ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ကို စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပလျက်ရှိပြီး အဆိုပါပွဲတော်၌ မီးပုံးပျံ ပြိုင်ပွဲကြီးကို နေ့မီးနှင့် ညမီးဟူ၍ နှစ်မျိုးခွဲကာ ပြိုင်ပွဲများ ကျင်းပပေးလျက်ရှိသည်။ ယင်းမီးပုံးပျံပြိုင်ပွဲကြီးတွင် နေ့ပိုင်းအလှလွှတ် မီးပုံးပျံများသည် အများအားဖြင့် တိရစ္ဆာန်ရုပ်ပုံများဖြစ်ပြီး နေ့လွှတ်အရုပ်ပြိုင်ပွဲ၌ အရုပ်ခြေနှစ်ချောင်း၊ အရုပ်ခြေ လေးချောင်းများဖြစ်ကာ ညလွှတ်မီးပုံးပျံများ၌လည်း ညမီးကြီးနှင့် စိန်နားပန်ဟူ၍ နှစ်မျိုးရှိကြောင်း၊ ညမီးကြီးတွင် မီးပုံးပျံအောက်ဆွဲ၌ ယမ်းခွေများ ပါဝင်ပြီး မီးပုံးပျံ ပျံတက်သည့်ကာလအတွင်း မီးရှူးမီးပန်းများ ပစ်လွှတ်ကာ ညမြင် ကွင်းကို အလှဆင်ကြကြောင်းနှင့် စိန်နားပန်သည် မီးပုံးပျံအပြင် ကိုယ်ထည်ပေါ်နှင့် အောက်ဆွဲ၌ မီးပုံးအရောင် အမျိုးမျိုးနှင့် ရုပ်ပုံများ၊ စာလုံးများကို ပုံဖော်ကာ လွှတ်တင် ကြသည့် မီးပုံးအမျိုးအစားဖြစ်ကြောင်း သိရှိရပြီး အဆိုပါပွဲတော်ကြီးသို့ အနယ်နယ် အရပ်ရပ်မှ မိဘပြည်သူများက အေးချမ်းပျော်ရွှင်စွာဖြင့် ပါဝင်ဆင်နွှဲလျက်ရှိသည်။
ယခုနှစ်တွင် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို အောက်တိုဘာလ ၂၉ ရက်မှစတင်၍ တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်းတွင် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပလျက်ရှိရာ တောင်ကြီးမြို့ပေါ်ရပ်ကွက်များမှ ပြိုင်ပွဲဝင်အသင်းများ၊ ကုမ္ပဏီအသင်းအဖွဲ့များမှ ပြိုင်ပွဲဝင်အသင်းများနှင့် တောင်ကြီးမြို့အနီးဝန်းကျင် မြို့၊ ရွာများမှ ပြိုင်ပွဲဝင်အသင်းများက အတီးအမှုတ်၊ အကအခုန်များနှင့် ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင် လွှတ်တင်လျက်ရှိကြရာ အနယ်နယ်အရပ်ရပ်မှ မိဘပြည်သူများက အေးချမ်းပျော်ရွှင်စွာဖြင့် ပါဝင်ဆင်နွှဲလျက်ရှိပြီး နေ့စဉ် ၂၅၀၀၀၀ ဦးခန့် လာရောက် ကြည့်ရှုကြကြောင်း သိရှိရသည်။
အဆိုပါ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကြီးတွင် ညမီးကြီး ၂၂ ပေ ၂၅ လုံး၊ ၂၅ ပေ ၁၈ လုံး၊ စိန်နားပန် ၁၈ ပေ ၃၇ လုံး၊ စုစုပေါင်း အလုံး ၈၀၊ နေ့လွှတ်အရုပ် မီးပုံးပျံ အရုပ်ခြေနှစ်ချောင်း ၁၉၃ လုံး၊ အရုပ်ခြေလေးချောင်း ၉၃ လုံး၊ အရုပ်အုပ်စု ၇၅ လုံး၊ စုစုပေါင်း ၃၆၁ လုံး ပါဝင်ယှဉ်ပြိုင် သွားမည်ဖြစ်ပြီး ညလွှတ်မီးပုံးပျံကို ည ၆ နာရီခွဲမှ ပွဲစဉ်ပြီးဆုံးသည်အထိ လွှတ်တင် သွားမည်ဖြစ်ကာ နေ့လွှတ်အရုပ်ပြိုင်ပွဲကို မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအထိ နေ့ရက်အလိုက် လွှတ်တင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် ခေတ်ပေါ်တေးဂီတတီးဝိုင်းများ၊ တိုင်းရင်းသားရိုးရာ အကအလှများ ဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ မြို့လုံးကျွတ် ဘုံကထိန် ပဒေသာပင်လှည့်လည်ခြင်း၊ မသိုးသင်္ကန်း ရက်လုပ်ပူဇော်ခြင်း၊ မီးပဒေသာ လှည့်လည်ပူဇော်ခြင်းများ ဆောင်ရွက် ကြသည်။
ရှမ်းပြည်နယ်၏ အထင်ကရပွဲတော်တစ်ခုဖြစ်သည့် တောင်ကြီးတန်ဆောင် တိုင်မီးပုံးပျံပွဲတော်ကို အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သော်လည်း လက်ရှိမိုးလေဝသ ရာသီဥတုအခြေအနေများ ကြောင့် ပွဲတော်ရက်အား ၃ ရက်တိုးကာ နိုဝင်ဘာလ ၈ ရက်အထိ ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။










