာဝန်ရှိသူ အဆင့်ဆင့်က အလေးထားကြပ်မတ်စီမံ လုပ်ဆောင် ကြရန်၊ တပ်မတော်၏ကောင်းမြတ်သည့် အစဉ်အလာများကို အသက်နှင့်ထပ်တူ ထိန်းသိမ်းစောင့်ရှောက်ပြီး ကမ္ဘာတည်သရွေ့ မြန်မာတည်အောင် ဝိုင်းဝန်းကြိုးပမ်း လုပ်ဆောင်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

          ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် က လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင် အခမ်းအနားနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြသည်။

          ယင်းနောက် စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်က လေယာဉ်၊ ရဟတ်ယာဉ်များအား တပ်တော်ဝင်အဖြစ် ကြေညာသည်။

          ၎င်းနောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က လေယာဉ်များ တပ်တော်ဝင်အထိမ်း အမှတ်လေယာဉ်ပုံစံငယ်ကို  ဂါရဝပြု ပေးအပ်သည်။

          ထို့နောက် လေယာဉ်၊ ရဟတ်ယာဉ်များ သရုပ်ပြအုပ်ဖွဲ့ပျံသန်းအလေးပြုခြင်းနှင့် စွမ်းရည်ပြသခြင်းများကို ဆောင်ရွက်ရာ Mi-17 ရဟတ်ယာဉ် ၄ စီး Eurocopter ရဟတ် ယာဉ် ၂ စီး တို့က Composite Formation ပုံစံဖြင့်လည်းကောင်း ၊ Bell – 206 ရဟတ် ယာဉ် ၂ စီး၊ H-125 ရဟတ် ယာဉ် ၂ စီး တို့က Composite Box Formation ပုံစံဖြင့်လည်းကောင်း၊ MTX-1B ကင်းထောက်လေယာဉ် ၁ စီး၊ MTX-A ကင်းထောက်လေယာဉ် ၁ စီး နှင့် Grob-120 TP အမောင်းသင်လေယာဉ် ၁ စီး တို့က Trail Formation ပုံစံဖြင့်လည်းကောင်း၊ ATR-72 သယ်ယူပို့ဆောင်ရေးလေယာဉ် ၁ စီး၊ Beech-1900D သယ်ယူပို့ဆောင်ရေးလေယာဉ် ၂ စီး တို့က Composite Arrow Head Formation ပုံစံဖြင့်လည်းကောင်း ၊ K-8 ဂျက်တိုက်လေယာဉ် ၄ စီး တို့က Box Formation ပုံစံဖြင့်လည်းကောင်း၊ MiG-29 ဘက်စုံသုံး ဂျက်တိုက် လေယာဉ် ၅ စီးက Arrow Head Formation ပုံစံဖြင့်လည်းကောင်း၊ Su-30 SME ဘက်စုံသုံး အကြီးစား ဂျက်တိုက်လေယာဉ် ၃ စီးက Arrow Head Formation ပုံစံဖြင့်လည်းကောင်း အသီးသီး သရုပ်ပြပျံသန်းကြသည်။

          ထို့နောက် စတုတ္ထမျိုးဆက်လွန် ဘက်စုံသုံး အကြီးစားတိုက်လေယာဉ်ဖြစ် သည့် Su-30 SME တိုက်လေယာဉ် ၂ စီးဖြင့် ပျံသန်းအလေးပြုပြီး ၎င်းတိုက်လေယာဉ်၏ အဆင့် မြင့် လှုပ်ရှားစစ်ကစားမှု (High Performance Maneuver) များအား စွမ်းရည်ပြ ပျံသန်း ခြင်းများ ဆောင်ရွက်သည်။

