စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင် ငွေကျပ် ၁၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆၅ သိန်းကျော်နှင့် ဘိန်းဖြူ ၂၉ ကီလိုကျော် ဖမ်းဆီးရမိ နေပြည်တော်၊ အောက်တိုဘာ ၂၃

Thursday, October 23, 2025 - 16:00

            မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၁၄ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် သတင်းအရ ကလေးမြို့နယ်၊ ကျီကုန်းကျေးရွာ အနီးတွင် ငြိမ်းချမ်းမောင်(ခ)ကုလားလေး မောင်းနှင်လာသော FORLAND အမျိုးအစား မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၆၅ ဒသမ ၂ သိန်းအား ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ စက်တင်ဘာလ ၁၉ ရက်နေ့ နေ့လယ် ၁၁ နာရီခွဲ အချိန် ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ထူးအောင်ကျော် အား စစ်ကိုင်းမြို့နယ်၊ ညောင်ပင်စင်ကျေးရွာအနီးတွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့မှ ကလေးမြို့သို့ သယ်ဆောင်ခိုင်းသူမှာ မန်တုံမြို့နယ်နေ ယောရှု(ဖမ်းဆီးရန်ကျန်)ဖြစ်ကြောင်း၊

            အလားတူ မူးယစ်ဆေးဝါးများအား မိုင်းရယ်မြို့ဘက်မှ သယ်ဆောင်လာကြောင်း သတင်း ကွင်းဆက်အရ ဆက်လက်ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ အောက်တိုဘာလ ၁၃ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးမြို့၊ တောင်ဖီလာရပ်ကွက်တွင် ကျော်ဌေး မောင်းနှင်လာသည့် FORLAND အမျိုးအစား မော်တော်ယာဉ်ပေါ်မှ ဘိန်းဖြူ ၂၉ ဒသမ ၂၃ ကီလိုအား ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိဘိန်းဖြူများအား ဝယ်ယူသူ ပေါင်ရှန်းဟောက်(ခ)ကိုချင်းအား ယင်းနေ့ ညနေ ၅ နာရီအချိန် ကလေးမြို့၊ စက်မှုဇုန် သွားလမ်းတွင် မော်တော်ဆိုင်ကယ် ၁ စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ ဘိန်းဖြူများအား မိုင်းရယ်မြို့မှ ကလေးမြို့နယ်သို့ တာဝန်ခံသယ်ဆောင်ခဲ့သူများဖြစ်သည့် လီလေးအား ယင်းနေ့ညနေ ၆ နာရီအချိန်တွင် ကလေးမြို့၊ မင်္ဂလာဥယျာဉ်ရပ်ကွက်ရှိ ဟိုတယ်တစ်ခုတွင် လည်းကောင်း၊ စိုးမြင့်(ခ)ကုလားလေးအား အောက်တိုဘာလ ၁၆ ရက်နေ့ ညနေ ၅ နာရီအချိန် လားရှိုးမြို့၊ ရပ်ကွက်(၇)တွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း၊

            ဖမ်းဆီးရမိမှုဖြစ်စဉ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၆၅ ဒသမ ၂ သိန်း(၎င်းဒေသ တန်ဖိုးငွေကျပ် ၁၃ ဒသမ ၀၄ ဘီလီယံ)နှင့် ဘိန်းဖြူ ၂၉ ဒသမ ၂၃ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၄၆၁၅ ဘီလီယံ)၊ စုစုပေါင်း ၎င်းဒေသတန်ဖိုးငွေကျပ် ၁၄ ဒသမ ၅၀၁၅ ဘီလီယံအား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း၊

            စစ်ဆေးပေါ်ပေါက်ချက်များအရ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုင်းရယ်မြို့မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက် ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။