မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ လာရောက် ဖူးမြော် ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူဘုရားဖူးပြည်သူများအနက်ဦးရေ ၃ သန်း ပြည့် မြောက်သည့် ဘုရားဖူးလာ ဆရာတော်အားဓမ္မလက်ဆောင်ပစ္စည်းများ ဂုဏ်ပြု ဆက်ကပ်လှူဒါန်း နေပြည်တော်၊ ၂၀၂၅ နိုဝင်ဘာ -၄

Tuesday, November 4, 2025 - 18:15

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံ တော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား ရဟန်း၊ ရှင်လူ အများပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့မှစ၍ စတင်ခွင့်ပြုပေးခဲ့ရာ ပြည်တွင်းပြည်ပမှ ဘုရားဖူးလာရောက်သူများဖြင့် နေ့စဉ်မပြတ်စည်ကားလျက်ရှိသည်။

ထိုသို့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ ရဟန်း၊ ရှင်လူ အများပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရန် စတင်ဖွင့်လှစ်ပေးခဲ့သည့်နေ့မှစ၍ ဘုရားဖူးပြည်သူအများအပြား နေ့စဉ်လာရောက်ဖူးမြော်ကြည်ညိုကြရာ ယနေ့ ၂၀၂၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ တွင် ဘုရားဖူးလာသူပြည်သူများအနက်မှ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ မရွေးရွာ ဘုန်းတော်ကြီးကျောင်းတိုက် မှ သက်တော် ၃၉ နှစ်၊ ဝါတော် ၁၉ ဝါ ရှိ ဦးစီးပဓာနဆရာတော် ဘဒ္ဒန္တ ကုဝေရ သည် ဦးရေ ၃ သန်းပြည့် မြောက်သည့် ကံထူးသည့် ဆရာတော်တစ်ပါးဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကြသူများ အနက် ဦးရေ ၃ သန်းပြည့်မြောက်သူအဖြစ် လာရောက်ဖူးမြော်သည့် ဆရာတော်နှင့် ဆွေမျိုးများအား ဘုရားကြီးဂေါပကအဖွဲ့မှ တာဝန်ရှိသူများက ဘုရားကြီးမုဒ်ဦးတွင် ကြိုဆိုနှုတ်ဆက်ကြပြီး မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓဥယျာဉ် အတွင်းရှိ ကျောက်စာရုံ စေတီတော်များ၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်၊ ဂန္ဓကုဋိတိုက် များ၊ မုစလိန္ဒကန်၊ နဂါးရုံဘုရား၊ မာရဝိဇယကျောင်းတော်၊ သုဓမ္မာဇရပ်များအား လှည့်လည်ဖူးမြော် ကြည်ညိုကြသည်။

ယင်းနောက် ယာယီရှင်းလင်းဆောင်၌ ဘုရားဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မာရဝီဇယရုပ်ပွားတော်မြတ်ကြီးနှင့် သာသနိကအဆောက်အအုံများ တည်ထားကိုးကွယ်မှု ဆိုင်ရာများနှင့် ဦးရေ ၃ သန်းမြောက် ဘုရားဖူးလာ ဆရာတော်ဖြစ်လာရသည့် အကြောင်း အရင်းအား ရှင်းလင်းပြောကြားသည်။ ၎င်းနောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှုအရ ဘုရားဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဦးရေ ၃ သန်းမြောက် ဘုရားဖူးလာ ဆရာတော်အား ဉာဏ်တော် ၉ လက်မ အမြင့်ရှိသော စကျင်ကျောက်ဖြင့် ထုဆစ်ထားသည့် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး ပုံတော်တူ ဆင်းတုတော်တစ်ဆူ၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မှန်ပေါင်သွင်း ဓာတ်ပုံတစ်ပုံ၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် သာသနိက အဆောက် အဦများ ဆိုင်ရာ သမိုင်းကြောင်းပါဝင်သည့် CD တစ်ချပ်နှင့် ပါဠိ၊ ရိုမန် အက္ခရာနှစ်မျိုးတို့ဖြင့် ပြုစုထားသော ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ပါဠိတော် ၅၃ကျမ်း (၄၀)အုပ်တစ်စုံတို့ကို အမှတ်တရ ဓမ္မလက်ဆောင်အဖြစ် ဂုဏ်ပြုဆက်ကပ်လှူဒါန်းခဲ့ ကြောင်း သိရှိရသည်။

မာရဝိဇယရုပ်ပွားတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကြသူများအနက် ဦးရေ     ၃ သန်းပြည့်မြောက်သူ ဘုရားဖူးလာ ဆရာတော် ၏ ကြည်နူးပီတိ စကားသံများကိုလည်း ယခုလို ကြားသိရပါတယ်။

ဆရာတော် ဘဒ္ဒန္တကုဝေရ (သုံးသန်းမြောက်ဘုရားဖူးကံထူးရှင်)

ဦးဇင်းက သာစည်မြို့နယ်၊ မရွေးကျေးရွာ၊ မရွေးကျောင်းတိုက်က လာရောက် ဖူးမြော် ကြည်ညိုတာဖြစ်ပါတယ်။ မမျှော်လင့်ဘူးလေ။ ဦးဇင်းရဲ့ ဒကာ၊ ဒကာမတွေကို ဘုရားဖူးသီးသန့်ပဲ လိုက်ပို့တဲ့အချိန်မှာ အခုလိုမျိုး ဦးဇင်းက ဘုရားဖူးကုသိုလ်ရှင် သုံးသန်းမြောက် ကံထူးခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ ဦးဇင်းပေးချင်တဲ့ ဓမ္မ လက်ဆောင်ကတော့ “မကောင်း မှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား” တဲ့။ မကောင်းမှုတွေကို ရှောင်ရမယ်၊ ကောင်း မှုတွေကို ဆောင်ရမယ်၊ စိတ်ကို ဖြူစင်အောင် ထားရပါမယ်။ နေပြည်တော်ကို အလည် လာရင်းလည်းပဲ ဦးဇင်းက ဒီဘုရားကြီးကို ရောက်ဖြစ်တယ်။ ဘာလို့လာတာလဲဆိုရင် ဘုရားကြီး ကို ဖူးလိုက်ရတာနဲ့ အလိုလိုကို စိတ်ချမ်းသာတယ်။ ပီတိတွေ ဖြစ်တယ်။ ဒါကြောင့်မို့လို့ ဦးဇင်းက နေပြည်တော် လာတိုင်းလာတိုင်းလည်း ဒီဘုရားကြီးကို ဖူးဖြစ်ပါတယ်။