ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
ခွင့်ပြုငွေများကို သတ်မှတ်ထားသည့်အချိန်အတွင်း၌ ထိထိရောက်ရောက်အကျိုးရှိရှိ သုံးစွဲပြီး ပြည်သူလူထုအကျိုးပြုလုပ်ငန်းများ ရုပ်လုံးပေါ်လာရန်လို
နေပြည်တော်၊ အောက်တိုဘာ - ၂၈
ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ၌ကျင်းပပြုလုပ်ရာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက အဖွင့် အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်း အဝေးတွင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေး နှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုများကို ဘဏ္ဍာရေးဆိုင်ရာကော်မရှင်က အတည်ပြုပေးရန်ဖြစ်ကြောင်း၊ အတည်ပြုပြီးပါက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းကို ပြည်ထောင်စု အစိုးရအဖွဲ့ကတစ်ဆင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကို ဆက်လက်ပေးပို့ တင်ပြအတည်ပြု ပြဋ္ဌာန်းသွားရမည် ဖြစ်ကြောင်း။
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေတွင် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ရုံး၊ ကျောင်း၊ ဆေးရုံ စသည့် အဆောက်အဦများ၊ အိမ်ရာများ ပြန် လည် ပြုပြင်ထိန်းသိမ်းရမည့်ကိစ္စရပ်များ၊ ပြန်လည်ထူထောင်ရေးကိစ္စရပ်များအတွက် အသုံးစရိတ်များနှင့် နိုင်ငံဖွံ့ဖြိုးမှုနှင့် ပြည်သူအကျိုးပြုလုပ်ငန်းများဖြစ်သည့် လမ်း၊ တံတား၊ ကျောင်း၊ ဆေးရုံ စသည့် အခြေခံအဆောက်အအုံလုပ်ငန်းများအတွက် အဓိက ထား ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးမှုများကို အမြန်ဆုံးပြင်ဆင်နိုင်ရေး ဆောင်ရွက်သည့်နေရာတွင် ဖြည့်စွက်ခွင့်ပြုငွေရရှိမည့်ကာလ နှင့် ဆောင်ရွက်နိုင်မည့် လုပ်ငန်းပမာဏကို ချင့်ချိန်ဆောင်ရွက်ရန်လိုကြောင်း။
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ဆုံးရှုံးမှုများအတွက် နိုင်ငံတော်ပိုင် အခြေခံ အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရန် အသစ်ဆောက်လုပ်ရန်နှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများအတွက် သုံးစွဲနိုင်ရန် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ပြည် ထောင်စုဝန်ကြီးဌာနများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် လျာထားခွင့်ပြုထား သည့် အသုံးစရိတ်များအနက်မှ “အထွေထွေပိုလျှံရန်ပုံငွေ”(GRF) သို့ ပြန်လည်အပ်နှံငွေ ကျပ် ၂၀၆၉ ဒသမ ၃၃၆ ဘီလီယံကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေထဲကိုလွှဲပြောင်းထည့်ပေးခဲ့ပြီးလည်းဖြစ်ကြောင်း၊ မိမိတို့အစိုးရက ချမှတ်ထား သည့် ဦးတည်ချက်များကို ဖော်ဆောင်နိုင်ရန်အတွက် ပြည်ထောင်စုအဆင့်အဖွဲ့အစည်း များ၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ကဏ္ဍအလိုက်၊ ဒေသအလိုက် ဦးစားပေးအစီအစဉ်များ ချမှတ်ပြီး အသုံးစရိတ်များကို စနစ်တကျ စိစစ်သုံးစွဲကြရန် လိုအပ်ကြောင်း။
“နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှု အားပေးစို့” ဆိုသည့် အမျိုးသားကာကွယ် ရေးနှင့်လုံခြုံရေးကောင်စီ၏ ဆောင်ပုဒ်အတိုင်း လက်တွေ့ကျသည့် ကုန်ထုတ်လုပ်မှုများ နှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အားပေးဆောင်ရွက်ပြီး ကျေးလက်စီးပွားနှင့် နိုင်ငံ့စီးပွားမြှင့်တင်ခြင်းဖြင့် ပြည်သူတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေး ကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်၏စီးပွားရေးကို လျင်မြန်စွာဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်သည့်နေရာတွင် စိုက်ပျိုးမွေးမြူရေးသည် မိမိတို့နိုင်ငံတွင်ရှိသည့် တိုင်းရင်းသားပြည်သူအများစု၏ အဓိကအသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်သကဲ့သို့ နိုင်ငံ့စီးပွားရေး၏ အသက်သွေးကြောလည်းဖြစ်သည့်အတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့်လည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် သက် ဆိုင်ရာကဏ္ဍအလိုက် ရန်ပုံငွေများကို ခွဲဝေချထားပေးပြီး နည်းလမ်းမျိုးစုံဖြင့် အားပေး လုပ်ဆောင်လျက်ရှိကြောင်း။
ဌာန၊ အဖွဲ့အစည်းများအနေဖြင့် မလွှဲမရှောင်သာသည့် အခြေအနေများကြောင့် မူလရည်မှန်းချက်အတိုင်း ဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် ဖြစ်ပေါ်လာသည့် ပိုလျှံငွေ များကို ဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန်မှ နောက်ကျပြီးအပ်နှံခြင်းမပြုဘဲ တတ်နိုင်သမျှ ဆောလျင်စွာ ပြန်လည်အပ်နှံကြရန် မှာကြားလိုကြောင်း၊ သို့မှသာ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး၊ ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးတို့ ဆောင်ရွက်ရန် လိုအပ်သည့်ဌာနများကို ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့် အညီ ဘဏ္ဍာရေးနှစ်အတွင်း အကျိုးရှိအောင် ပြန်လည်လွှဲပြောင်းသုံးစွဲခွင့်ပြုနိုင်မည် ဖြစ် ကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၏ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုနှင့် ပြည်ထောင်စုမှတိုင်းဒေသကြီး၊ ပြည်နယ်များကို ထပ်မံ ထောက်ပံ့ပေးရမည့် ထောက်ပံ့ငွေများ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နောက်ထပ်ဘဏ္ဍာ ငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတို့အပေါ်တွင် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်က ဆွေးနွေး အတည်ပြုပေးရန်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံ တော်ဝန်ကြီးချုပ် ဦးညိုစောက ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများနှင့် တိုင်း ဒေသကြီးနှင့် ပြည်နယ်များ၏ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုများကို အဆင့်ဆင့်စိစစ်ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများ၏ စားဝတ်နေရေး သက်သာချောင်လည်မှုကို အထောက်အကူဖြစ် စေရန် လက်ရှိထောက်ပံ့လျက်ရှိသည့် အပိုထောက်ပံ့ကြေးအပြင် ထပ်မံတိုးမြှင့် ထောက်ပံ့ ပေးခဲ့မှုအခြေအနေများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြု ငွေနှင့်လိုငွေအတွက် ပြည်ထောင်စုမှ ထောက်ပံ့ငွေနှင့် အခွန်ဝေစုများ ခွင့်ပြုဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အတွင်းရေးမှူး၊ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် က ၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အထွေထွေပိုလျှံရန်ပုံငွေမှ သုံးစွဲမည့် ကိစ္စရပ်များ၊ ဖြည့်စွက်ခွင့်ပြုငွေ စာရင်း၊ မူလခန့်မှန်းခြေငွေစာရင်း၊ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းနှင့် ပြည်ထောင်စု ၏နောက်ထပ် ဘဏ္ဍာငွေခွဲဝေ သုံးစွဲရေး ဥပဒေကြမ်းတို့ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုရှေ့နေချုပ်နှင့် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သီတာဦးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာ ငွေအရ အသုံးဆိုင်ရာဥပဒေမူကြမ်းနှင့် ၂၀၂၅-၂၀၂၆ ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာ ငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတို့နှင့်ပတ်သက်၍လည်းကောင်း၊ ပြည်ထောင်စုစာရင်း စစ်ချုပ် ဒေါက်တာ ခင်နိုင်ဦးက ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေငွေစာရင်း များနှင့်စပ်လျဉ်း၍ စစ်ဆေးတွေ့ရှိချက်များအရ အနာဂတ်ကာလတွင် ဆောင်ရွက်သင့် သည့် အချက်များကို လည်းကောင်း အကြံပြုဆွေးနွေးတင်ပြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များက ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ၊ ပြည်သူလူထု တို့မှ အဆိုပြုတောင်းခံထားသည့် လုပ်ငန်းရပ်များကဏ္ဍတို့တွင် အသုံးပြုနိုင်ရေးအတွက် ဖြည့်စွက် ခွင့်ပြုငွေများကို အသီးသီးတင်ပြကြသည်။
ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အတွင်းရေးမှူး၊ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဘဏ္ဍာရေးကော်မရှင်ကိစ္စရပ်များဖြစ်သည့် အသေးစိတ် ငွေလုံးငွေရင်းစာရင်းများ၊ သာမာန်ငွေစာရင်းများအား အဆင့်ဆင့်စိစစ်ခဲ့မှု၊ နောက်ထပ် ဘဏ္ဍာငွေသုံးစွဲရေးဥပဒေပြဋ္ဌာန်းနိုင်ရေး စိစစ်ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ က ဖြည့်စွက်အမှာစကားပြောကြားရာတွင် ဘဏ္ဍာငွေများကို နိုင်ငံ တော်နှင့်ပြည်သူလူထုအတွက် အကျိုးရှိမည့်နေရာများတွင် အသုံးချနိုင်ရန်လိုကြောင်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ အနေဖြင့် ဘတ်ဂျက်ရငွေများကို အမှန်တကယ်ရရှိအောင်နှင့် သုံးငွေများကို အမှန်တကယ် အကျိုးရှိ သည့် နေရာများတွင်သာ အသုံးပြုရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် ဖြည့်စွက်ခွင့်ပြုငွေများတင်ပြတောင်းခံရာတွင် အချိန်တိုကာလအတွင်း အမြန် ဆုံးအကျိုးဖြစ်စေမည့်လုပ်ငန်းများကို တင်ပြတောင်းခံသွားရန်လိုကြောင်း၊ ပိုလျှံ ရန်ပုံငွေများကို နိုင်ငံတော်အတွက် အမှန်တကယ်အကျိုးရှိမည့်နေရာများတွင် အသုံးချနိုင် ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့် ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုသော လုပ်ငန်းများနှင့် ပြည်သူလူထုတို့မှ တောင်းဆို သည့်နေရာများတွင် အမြန်ဆုံးလုပ်ငန်းဖော်ဆောင်သွားကြရန်လိုကြောင်း၊ နိုင်ငံတော်၏ ဘဏ္ဍာငွေများကို အကျိုးရှိရှိဖြင့်စနစ်တကျသုံးစွဲသွားရန်လိုကြောင်း၊ မည်သည့် လုပ်ငန်း ကို ဆောင်ရွက်သည်ဖြစ်စေ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြစ်စေရေး ဝန်ကြီးဌာနများအနေဖြင့် ကြပ်မတ်စစ်ဆေး ဆောင်ရွက်ကြစေလိုကြောင်း။
