နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၃၀ ဦးနှင့် အမျိုးသမီး ၆ ဦး  ဉပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက် နေပြည်တော်၊ ၂၀၂၅ အောက်တိုဘာ ၂၁

Tuesday, October 21, 2025 - 16:45

            နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုး မျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့်် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဉပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဉပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက် ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည် သဘောပေါက်လာသည့် PDF အမည်ခံအဖွဲ့မှ အဖွဲ့ဝင် အမျိုးသား ၁၂ ဦးနှင့် အမျိုးသမီး ၃ ဦးတို့သည် ယနေ့တွင် ဉပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြသည်။

            အဆိုပါ ဉပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် PDF အမည်ခံ အဖွဲ့ဝင် များသည် အတင်းအဓမ္မ စုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွား အတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် လူမျိုးရေးခွဲခြား ဆက်ဆံမှုနှင့် အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျ နှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှု ကျူးလွန်ခြင်း၊  အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာနေထိုင်ရခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော် နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဉပဒေဘောင် အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံ တော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင် လမ်းစဉ်အားစွန့်လွှတ်၍ ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။

            ထိုသို့ ဉပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာကြသည့် ရန်ကုန်တိုင်း ဒေသကြီး၊ မှော်ဘီမြို့နယ်၊ လှည်းကူးမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ ဒဂုံမြို့သစ်(မြောက် ပိုင်း)မြို့နယ်၊ စမ်းချောင်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ သုံးခွမြို့နယ်၊ ဒလမြို့နယ်၊ ကျောက်တန်းမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်တို့မှ PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၁၂ ဦးနှင့် အမျိုးသမီး ၃ ဦးတို့အား တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လာခဲ့ကြသည့် အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

            ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တရားဉပဒေပုဒ်မများနှင့်ပတ်သက်၍ အသိပညာပေးစကားများ ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ဉပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသည့် PDF အမည်ခံအဖွဲ့များမှ အဖွဲ့ဝင်များအား ဝန်ခံကတိလက်မှတ် ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း အပ်နှံ ပေးသည်။ ယင်းနောက် ၎င်းတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန် ရှိသူများက ထောက်ပံ့ပစ္စည်းများပေးအပ်ကြပြီး ဥပဒေဘောင်အတွင်း ဝင်ရောက် လာသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။ ၎င်းနောက် တိုင်းဒေသ ကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီး စားသောက်ဖွယ်ရာများဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြ သည်။

            အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ မုံရွာမြို့နယ်၊ ဝန်းသိုမြို့နယ်၊ ရွှေဘိုမြို့နယ်နှင့် ကန့်ဘလူမြို့နယ်တို့မှ PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး ၃ ဦးတို့အား တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ဇေယျာသီရိခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဉပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာခဲ့ကြသည့် အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက် ကြသည်။

            ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆုံးမဩဝါဒစကားပြောကြားပြီး တိုင်းမှူး က နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေဆိုင်ရာ ပုဒ်မများနှင့် အသိပညာ ပေးစကားများ ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် MK-12 ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၁၂ ဗို့ကျည် ၉ တောင့်၊ လက်လုပ်ပစ္စတို ၁ လက်နှင့် လက်လုပ်ပစ္စတို ကျည်အိမ် ၁ ခုတို့အား လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်နက်၊ ခဲယမ်းများနှင့် အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား တစ်ဦးလျှင် ဆုကြေးငွေ ကျပ် သိန်း ၂၀ စီဖြင့် စုစုပေါင်း ငွေကျပ်သိန်း ၄၂၀ နှင့် စားသောက်ဖွယ်ရာများ ပေးအပ်ကာ ဝန်ခံကတိလက်မှတ် ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း အပ်နှံ ပေးသည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီး စားသောက်ဖွယ် ရာများဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြသည်။

            ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည် ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများ ထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဉပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်း သိရှိရပြီး ဉပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆို လက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရ သည်။

            ထိုသို့ ဥပေဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စကားသံများ ကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-

