၂၀၂၅ ခုနှစ် အမျိုးသားစီမံကိန်းဝန်ကြီးဌာန ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ နေပြည်တော်၊ နိုဝင်ဘာ ၃

Monday, November 3, 2025 - 14:30

          ၂၀၂၅ခုနှစ် အမျိုးသားစီမံကိန်း ဝန်ကြီးဌာန ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်ပျဉ်းမနားမြို့၊ မစိုးရိမ်ကျောင်းတိုက်၊ ရွှေရည်လင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အမျိုးသားစီမံကိန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးညိုစောနှင့်ဇနီး ဒေါ်စမ်းစမ်းအေး ၊ ဒုတိယဝန်ကြီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ကြသည်။

အခမ်းအနားသို့ ပျဉ်းမနားမြို့၊ မစိုးရိမ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ရေဝတ အမှူးပြုသည့် ပင့်သံဃာတော်ဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပြီး  အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်၍ ဧည့်ပရိသတ်အပေါင်းတို့သည် မစိုးရိမ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ရေဝတ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် တော်မူသော ပရိတ်တရားတော်များကိုနာယူကြသည်။

ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် ပျဉ်းမနားမြို့၊ မစိုးရိမ်ကျောင်း တိုက် ဆရာတော်ထံ ကထိန်လျာသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများကို လည်းကောင်း၊ ကထိန်အလှူခံကျောင်းဖြစ်သော အောင်မင်္ဂလာကျောင်းတိုက် ဆရာတော်ထံ ကထိန်လျာသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများကိုလည်းကောင်း ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆရာတော် သံဃာတော်များထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို အသီးသီးဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက် အခမ်းအနားတက်ရောက်လာကြသည့် ဧည့်ပရိသတ် အပေါင်းတို့ သည် မစိုးရိမ်ကျောင်းတိုက် ဆရာတော်ထံမှ ကထိန်အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှူအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြကာ အခမ်းအနားကို  “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။