၂၀၂၅ ခုနှစ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော်(ကြည်း၊ ရေ၊ လေ) ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိ တပ်မတော်အားကစားရုံ (A) ရုံ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စား တပ်မတော်အားကစားနှင့် ကာယပညာအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် တက်ရောက်သည်။
အဆိုပါဖူဆယ်ပြိုင်ပွဲသို့ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး (ကြည်း၊ ရေ၊ လေ) ရုံး/ဌာနများမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ဖိတ်ကြား ထားသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စစ်တီးဝိုင်းအဖွဲ့က ကွင်းအတွင်းဝင်ရောက် နေရာယူပြီး စစ်ရေးပြမှူးကြီး ဦးဆောင်သော အားကစားအသင်း ၁၄ သင်းမှ အားကစားသမားများ နေရာယူကြသည်။ ထို့နောက် စစ်ရေးပြမှူးကြီးဦးဆောင်၍ အားကစားအသင်း ၁၄ သင်းမှ အားကစားသမားများက တပ်မတော် အားကစားနှင့် ကာယပညာအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ စစ်ရေးချုပ်အား အလေးပြုကြသည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စား တပ်မတော် အားကစားနှင့် ကာယပညာအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ စစ်ရေးချုပ်က အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် စစ်ရေးပြမှူးကြီး ဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။
ထို့နောက် တပ်မတော်အားကစားနှင့်ကာယပညာအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ စစ်ရေးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား ဖူဆယ်ပြိုင်ပွဲ ပထမအဆင့် အုပ်စုပတ်လည်ပြိုင်ပွဲအဖြစ် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းနှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင် ကစားနေမှုအား ကြည့်ရှုအားပေးကြရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စား ပြုအသင်းက အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းအား ( ၁၀ ) ဂိုး ( ၁ ) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
အဆိုပါ ၂၀၂၅ ခုနှစ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော် (ကြည်း၊ ရေ၊ လေ) ဖူဆယ်ပြိုင်ပွဲများအား နိုဝင်ဘာလ ၁၇ ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားကြ မည်ဖြစ်ကြောင်း သတင်းရရှိသည်။

