ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား နှောင့်ယှက်ဟန့်တား ဖျက်ဆီးလိုသည့်အနုပညာရှင် ၂ ဦးအား ဥပဒေနှင့်အညီအရေးယူဆောင်ရွက် နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်

Friday, October 31, 2025 - 15:00

            နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား အောင်မြင်စွာကျင်းပနိုင်ရေးဆောင်ရွက်လျက်ရှိရာ ရွေးကောက်ပွဲအပေါ် နည်းလမ်းမျိုးစုံဖြင့် နှောင့်ယှက်ဟန့်တားနိုင်မည့်အခြေအနေမှ ကာကွယ်တားဆီးနိုင်ရန် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပြဋ္ဌာန်းခဲ့ပြီး ဥပဒေလိုက်နာမှုမရှိသူများအား ထိထိရောက်ရောက် အရေးယူဆောင်ရွက်လျက်ရှိသည်။

            ထိုကဲ့သို့ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်တွင် “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများရွေးကောက်ပွဲအသိပညာပေးဇာတ်လမ်းနှင့် ဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင် ခဲ့သော အနုပညာရှင်များအား ပြည်ပရောက် အကြမ်းဖက်အဖွဲ့အစည်း အားပေးထောက်ခံသူများနှင့် တရားခံပြေးများမှ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် မဟုတ်မမှန်ဝေဖန်ရေးသားသည့်အပေါ် ထောက်ခံ ခဲ့ကြသည့် ဒါရိုက်တာ သက်လွင်(ခ)ဇမ္ဗူထွန်းသက်လွင်နှင့် ဒါရိုက်တာ အောင်ချမ်းလူ(ခ)အေးချမ်းအောင် တို့အား ၎င်းတို့၏နေအိမ်အသီးသီးမှ ဖမ်းဆီးရမိခဲ့သည်။

            ဖမ်းဆီးရမိသူများအား စိစစ်ဖော်ထုတ်ချက်အရ ၎င်းတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ တပ်မတော်မှ နိုင်ငံတော်တာဝန်ထမ်းဆောင်နေသည့်အပေါ် ထောက်ခံမှုမရှိ ခဲ့သည့်အပြင် မကြာမီကျင်းပရန်ရှိသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စေရေး အတွက်လည်း ၎င်းတို့တတ်ကျွမ်းသည့် အနုပညာကဏ္ဍမှ ပူးပေါင်းပါဝင်ခြင်းမရှိခဲ့ကြောင်း၊ ၎င်းအပြင် ရွေးကောက်ပွဲအောင်မြင်စေရေးအတွက် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်နေသည့် အနုပညာရှင် များအား ပြည်ပရောက်အကြမ်းဖက်အဖွဲ့အစည်းထောက်ခံသူများနှင့် တရားခံပြေးများမှ လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် ဝေဖန်ရေးသားသည့်အပေါ် ထောက်ခံအားပေးခဲ့ကြကြောင်း စိစစ်တွေ့ရှိရသည်။

            ထို့ပြင် ၎င်းတို့အနေဖြင့် ပြည်တွင်းတည်ငြိမ်အေးချမ်းမှုကိုမလိုလားသည့် ခေတ်သစ် မီဒီယာအပါအဝင် မီဒီယာအမည်ခံ အကြမ်းဖက်အားပေး ပြည်ပဩဇာခံအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ လူမှုကွန်ရက်စာမျက်နှာများ၌ မဟုတ်မမှန်လုပ်ကြံရေးသားဖော်ပြချက်များကိုလည်း အစဉ်တစိုက် ထောက်ခံ အားပေးလျက်ရှိသည်ကို စိစစ်တွေ့ရှိရသည်။

            သို့ဖြစ်ပါ၍ မီဒီယာအမည်ခံ အကြမ်းဖက်အားပေး ပြည်ပဩဇာခံအဖွဲ့အစည်းများနှင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပေါ် ပြည်သူလူထုမှအထင်အမြင် လွဲမှားစေရန်အတွက် လှုံ့ဆော်ရေးသားသူများအား ထောက်ခံအားပေးခဲ့ကြသည့် သက်လွင်(ခ)ဇမ္ဗူထွန်းသက်လွင်နှင့် အောင်ချမ်းလူ(ခ)အေးချမ်းအောင်တို့ ၂ ဦးအား ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေအပါအဝင် ပြစ်မှုဆိုင်ရာဥပဒေများဖြင့် ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို နှောင့်ယှက်ဟန့်တားလိုသူများအား မိဘပြည်သူများ၏ပူးပေါင်းပါဝင်မှုဖြင့် ဖော်ထုတ်အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။