ပြည်သူလူထုအကျိုး၊ ဒေသအကျိုးနှင့် နိုင်ငံတော်အတွက်အကျိုးရှိမည့် လုပ်ငန်းရပ် များကို ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ လာမည့်ဘက်ဂျက်နှစ်တွင်လည်း အမှန် တကယ်ဆောင်ရွက်နိုင်မည့်လုပ်ငန်းရပ်များအတွက် ဘဏ္ဍာငွေများကို တင်ပြတောင်းခံ သွားရန်လိုပြီး သတ်မှတ်ကာလအတွင်း ခွင့်ပြုငွေများကို ထိထိရောက်ရောက် အကျိုးရှိရှိ အသုံးချသွားနိုင်ရန်လိုကြောင်း၊ ခွင့်ပြုငွေများကို မှန်မှန်ကန်ကန်ဖြင့် အကျိုးရှိရှိအသုံးချ နိုင်မည်ဆိုပါက နိုင်ငံတော်အတွက်လည်း အကျိုးရှိစေမည်ဖြစ်ကြောင်း၊ မိမိတို့၏ အချိန် နှင့်ငွေကြေးများကို အကျိုးရှိစွာ အသုံးချနိုင်မှုမရှိခြင်းသည် နိုင်ငံတော်အတွက် ထိခိုက်နစ် နာစေခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့သည့် နိုင်ငံ ရေး အကြပ်အတည်း၊ အခက်အခဲများ၊ ကပ်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြုံ တွေ့ခဲ့ရမှုများကို ကြံ့ကြံ့ခံ၍ ယနေ့အချိန်အထိ နိုင်ငံတော်ကို ကောင်းမွန်အောင် ဆောင် ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ဘဏ္ဍာရေးကော်မရှင်က ခွင့်ပြုပေးမည့် ဘဏ္ဍာငွေသည် ငွေ ရေးကြေးရေးတန်ဖိုးအရ တန်ဖိုးရှိသည်သာမက အချိန်သည်လည်း တန်ဖိုးရှိကြောင်း၊ ထို့ကြောင့် ဆက်လက်၍လည်း နိုင်ငံတော်အတွက် ကောင်းမွန်သည့်လုပ်ငန်းရပ်များကို ဖော်ဆောင်သွားကြရမည်ဖြစ်ပြီး အချိန်၊ ငွေကြေးနှင့် လုပ်ပိုင်ခွင့်များကို မှန်မှန် ကန်ကန် ဖြင့် အကျိုးရှိအောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ခွင့်ပြုငွေများကို သတ်မှတ်ထား သည့်အချိန်အတွင်း၌ ထိထိရောက်ရောက်အကျိုးရှိရှိသုံးစွဲပြီး ပြည်သူလူထုအကျိုးပြု လုပ်ငန်းများ ရုပ်လုံးပေါ်လာရန်လိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဦးတည်ချက် (၄)ရပ်နှင့်အညီ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကနှင့် အခြေခံ အုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရေး နိုင်ငံ တော်က အားပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံ သည့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကနေ ပြည်သူတို့၏ လူမှုစီးပွားဘဝကိုမြှင့်တင်ရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် ပြည်ပသွင်းကုန် အစားထိုးနိုင်ရေးအတွက် အသေးစား၊ အငယ် စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖြစ်သည့် MSME များ ဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရန် အမျိုးသားပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍများတွင် အလေးထားမြှင့်တင်ရေးတို့ကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ပေးကြစေလိုကြောင်း။