အမျိုးသမီး

          သမီးတို့ရွာကနေ သူငယ်ချင်းရှိရာကို အလည်သွားရင်းနဲ့ လမ်းမှာ PDF အဖမ်းခံရပြီး ထောင်ကျခံမလား စစ်မေလုပ်မလား အကြပ်ကိုင်မေးခဲ့လို့ စစ်မေလုပ်ရင်လွတ်လမ်းရှိတယ် လို့ တွေးမိပြီး PDF ထဲရောက်ရှိခဲ့ပါတယ်။ သင်တန်းကိုတော့ မင်းကင်းမြို့နယ် ထန်းပင်ချောင်းရွာအနီးက တောတိုက်ထဲမှာ ယောင်္ကျား မိန်းမအင်အား ၂၀ နဲ့အတူ ၂ လ တက်ခဲ့ရပါတယ်။ သင်တန်းကိုတော့ စစ်သင်တန်း ၊ လက်နက်ငယ်နဲ့ မိုင်းလုပ်နည်း ၊ မိုင်းထောင်နည်းတွေကို သင်ကြားပေးပါတယ်။ သင်တန်းဆင်းတော့ သူတို့အတွက် ထမင်း ဟင်းချက်ပြုတ်ရေးနဲ့ လုံခြုံရေးကင်းတာဝန်တွေကို ထမ်းဆောင်ခဲ့ရပါတယ်။ သမီး PDF ထဲ ဝင်ရောက်ချိန်မှာ PDF အကြမ်းဖက်အဖွဲ့တွေက ဂိတ်တွေမှာ ဆက်ကြေးကောက်တယ်။ လူတွေကိုလည်းဖမ်းပြီး အနိုင်ကျင့်တယ်။ သူတို့ထဲကို အတင်းအကြပ်ဝင်စေတယ်။ ဝင်တဲ့သူ တွေကိုလည်း ထောင်ချတယ်။ သတ်ပစ်တယ်။ ရွာထဲကလူတွေကိုလည်း လက်နက်အားကိုး နဲ့ အနိုင်ကျင့်တယ်။ နှိပ်စက်တာတွေလုပ်တယ်။ သမီးကအစောကတည်းက သူတို့ထဲကို ဝင်ချင်ခဲ့တာ မဟုတ်ပါဘူး။ ဖမ်းဆီးမခံရဖို့အတွက် စစ်မေလုပ်ခဲ့ပြီး အခွင့်အရေးရတာနဲ့ လုံခြုံရေးစခန်းမှာ အလင်းဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ သမီးမိဘတွေဆီကို ပြန်ရတော့မှာမို့ အရမ်းဝမ်းသာမိပါတယ်။ ပြီးတော့ ဒီဇင်ဘာလမှာ ကျင်းပတော့မယ့် ရွေးကောက်ပွဲမှာ သမီး ကိုယ်တိုင်လည်းမဲပေးမယ်။ PDF အကြမ်းဖက်အဖွဲ့ထဲမှာ ကျန်ရှိနေတဲ့သူတွေကိုလည်း ပြော ချင်တာကတော့ သူတို့ပြောသလို အလင်းဝင်ရင် ဖမ်းဆီးမယ်။ ထောင်ချမယ်။ နှိပ်စက်မယ်ဆို တာ မဟုတ်ပါဘူး။ အခုလိုနွေးနွေးထွေးထွေးကြိုဆိုပြီး ထောက်ပံ့မှုတွေလုပ်ပေးတာ သမီး ကိုယ်တွေ့ပါပဲ။ ဒါကြောင့် အချိန်မနှောင်းခင် အမြန်ဆုံး အလင်းဝင်ရောက်ကြဖို့ ဒီနေရာက နေ ဖိတ်ခေါ်ချင်ပါတယ်။

