ရှေ့တန်းစစ်မျက်နှာများတွင် ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ပြီး အောင်ပွဲအလီလီ ရယူနိုင်ခဲ့သော အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုကြိုဆို ခြင်းကို ယနေ့နံနက်ပိုင်းတွင် နယ်မြေခံတပ်၌ ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ညွှန့်ဝင်းဆွေ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက အောင်သပြေခက်ကမ်း၍ ပန်းကုံးစွပ်ပြီး အိုးစည် ဒိုးပတ်၊ အတီး အမှုတ်အက အခုန်များဖြင့် သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ ကြသည်။
ထို့နောက် အောင်ပွဲရ ရှေ့တန်းပြန်တပ်မတော်သားများအား ဂုဏ်ပြုတွေ့ဆုံပွဲ ကို ဘားအံမြို့၊ နယ်မြေခံတပ်ခန်းမ၌ ပြုလုပ်ရာ ဒုတိယဗိုလ်ချုပ်ကြီး ညွှန့်ဝင်းဆွေနှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးတို့က အောင်ပွဲရ ရှေ့တန်းပြန်တပ်မတော်သား များအား ဂုဏ်ပြုအမှာစကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။
၎င်းနောက် ဒုတိယဗိုလ်ချုပ်ကြီးညွှန့်ဝင်းဆွေနှင့် ကရင်ပြည်နယ်ဝန်ကြီးချုပ် တို့သည် အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများနှင့်အတူ ဂုဏ်ပြုနေ့လည်စာကို အတူတကွသုံးဆောင်ခဲ့ကြသည်။
အလားတူ နိုဝင်ဘာ ၃ ရက် ညနေပိုင်းတွင်လည်း ရှေ့တန်းစစ်မျက်နှာများတွင် ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ပြီး အောင်ပွဲအလီလီ ရယူနိုင်ခဲ့သော အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူး မြို့နယ်၊ အင်းတိုင်ကျေးရွာ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်း နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အနု ပညာရှင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြပြီး ရှေ့တန်းပြန်တပ်မတော်သား များအား အောင်သပြေခက်ကမ်း၍ ပန်းကုံးစွပ်ပြီး အိုးစည် ဒိုးပတ်၊ အတီး အမှုတ်အက အခုန်များဖြင့် သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သား များအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