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဖြည့်စွက်ခွင့်ပြုငွေတွင် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ရုံး၊ ကျောင်း၊ ဆေးရုံစသည့် အဆောက်အဦများ၊ လမ်းများ၊ အိမ်ရာ များ ပြန်လည်ပြုပြင်ထိန်းသိမ်းရမည့် အသုံးစရိတ်များနှင့် ပြန်လည်ထူထောင်ရေး ကိစ္စရပ် များအတွက် အသုံးစရိတ်များကို အဓိကထားခွင့်ပြုပေးခဲ့ပြီး ဖြစ်ကြောင်း၊ ပြည်ထောင်စု အဆင့်ဝန်ကြီးဌာနများအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အရအသုံး ခန့်မှန်းခြေငွေ စာရင်းပါ လုပ်ငန်းအချို့ကို အကြောင်းအမျိုးမျိုးကြောင့် ဆောင်ရွက်နိုင်မှုမရှိသည့်အတွက် အဆိုပါ လုပ်ငန်းများ၏ အသုံးစရိတ်များကို “အထွေထွေပိုလျှံရန်ပုံငွေ” (GRF) သို့ အမြန် အပ်နှံကြရန်လိုကြောင်း၊ သို့မှသာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်ရေး၊ ကုန်ထုတ်လုပ်မှု တိုးမြှင့်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးတို့ ဆောင်ရွက်ရန် အတွက် ထပ်မံလိုအပ်သည့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများကို ပြန်လည်လွှဲပြောင်း သုံးစွဲခွင့်ပြုသွားမည် ဖြစ်ကြောင်း။
ထို့ပြင် နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများ၏ စားဝတ်နေရေး သက်သာ ချောင်လည်မှုရှိစေရန် လက်ရှိထောက်ပံ့ လျက်ရှိသည့် အပိုထောက်ပံ့ကြေးအပြင် ထပ်မံပြီး ကျပ် ၃၀,၀၀၀ ကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှစ၍ ခံစားခွင့်ပြုခဲ့ကြောင်း၊ ထိုကဲ့သို့ တိုးမြှင့်ခံစားခွင့်ပြုလိုက်သည့်အတွက် လိုအပ်လာသည့် အပိုထောက်ပံ့ကြေးများကို ဖြည့် စွက်ခွင့်ပြုငွေတောင်းခံခြင်း မပြုစေဘဲ မူလခွင့်ပြုငွေအတွင်း ရန်ပုံငွေလွှဲပြောင်းသုံးစွဲ ခြင်း ဖြစ်စေ၊ “အထွေထွေပိုလျှံ ရန်ပုံငွေ” (GRF) သို့ အပ်နှံပြီး ပြန်လည်လွှဲပြောင်း သုံးစွဲခြင်း ဖြစ်စေ ဆောင်ရွက်ပြီး အသားတင်ထပ်မံလိုငွေများကို ပြည်ထောင်စု၏ “အထွေထွေပိုလျှံ ရန်ပုံငွေ” (GRF) မှ လွှဲပြောင်းသုံးစွဲခွင့်ပြုမည် ဖြစ်ကြောင်း။
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း၌ ပြီးစီးအောင် ဆောင်ရွက်ရမည့် လုပ်ငန်း များကို အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် အကောင် အထည်ဖော်ဆောင်ရွက်ကြရန်နှင့် ပိုလျှံငွေအများအပြားပြန်လည်အပ်နှံရမှု မဖြစ်စေရေး ကို အထူးဂရုပြုဆောင်ရွက်ကြစေလိုကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်း ဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ယခုခွင့်ပြုပေးလိုက်သည့် ဖြည့်စွက်ခွင့်ပြု ငွေများ အပါအဝင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် လျာထားခွင့်ပြုပေးခဲ့သည့် အသုံး စရိတ်များနှင့် လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရန် အဆင့်ဆင့်တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်နှင့် သုံးစွဲမှုများကိုလည်း စနစ်တကျစာရင်းစစ်ဆေးမှုခံယူနိုင်ကြရန်ကို လည်း သတိပေးမှာကြားလိုကြောင်း။
ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအနေ ဖြင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကချမှတ်ထားသည့် ဦးတည်ချက်များ၊ ဆောင်ပုဒ်များနှင့်အညီ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည့် လုပ်ငန်းအသုံး စရိတ်များကို စနစ်တကျ ခွဲခြားသုံးသပ်ပြီး အကျိုးရှိရှိ ထိထိရောက် ရောက်သုံးစွဲကြရန်နှင့် လုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန် တိုက် တွန်း ပြောကြားလိုကြောင်းဖြင့် ပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