အမျိုးသား

          ကျွန်တော်အရင်က မန္တလေးမြို့မှာ ပန်းပုထုတဲ့လုပ်ငန်းကို လုပ်ကိုင်ပါတယ်။ ၂၀၂၁ ခုနှစ်မှ ကျွန်တော်ရွာကို ရောက်ပြီးတော့ ဆိုင်ကယ်နဲ့ ဈေးရောင်းတဲ့လုပ်ငန်းကို လုပ်ကိုင်ပါတယ်။ ၂၀၂၃ ခုနှစ်၊ ၁၁ လပိုင်းမှာ သူငယ်ချင်းက မင်းသေနက်ကိုင်ချင်လား၊ မင်းသေနက်ကိုင်ဖူးချင်လား၊ သေနက်ပစ်ဖူးချင်လား၊ပစ်ဖူးကိုင်ဖူးချင်ရင်ငါနဲ့လိုက်ခဲ့ဆိုပြီးခေါ်ဆောင်သွားတဲ့အတွက် ကျွန်တော် အကြမ်းဖက် PDF စခန်းကို လိုက်သွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာသူတို့ရဲ့ အကြမ်းဖက်ခေါင်းဆောင် က ကျွန်တော့်ကို ပြန်ရင်မိဘတွေကို သတ်ပစ်မယ်ဆိုပြီးတော့ ခြိမ်းခြောက်တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော် PDF ထဲကိုဝင်ခဲ့ရပါတယ်။ သင်တန်းမှာတော့ လက်နက်ငယ်ပစ်နည်း၊ မိုင်းထောင်နည်း၊ မိုင်းခွဲနည်းတို့ကို သင်ကြားပေးခဲ့ပါတယ်။ ကျွန်တော်သင်တန်းဆင်းတော့ ထမင်းအချက်အပြုတ်နဲ့ ကင်းစောင့်တာဝန်ကို ယူခဲ့ရပါတယ်။ ကျွန်တော်အကြမ်းဖက်လုပ်ရပ်တွေမှာ မပါဝင်ခဲ့ပါဘူး။ တစ်ခါတလေမှာ သူတို့ရွာထဲမှာ ဆက်ကြေးသွားကောက်တဲ့အချိန်မှာ ကျွန်တော်လိုက်ခဲ့ရပါတယ်။ နောက်ပြီးရင် ကျွန်တောတို့ အဝင်အထွက်လမ်းတွေ ရွာကတံတားလမ်းတွေမှာလည်း ကျွန်တော် သူတို့ လုံခြုံရေးအတွက် ကင်းစောင့်ပေးခဲ့ရပါတယ်။ ကျွန်တော် PDF အကြမ်းဖက်ထဲ ရောက်တဲ့ အချိန်မှာ ကြီးနိုင်ငယ်ညဉ်း အနိုင်ကျင့်တဲ့ဝါဒကို ကျွန်တော်တွေ့ကြုံခဲ့ရပါတယ်။ နောက်ပြီးရင် လူကြီးပိုင်းတွေကတော့ လမ်းတံတားတွေ ဂိတ်တွေမှာရတဲ့ ဆက်ကြေးငွေတွေနဲ့ ရွာသူရွာသား တွေဆီက ကောက်ခံလို့ရတဲ့ ဆက်ကြေးငွေတွေနဲ့ အဆင်ပြေနေပြီးတော့ ကျွန်တော်တို့ လက်အောက်က လူတွေကျတော့ ထမင်းတောင်မှ မဝရေစာ စားခဲ့ရပါတယ်။ ဖျားနာလာတဲ့ အချိန်မှာလည်း ဆေးကုသဖို့ ဆရာဝန်မရှိဘူး။ နေရတာလည်းလုံ့ဝအဆင်မပြေပါဘူး။ ကြုံသလို ဖြစ်သလို နေရပါတယ်။ သူတို့နဲ့ အဆင်ပြေတဲ့သူတွေကျတော့ ကောင်းကောင်းမွန်မွန်နေရတယ်။ ဘာမှမလုပ်ရဘူး။ ကြီးနိုင် ငယ်ညဉ်း နှိပ်ကွပ်မှုတွေလည်း ကျွန်တော်ကြုံတွေ့ခဲ့ရပါတယ်။ အဆိုးဆုံးကတော့ ပြည်သူလူထုကို ညဉ်းပန်းနှိပ်စက် သတ်ဖြတ်တာကတော့ အဆိုးဆုံးပါပဲ။ ကျွန်တော်အလင်းဝင်ရောက်ခဲ့တာ ကတော့ သူတို့ရဲ့လုပ်ငန်းတွေ မတရားမှုတွေကို မကြိုက်လို့ အလင်းဝင်ရောက်ခဲ့တာပါ။ ဆရာ၊ ဆရာမတွေကို သတ်ဖြတ်တာ ရဟန်းသံဃာတွေကို သတ်ဖြတ် တာကအစ ကျွန်တော်လက်မခံ နိုင်လို့ သူတို့ရွာတွေမှာ ဆက်ကြေးကောက်နေတဲ့အချိန်မှာ ကျွန်တော်အခွင့်သာလို့ ထွက်ပြေးလာ ပြီးတော့ နီးစပ်ရာစခန်းမှာ ကျွန်တော်အလင်းဝင်ခဲ့ပါတယ်။ ကျွန်တော်အလင်းဝင်ရောက်တဲ့အခါမှာကျွန်တော်တစ်ခုခုများဖြစ်မလားဆိုပြီးတော့ စိုးရိမ်စိတ်ကြီး နဲ့ တွေးမိပါတယ်။ တကယ်တမ်း ကျတော့ အစိုးရနဲ့ တပ်မတော်က ကျွန်တော်တို့ကို နွေးထွေး စွာကြိုဆိုတယ်။ အစားအစာနဲ့ ထောက်ပံ့ကြေးငွေတွေပေးတယ်။ ကျန်းမာရေးကအစ စစ်ဆေး ပေးတယ်။ နောက်ပြီးတော့ ကျွန်တော် တို့ကို နေစရာတွေပေးတယ်။ နောက်ပြီး ကျွန်တော် တို့မိသားစုနဲ့အတူ အမြန်ဆုံးပြန်နေခွင့်ရအာင် စီစဉ်ပေးလို့ ကျွန်တော်တို့ အစိုးရနဲ့ တပ်မတော် ကလူကြီးတွေကို ကျွန်တော်ကျေးဇူးအထူးတင်ပါတယ်။