အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ပဲခူး-မော်လမြိုင်ရထားလမ်းပိုင်းအတွင်း ဘီးလင်းမြို့နယ်၊ သိမ်ဆိပ်နှင့် ဒုံဝန်း ဘူတာအကြား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသဖြင့် ကျောက်ရထား လမ်းချော်ကျမှုဖြစ်ပွား၊ ရထားလမ်းပိုင်းအား ယာယီပိတ်ထားရ နိုဝင်ဘာ ၇

Friday, November 7, 2025 - 16:30

          နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုနှင့် ပြည်သူလူထုဘဝ အေးချမ်းသာယာ၍ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုတို့ကို မလိုလားသည့် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့များသည် ပြည်သူလူထု၏ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှု အခက်အခဲများဖြစ်ပေါ်စေရန် ရည်ရွယ်၍ လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများကို ဆင်ခြင်တုံ တရားမဲ့စွာ လုပ်ဆောင်လျက်ရှိကြရာ နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းတွင် အကြမ်းဖက် သောင်းကျန်းသူများသည် သဲဖြူကုန်းမှ သီလဝါသို့ ပြေးဆွဲသည့် အမှတ်(၆၈၆)အစုန် ကျောက်ရထားအား ပဲခူး-မော်လမြိုင် ရထားလမ်းပိုင်းအတွင်း သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာ အကြား၌ မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း မြန်မာ့မီးရထားမှ သိရှိရသည်။

          မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် သိမ်ဆိပ်ဘူတာမှ နိုဝင်ဘာ ၆ ရက် နံနက် ၈ နာရီ ၁၂ မိနစ်တွင် ထွက်ခွာလာခဲ့သော သဲဖြူကုန်းမှ သီလဝါသို့ ပြေးဆွဲသည့် အမှတ်(၆၈၆)အစုန် ကျောက် ရထားသည် နံနက်  ၈ နာရီ ၁၅ မိနစ်ခန့်တွင် ပဲခူး-မော်လမြိုင် ရထားလမ်းပိုင်းအတွင်း သိမ်ဆိပ် ဘူတာနှင့် ဒုံဝန်းဘူတာအကြား၊ မိုင်တိုင် အမှတ် ၁၂၅/ ၁၉-၁၈ သို့ ရောက်ရှိစဉ် အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များက မိုင်းထောင်ဖောက်ခွဲခဲ့ရာ စက်ခေါင်းရှေ့ မိုင်းကာတွဲ အပါအဝင် စက်ခေါင်းနှင့် စက်ခေါင်းနောက်ကပ်လျက်တွဲ(၃)တွဲ လမ်းချော်ကျမှု ဖြစ်ပွားခဲ့သဖြင့် သိမ်ဆိပ်နှင့် ဒုံဝန်းအကြား ရထားလမ်းပိုင်းအား ယာယီပိတ်ထားခဲ့ရကြောင်း သိရှိရသည်။

မိုင်းပေါက်ကွဲမှုဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နယ်မြေဒေသတာဝန်ရှိသူ များက ယနေ့နံနက်ပိုင်းတွင် နယ်မြေရှင်းလင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး လမ်းပိုင်းအား အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မြန်မာ့မီးရထားဝန်ထမ်းများက လမ်းချော်ကျသော တွဲဆိုင်းများအား ရှင်းလင်းဖယ်ရှားခြင်း၊ ပြတ်တောက်သွားသော သံလမ်းအား ဖြတ်တောက်လဲ လှယ်၍ အစားထိုးတပ်ဆင်ခြင်းနှင့် လမ်းပြုပြင်ခြင်းများကို အမြန်ဆုံးပြုပြင်ခြင်းများ ဆောင်ရွက် လျက်ရှိကြောင်းသိရှိရသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မှ ရန်ကုန်သို့ စတင်ထွက်ခွာမည့် အမှတ်(၈၂)အစုန် လူစီးအမြန်ရထားသည် မော်လမြိုင်ဘူတာမှ မထွက်ခွာမီ ဖျက်သိမ်းခဲ့ရပြီး ရန်ကုန်မှ မော်လမြိုင်သို့ ယနေ့နံနက် ၈ နာရီတွင် စတင်ထွက်ခွာခဲ့သည့် အမှတ် (၈၁)အဆန် လူစီးအမြန်ရထားသည့် ဝေါဘူတာသို့ နံနက် ၉ နာရီ ၂၃ မိနစ်တွင် ရောက်ရှိချိန်၌ ခရီးစဉ်အား ရန်ကုန်သို့ နံနက် ၁၀ နာရီခွဲအချိန်တွင် ပြန်လည်ထွက်ခွာခဲ့ရကြောင်း၊ ထို့အတူ ပဲခူး-မော်လမြိုင်ရထားလမ်းပိုင်း အတွင်းပြေးဆွဲလျက်ရှိသည့် အမှတ်(၃၃၃)အစုန် ကျောက်ရထား သည် နိုဝင်ဘာ ၆ ရက် ညနေ ၅ နာရီ ၃၀ မိနစ်နှင့် အမှတ်(၆၈၈)အစုန် ကျောက်ရထားသည် ယနေ့ နံနက် ၈ နာရီ ၅ မိနစ်တွင် သထုံဘူတာ၌လည်းကောင်း၊ အမှတ်(၆၈၃)အဆန် တွဲလွတ် ရထားသည် ယနေ့နံနက် ၈ နာရီ ၅၅ မိနစ်တွင် မရမ်းကုန်း ဘူတာ၌လည်းကောင်း၊ အမှတ်(၂၇၁)အဆန် တွဲလွတ်ရထားသည် ယနေ့နံနက် ၉ နာရီ ၂၀ မိနစ်တွင် ကျိုက်ထိုဘူတာ ၌လည်းကောင်း အသီးသီး ရောက်ရှိ ရပ်နားထားကြောင်းသိရှိရသည်။

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခု အချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေ အတွင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း(၈၃)ကြိမ်၊ ရထားတံတား/သံလမ်းများအား မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီးခြင်း(၁၇၈)ကြိမ်၊ ဘူတာအဆောက်အအုံနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ ဖျက်ဆီးခြင်း(၁၆)ကြိမ် ကျူးလွန်ခဲ့ကြပြီး နိုင်ငံတော်ပိုင်ရထားစက်ခေါင်းနှင့် တွဲများ၊ ရထားလမ်း နှင့် တံတားများ၊ ခရီးသည်များနှင့် ကုန်စည်များ ထိခိုက်ပျက်စီးဆုံးရှုံးစေရေး၊ ရထားစီး ခရီးသွား ပြည်သူများအနေဖြင့် ရထားဖြင့်ခရီးသွားလာရာတွင် ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီး အသက် အန္တရာယ်ကင်းရှင်းစွာနှင့် လုံခြုံစိတ်ချစွာ သွားလာနိုင်မှုမရှိစေရေးအတွက် ရည်ရွယ်၍ ယခုကဲ့သို့ အကြိမ်ကြိမ်ကျူးလွန်ဖျက်ဆီးနေကြခြင်းဖြစ်သော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် အများ ပြည်သူ ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့မြန်ဆန်စေရေးအတွက် ရထား လမ်းနှင့်အခြေခံအဆောက်အအုံများ ပိုမိုတိုးတက်ကောင်းမွန်လာစေရေးနှင့် ရထားပို့ဆောင်ရေး စနစ် အဆင့်မြှင့်တင်ရေးစီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ အစဉ်တစိုက်အလေး ထား စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။