နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့ စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၈)တွင် ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက် ညီသူ နိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းအသီးသီးသို့ ရောက်ရှိ၍ လိုအပ်သည့်ကြိုတင် ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြသည်။ ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁၈) သင်တန်းဖွင့်ပွဲများ ပြုလုပ်ကြသည်။ သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်း ဖွင့်အမှာစကားများ ပြောကြားကြသည်။
အဆိုပါ သင်တန်းဖွင့်ပွဲများသို့ နေပြည်တော်ကောင်စီဥက္ကဌ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်၍ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၈)မှ သင်တန်းသားများအား တွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ၊ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင် ပစ္စည်းများ ပေးအပ်ကြပြီး သင်တန်းသားများအား လိုက်လံနှုတ်ဆက်အားပေး ခဲ့ကြသည်။
ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်း စောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင်တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင် ရေးအတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်း ဆောင်နိုင်ရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်စေခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းများကို ဖွင့်လှစ် သင်ကြားပေးခဲ့သည်။ အဆိုပါပြည်သူ့စစ်မှုထမ်းသင်တန်းများမှ သင်တန်းဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများသည် တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့အသီးသီး တွင် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ဦးလည်မသုန်ကျေပွန်စွာ ထမ်းဆောင်နေကြပြီ ဖြစ်သည်။
ယနေ့တွင် ဖွင့်လှစ်လိုက်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၈)မှ နိုင်ငံ့သားကောင်းလူငယ်များအဖြစ် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များ ကို ဂုဏ်ယူစွာထမ်းဆောင်ရန် သင်တန်းတက်ရောက်ကြမည့် သင်တန်းသားများ၏ စကားသံများကိုလည်း ယခုလိုပဲ ကြားသိရပါတယ် -
၁။ ကျွန်တော်ရဲ့ရည်ရွယ်ချက်ကတော့ နိုင်ငံသားကောင်းတစ်ယောက်အနေနဲ့ ကျွန်တော် ဒီသင်တန်းကို တက်ရောက်သင့်တယ်ထင်လို့ ကျွန်တော်တက်ရောက်ဖြစ်တာပါ။ နိုင်ငံသား တစ်ယောက်အနေနဲ့လည်းကျွန်တော်တို့နိုင်ငံတော်ရဲ့ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်တွေ ကို တစ်ဖက်တစ်လမ်းကနေပြီး ကာကွယ်စောင့်ရှောက်သင့်တယ်ဆိုတဲ့ ကျွန်တော်ရဲ့တာဝန် သိစိတ်ကြောင့်လည်းဖြစ်ပါတယ်ခင်ဗျာ။ ကျွန်တော့်နိုင်ငံတွင်မဟုတ်ဘဲ ဖွံ့ဖြိုးတဲ့နိုင်ငံ တော်တော်များများက စစ်မှုထမ်းဥပဒေကိုကျင့်သုံးနေကြပါတယ်။ ကျွန်တော်ကတော့ ဒီဥပဒေကို ကောင်းတယ်လို့ထင်မြင်မိပါတယ်။ နိုင်ငံသားတိုင်းလည်းလိုက်နာပြီးဆောင် ရွက်သင့်ပါတယ် လို့ထင်မြင်မိပါတယ်။ ဒီသင်တန်းကို ကျွန်တော်မလုပ်ဘူးခင်က မလုပ်ဘူး တဲ့အရာတွေ လုပ်ရမယ်ဆိုတော့ နည်းနည်းတော့ စိတ်လှုပ်ရှားမိတယ်။ ယောက်ကျားတိုင်း တတ်သင့်တဲ့ ပညာရပ်ဖြစ်တာကြောင့် ဂုဏ်ယူစွာနဲ့သင်ကြားသွားချင်ပါတယ်။ နိုင်ငံတော်ရဲ့ တာဝန်တွေ လည်းတစ်ဖက်တစ်လှမ်းကနေ ကိုယ်တတ်စွမ်းသလောက် ထမ်းဆောင်သွားပါ့ မယ်လို့ ကျွန်တော်ဆုံးဖြတ်ထားပါတယ်။ နောင်လာမယ့်ညီငယ်တွေကိုလည်း လာပြီးတက် ရောက်ကြ ဖို့ဖိတ်ခေါ်ပါတယ်။
၂။ ကျွန်တော်ပြည်သူ့စစ်မှုထမ်းထဲ ဝင်ချင်တာလည်း ကြာပါပြီ။ ဘာကြောင့်လဲဆိုတော့ နဂိုတုန်းကလည်း ကျွန်တော်ဝင်ချင်တာလည်း ရှိပါတယ်။ စိတ်ဆန္ဒလည်း ရှိပါတယ်။ မြန်မာနိုင်ငံသားတိုင်း ပြည်သူ့စစ်မှုထမ်းတာဝန် ထမ်းဆောင်ရမယ်ဆိုတာလည်း သိပြီးသား ဖြစ်တဲ့အတွက် ကျွန်တော် အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားပါမယ်။ မြန်မာနိုင်ငံသူ၊ နိုင်ငံသား အားလုံးကိုလည်း ပြည်သူ့စစ်မှုထမ်းဖို့ ဖိတ်ခေါ်ပါတယ်။ ဒီသင်တန်း အမှတ်စဉ်(၁၈) စရောက်တဲ့အချိန်မှာ နည်းပြတွေ၊ အရာရှိတွေ၊ ဗိုလ်လေးတွေက ကျွန်တော့်ကို နွေးနွေးထွေးထွေး ကြိုဆိုပါတယ်။ တပ်မတော်သားကောင်းဖြစ်အောင် ကြိုးစားသွားပြီး နေထိုင် သွားပါမယ်လို့လည်း ကတိသစ္စာပြုပါတယ်။