          ထိုသို့စွမ်းရည်ပြသရာတွင် Su-30 SME တိုက်လေယာဉ် ၂ စီးက Combat Turn Maneuver ဟုခေါ်သည့် မြေပြင်တွင် ရှိသည့် ပစ်မှတ်အား ပစ်ခတ်၍ တန်ပြန်ပစ်ခတ် ခြင်း မခံရစေရေးအတွက် ဦးတည်ရာ အရပ်၏ ဆန့်ကျင်ဘက်သို့ ရုတ်ခြည်းပြန်လည် လှည့်ထွက်ပျံသန်းခြင်းဖြင့် ဦးစွာ သရုပ်ပြ ပျံသန်းသည်။

          ယင်းနောက် Su-30 SME တိုက်လေယာဉ် ၁ စီးက ရှေ့မှ ပျံသန်းနေသည်ကို Su-30 SME တိုက်လေယာဉ် ၁ စီးက နောက်မှလိုက်၍ Barrel Roll Maneuver ဟုခေါ် သည့် လေယာဉ်၏ မူလဦးတည်ရာ အရပ်မျက်နှာပြောင်းလဲခြင်းမရှိဘဲ ဒုံးများ၊ ကျည်ဆံ များ ပစ်ခတ်ခံရမှုမှ လျှင်မြန်စွာ ရှောင်ရှားသည့် စစ်ကစားမှုပုံစံဖြင့် ပျံသန်းသရုပ်ပြ ခြင်းဖြင့် သရုပ်ပြ ပျံသန်းသည်။

          ထို့နောက် Su-30 SME တိုက်လေယာဉ် ၁ စီး သည် သာမာန်ဂျက်တိုက် လေယာဉ်များ မပြုလုပ်နိုင်သည့် ပျံသန်းမှုအမျိုးအစား ဖြစ်သော High AOA Loop Maneuver ပုံစံဖြင့်လည်းကောင်း၊ Trail Slide Maneuver ဟုခေါ်သော လေယာဉ်အား အပေါ်သို့ဒေါင်လိုက်ပျံတက်ပြီး အမြန်နှုန်း Zero သို့လျှော့ချကာ အောက်သို့ ဒေါင်လိုက် ပြန်လည်လျှောကျသည့် ပျံသန်းမှုပုံစံဖြင့်လည်းကောင်း၊ Vertical Roll Maneuver ဟုခေါ်သည့် ရန်သူ၏ရေဒါခြေရာခံမှုမှ လျင်မြန်စွာရှောင်ရှားနိုင်ရန်နှင့် ရုတ်ခြည်းအမြင့် ပေရရှိလိုသည့် အခြေအနေမျိုးတို့တွင် အသုံးပြုသည့် စစ်ကစားမှုပုံစံဖြင့်လည်းကောင်း

 သရုပ်ပြပျံသန်းသည်။

          ယင်းနောက် MiG-29 ဘက်စုံသုံး ဂျက်တိုက်လေယာဉ် ၅ စီးက ရှုရပ်၏ ရှေ့တည့် တည့်မှ ပျံသန်းဝင်ရောက်ပြီး Fan Brake ပုံစံဖြင့် ပျံသန်းသရုပ်ပြသည်။

          ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တပ်တော်ဝင်လေယာဉ်၊ ရဟတ်ယာဉ်များအား အမွှေးနံ့သာရည်များပက်ဖျန်းပေးကြသည်။ ၎င်းနောက် တပ်တော်ဝင်လေယာဉ် ၊ ရဟတ်ယာဉ်များအား လှည့်လည်ကြည့်ရှုကြပြီး အမှတ်ရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။

          ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် တပ်မတော်(လေ) ၁၅ နှစ်တာကာလ တိုးတက်ပြောင်းလဲမှု ပြခန်းအတွင်း ခင်းကျင်းပြသထားသည့် ပြခန်းများ ကို ပြကွက်တစ်ခုချင်းစီအလိုက် လှည့်လည်ကြည့်ရှုကြသည်။

          ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်သည်သရုပ်ပြအုပ်ဖွဲ့ပျံသန်းမှုတွင် ပါဝင်သော လေသူရဲများ အား ဂုဏ်ပြုနှုတ်ဆက်စကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။