အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်တည်ငြိမ်ရေးနှင့် တရားဉပဒေ စိုးမိုးရေးလုပ်ငန်းများကို အနှောင့်အယှက်ဖြစ်စေရန်၊ အရပ်သားပြည်သူများအား ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်ပေါ်စေရန်အတွက် အကြမ်းဖက်မှုလုပ်ရပ်များကို နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်လျက်ရှိကြရာ နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ သရက်မြို့ရှိ သရက်-ကံမကားလမ်းအတိုင်း အရပ်သားပြည်သူ များ မောင်းနှင်လာသည့် မော်တော်ယာဉ်အား PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် မော်တော်ယာဉ်ပေါ်ရှိ အပြစ်မဲ့ပြည်သူ အမျိုးသား ၂ ဦး မီးလောင်သေဆုံးခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်မြို့နေ ဦးကျော်လွင် (၄၅) နှစ် မောင်းနှင်၍ သရက်မြို့နေ ဦးခင်မောင်ဦး (၅၈)နှစ် လိုက်ပါလာသည့် Toyota Hilux Double Cab အမျိုးအစား မော်တော်ယာဉ်အမှတ် 4S/--------- သည် နိုဝင်ဘာ ၆ ရက် နံနက် ၆ နာရီ ၃၀ မိနစ် ခန့်တွင် သရက်မြို့၏ အနောက်တောင်ဘက် မီတာ ၁၈၀၀၀ ခန့်အကွာရှိ သရက်-ကံမ လမ်း အတိုင်းမောင်းနှင်လာစဉ် ပါးပွတ်ကျေးရွာလမ်းပေါက်အနီးသို့အရောက်၌ PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ မိုင်းပေါက်ကွဲမှုကြောင့် မော်တော်ယာဉ် မီးလောင်၍ ယာဉ်ပေါ်ပါ အရပ်သားပြည်သူ အမျိုးသား ၂ ဦးမှာ မီးလောင်သေဆုံးခဲ့ကြောင်း သိရှိရသည်။
အဆိုပါဖြစ်စဉ်ဖြစ်ပွားရာလမ်းကြောင်းတစ်လျှောက်အား လုံခြုံရေးတပ်ဖွဲ့ဝင် များက လိုအပ်သည့်မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးအတွက် ဒေသခံ ပြည်သူများနှင့် ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းများ ဆက်လက်တိုးမြှင့်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
