ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ့    ၅ နှစ်သင်တန်း အမှတ်စဉ်(၇)မှကျောင်းသား၊ ကျောင်း

Tuesday, October 21, 2025 - 16:45

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ့    ၅ နှစ်သင်တန်း အမှတ်စဉ်()မှကျောင်းသား၊ ကျောင်းသူများကို တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ အောက်တိုဘာ - ၂၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ်           (၇) မှကျောင်းသား၊ ကျောင်းသူများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန(၁)(MICC-1)၌ တွေ့ဆုံအမှာစကား ပြောကြား သည်။

တွေ့ဆုံပွဲအခမ်းအနားသို့ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်ရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိ ကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အမှာစကားပြောကြားရာတွင် နိုင်ငံတော် အနေဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက် ရေးတို့ကို အလေးထားဆောင်ရွက်ပေးနိုင်မည့် ပညာရေးဝန်ထမ်းကောင်းများ ပေါ်ထွက် လာစေရေး လေ့ကျင့်ပျိုးထောင်ပေးနိုင်ရန် ရည်ရွယ်ပြီး ၁၉၆၄ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်တွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးသိပ္ပံကို စတင်ဖွင့်လှစ်ပေးခဲ့ ကြောင်း၊ ၁၉၉၁ ခုနှစ်၊မေလ ၁၀ ရက်တွင် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးသိပ္ပံကို ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်ပေးပြီး နယ်စပ်ဒေသများတွင် တိုင်းရင်းသားလူငယ်များကို အဆင့်မြင့် ပညာများ သင်ယူနိုင်အောင် မြှင့်တင်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း။

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်အနေဖြင့် ယခုအခါ သင်တန်းဆင်း ဆရာ၊ ဆရာမ စုစုပေါင်း ၁၄,၅၁၄ ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ မောင်တို့မယ်တို့အားလုံးသည်လည်း မကြာခင်ကာလအတွင်း သင်တန်းဆင်းပြီး ပညာရေးဝန်ထမ်း၊ ဆရာ၊ ဆရာမများအဖြစ် တာဝန်ထမ်းဆောင်ကြရမည်ဖြစ်သဖြင့် သိသင့် သိထိုက်သည့်အချက်များနှင့် လိုက်နာရမည့်အချက်များကို မှာကြားလိုကြောင်း။

          နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအုတ်မြစ်သည် ပညာတတ်အရင်းအမြစ် များပေါများခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း အသိပညာ၊ အတတ်ပညာ ပြည့်စုံသည့် ပညာတတ်များဖြင့် သာယာဝပြောသည့် အနာဂတ်နိုင်ငံတော်ကြီးကို တည်ဆောက်ရန်ဦးတည်ဆောင် ရွက်လျက်ရှိပြီး အရည်အသွေးပြည့်ဝသည့် ဘက်စုံပညာ ရေးစနစ် တိုးတက်ဖြစ်ပေါ်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ နိုင်ငံတွင် ပညာရေးနှင့်ပတ်သက်ပါက အားနည်းချက်ရှိခဲ့ခြင်းကြောင့် ဒေသအချို့တွင် ဖွံ့ဖြိုးတိုးတက်မှုများနောက်ကျနေခြင်းကိုလည်း တွေ့မြင်နေရမည်ဖြစ်ကြောင်း၊ထို့ကြောင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေဖြင့် “နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ခိုင်မာစေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေး ကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေး” ဆိုသည့်ဦးတည်ချက်ချမှတ်ပြီး ပညာရေးကဏ္ဍ တွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက် ရှိကြောင်း။

          ဆရာဆိုသည်မှာ လူသားအချင်းချင်း ချစ်မြတ်နိုးတတ်စေရန် လမ်းပြပေးသူ၊ တပည့်များ၏ဘဝနှင့် လောကကို အလှဆင်ပေးသူ၊ သောကကို ဖြေဖျောက်ပေးသူများ ဖြစ်ကြသည့်အတွက် လူ့အဖွဲ့အစည်းခေါင်းဆောင်၊ ဒုတိယမိဘများဖြစ်သည်ဟု တင်စား သတ်မှတ်ကြကြောင်း၊ ထို့ကြောင့် မောင်တို့မယ်တို့အနေဖြင့် မိမိတို့တပည့်များကို စာကို လည်းသင်ပြီး စိတ်ကိုလည်း ပြင်ပေးကြရမည်၊ မိမိတို့တပည့်များကို လူသား အချင်းချင်း အပေါ် ကိုယ်ချင်းစာစိတ်ထားတတ်အောင်၊ အတ္တကိုယ်ကျိုးနှင့်ယှဉ်ပြီး ပရဟိတ အများ အကျိုး ဆောင်လိုစိတ်များဖြစ်ပေါ်လာအောင် သင်ကြားဆုံးမပေးကြရမည်၊ “ကြီးသူကို ရိုသေ၊ ရွယ်တူ ကိုလေးစား၊ ငယ်သူကိုသနား” ဆိုသည့် မြန်မာစိတ်ထားကို နှလုံးသားထဲ စိမ့်ဝင်နေအောင် လမ်းညွှန်ပေးကြရမည်ဖြစ်ကြောင်း၊

အမှားနှင့်အမှန်ကို ခွဲခြားနိုင်စေရန်၊ အကောင်းနှင့်အဆိုး၊ အကြောင်းနှင့် အကျိုးကို မှန်ကန်စွာ နားလည်နိုင်ကြရန်ကိုလည်း သွန်သင်ဆုံးမပေးကြရမည် ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ အနာဂတ်သည်ဆရာများ၏ ပညာအရည်အချင်းနှင့် စိတ်စေတနာအပေါ်တွင် တည်မှီနေခြင်းကြောင့် မောင်တို့မယ်တို့အနေဖြင့် ဆရာများတွင် ရှိအပ်သော ဆရာ့ဂုဏ်အင်္ဂါခုနစ်ပါးဖြစ်သည့် ရိုသေထိုက်သော ဂုဏ်ရှိခြင်း၊ ချစ်ခင် ထိုက်သောဂုဏ်ရှိခြင်း၊ ချီးမွမ်းထိုက်သော ဂုဏ်ရှိခြင်း၊ တပည့်များ လွဲမှားနေပါက အမုန်းခံ၍တည့်မတ်ပေးခြင်း၊ မေးလာသမျှကို ဖြေဆိုပေးနိုင်ခြင်း၊ နက်နဲသော သဘော တရားကို ဟောကြားပေးနိုင်ခြင်း၊ အကျိုးနည်းမည့်နေရာကို မတိုက်တွန်းဘဲ အကျိုးများ မည့်နေရာကို တိုက်တွန်းခြင်း စသည့်ဂုဏ်များနှင့် ပြည့်စုံကြရန်လိုအပ်ကြောင်း၊ ထို့အပြင် စေတနာ၊ ဝါသနာ၊ အနစ်နာ၊ ကရုဏာဆိုသည့် နာလေးနာဖြင့် တပည့်များကို ပညာပြည့်ဝ နှလုံးလှအောင် လေ့ကျင့်သင်ကြားပေးကြပါဟု တိုက်တွန်းမှာကြားလိုကြောင်း။

ကျောင်းသား၊ ကျောင်းသူများ၏ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာကို မှန်ကန်အောင် တည့်မတ်ပေးရေးသည် ဆရာ၊ ဆရာမများ၏ တာဝန်ပင် ဖြစ်ကြောင်း၊ မောင်တို့ မယ်တို့ ကဲ့သို့ တိုင်းရင်းသား ဆရာ၊ ဆရာမ များသည် အနာဂတ် နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက် ရေးအတွက် များစွာအရေးပါသဖြင့် ကျောင်းဆင်းပြီး ကျရာဒေသများတွင် တာဝန် ထမ်းဆောင်သည့်အခါ မိမိတို့တပည့် သားသမီးများကို ကာယ၊ ဉာဏ၊ စာရိတ္တ၊ ဘောဂ၊ မိတ္တဆိုသည့် ဗလငါးတန်နှင့် ပြည့်ဝသော ပညာတတ်လူငယ်များ ဖြစ်လာအောင် ပြုစုပျိုး ထောင်ပေးကြရန်အလေးထားမှာ ကြားလိုကြောင်း၊ ထို့ကြောင့် မောင်တို့၊ မယ်တို့အနေ ဖြင့် ဆရာများတွင် ရှိအပ်သည့်ပညာအရည်အချင်း၊ စိတ်စေတနာနှင့် အကျင့်သိက္ခာများ ကို အမြဲတစေ ဖြည့်ဆည်းထိန်းသိမ်းကြရန် မှာကြားလိုကြောင်း။

ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူဆည်းပူးနိုင်ရေးအတွက် မောင်တို့ မယ်တို့က သက်ဆိုင်ရာ မိဘများ၊ ဒေသ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးကြ ရန်လိုအပ်မည်ဖြစ်ကြောင်း၊ ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ ကိုလည်း အချိန်မတိုင်မီ ကျောင်းထွက်မှုလျော့ပါးပြီး တန်းစဉ်ကူးပြောင်းနှုန်း မြင့်မား စေရေး၊ တန်းစဉ်အလိုက် စာပေအတတ်ပညာများ တတ်မြောက်အောင် သင်ကြားပေးရေး၊ အမှားအမှန်ကို ခွဲခြားသိမြင်နိုင်ပြီး ဉာဏ်ပညာနှင့်တည်ဆောက်တတ်သည့် လူငယ်များ ဖြစ်လာစေရေးတို့ကို ပြုစုပျိုးထောင်ပေးကြရန် အလေးအနက်ထား တိုက်တွန်းမှာကြား လိုကြောင်း။

          စာသင်ကျောင်းဆိုသည်မှာ စာပေသင်ကြားပေးသည့် နေရာသက်သက်သာ မဟုတ် ဘဲ ပညာရေး၏အနှစ်သာရဖြစ်သည့် အသိဉာဏ်ပညာဆိုင်ရာ ဗဟုသုတများပေးအပ် ခြင်းအပြင် စဉ်းစားတွေးခေါ်နိုင်စွမ်း၊ အမှားအမှန် ခွဲခြားသုံးသပ်နိုင်စွမ်းနှင့် နိုင်ငံသား ကျင့်ဝတ်၊ လူမှုကျင့်ဝတ်များကို သင်ကြားပေးနေသည့်နေရာမျိုးလည်း ဖြစ်ရန်လိုကြောင်း၊ “အမျိုးသားစည်းကမ်းအစစာသင်ကျောင်းက”ဆိုသည့်အတိုင်း မိမိတို့၏တပည့် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းစည်းကမ်း လိုက်နာခြင်းမှအစပြုပြီး ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို လေးစားလိုက်နာတတ်သည့် နိုင်ငံကြီးသား အလေ့အကျင့်ကောင်းများ ကိန်းအောင်းလာအောင် လေ့ကျင့် ပျိုးထောင်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

          မိမိတို့ နိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံဖြစ်သည်နှင့်အညီ တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်ရေးသည် နိုင်ငံ အေးချမ်းတည်ငြိမ်မှုနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲနေစေရေးအတွက် အသက် တမျှ အရေးကြီးသည့်အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားသည့် မောင်းနှင် အား တစ်ရပ်လည်းဖြစ်ကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် လုပ်ဆောင်ရာတွင်လည်း တိုင်းရင်းသားပြည်သူအားလုံးက ညီညီ ညွတ်ညွတ် စည်းစည်းလုံးလုံးဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ် ကြောင်း။

          ထို့အပြင် လက်ရှိကာလ မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာတွင်ဖြစ်ပေါ်နေသည့် အခြေ အနေအရပ်ရပ်ကို ကြည့်မည်ဆိုပါက နိုင်ငံအတွင်းတွင် နေထိုင်ကြသည့် နိုင်ငံသူ၊ နိုင်ငံသားအားလုံး၏ စည်းလုံးညီညွတ်မှု၊ တပ်မတော်နှင့် ပြည်သူတစ်ရပ်လုံး စည်းလုံး ညီညွတ်မှုတို့ကို မဖြစ်မနေတည်ဆောက်ရန် လိုသည်ကိုတွေ့နိုင်ကြောင်း၊ စည်းလုံး ညီညွတ်ခြင်းသည် နိုင်ငံ့အင်အားကို တောင့်တင်းခိုင်မာစေပြီး ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံ့အကျိုးစီးပွားကို ဖြစ်ထွန်းစေကြောင်း၊ “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိ သည်” ဆိုသည့် စကားနှင့်အညီ တိုင်းပြည်ကိုပြည်တွင်းအင်အားနှင့်သာ တည်ဆောက်ကြ ရမည် ဖြစ်ကြောင်း။

ထို့ကြောင့် မောင်တို့မယ်တို့ တိုင်းရင်းသားများသည် မြန်မာစိတ်မွေးပြီး “ငါတို့ အားလုံးသည် မြန်မာ (We are Myanmar)” ဆိုသည့်စိတ်၊ တစ်သွေးတစ်သားတည်း စည်းလုံးညီညွတ်သည့် အမျိုးသားစိတ်ဓာတ်များဖြင့် နိုင်ငံတော်အေးချမ်းသာယာရေး ဖွံ့ဖြိုးတိုးတက်ရေးကို လက်တွဲအကောင်အထည်ဖော်ဆောင်ရွက်ကြရန် လိုသကဲ့သို့ ဒေသအသီးသီးက တပည့်ကျောင်းသားလူငယ်များကိုလည်း အကောင်းမြင်စိတ်၊ ပူးပေါင်းပါဝင်ဆောင်ရွက်လိုစိတ်၊ စည်းလုံးညီညွတ်မှုစိတ်၊ ရိုင်းပင်းကူညီစိတ် စသည့် စိတ်ဓာတ်များ ရှင်သန်ဖြစ်ထွန်းနေအောင် လေ့ကျင့်ပျိုးထောင်ပေးကြရန် မှာကြား လိုကြောင်း။

          နိုင်ငံတော်၏ လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ်ရေး သည်  ပြည်ထောင်စုသားအားလုံး၏ မွေးရာပါ တာဝန်ဖြစ်ခြင်းကြောင့် နိုင်ငံသူ၊ နိုင်ငံသား အားလုံးက စည်းလုံးညီညွတ်စွာဖြင့် ပြည်ထောင်စုစိတ်ဓာတ် အရင်းခံကာ နိုင်ငံတော်ကို ဝိုင်းဝန်းကာကွယ်စောင့်ရှောက် ထိန်းသိမ်းသွားကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံအတွက် အသက်တမျှအရေးကြီးသည့် ပြည်ထောင်စုစိတ်ဓာတ် ကိုမောင်တို့ မယ်တို့အနေဖြင့် အမိဖွံ့ဖြိုးရေးတက္ကသိုလ်တွင် အတူတကွ ပညာသင်ကြရင်းဖြင့် ရင်ထဲတွင် စွဲမြဲခံယူကြပြီး ဖြစ်သည်ဟုလည်း ယုံကြည်ကြောင်း၊ ထို့ကြောင့် မောင်တို့မယ်တို့အနေဖြင့်  ဖွံ့ဖြိုးရေး တက္ကသိုလ် ကျောင်းဆင်းများပီသစွာ မိမိတို့တာဝန်ကျရာ ဒေသများတွင် တိုင်းရင်းသား ပြည်သူများအကြား ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထွန်းကားလာပြီး တိုင်းရင်းသား အချင်းချင်း စည်းလုံးချစ်ခင်ညီညွတ်လာအောင် စည်းရုံးဆောင်ရွက်သွားကြရန် မှာကြား လိုကြောင်း။

          မောင်တို့ မယ်တို့သည် နိုင်ငံတော်က ပြုစုပျိုးထောင်ထားသည့် သားသမီးများ ဖြစ်သည့်အတွက် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးဆိုသည့် “ဒို့တာဝန်အရေး (၃)ပါး” ကို အခြေခံပြီး အမျိုးသား နိုင်ငံရေးတာဝန်ဖြစ်သည့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက် ရေးကို နိုင်ငံတော်နှင့်အတူ လက်တွဲပါဝင်ဆောင်ရွက်ကြရန် အလေးအနက်ထား မှာကြားလိုကြောင်း။

          တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ရည်မှန်းထားသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ် ကို အခြေခံသည့်ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ရန်အတွက် လွတ်လပ်ပြီး တရား မျှတသည့် ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရန် အရေးကြီးကြောင်း၊ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူအားလုံး မဲပေးခွင့်ရရှိရန် ပြည်သူလူထု၏ စစ်မှန် သည့် လိုလားချက်ဖြစ်သော လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲဖြစ်စေရန်နှင့် ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်စေရန်ကိုလည်း ဆောင်ရွက်နေကြောင်း၊ ထို့ကြောင့် မောင်တို့မယ်တို့အနေဖြင့် လွတ်လပ်ပြီးတရားမျှတမှု ရှိသည့် ရွေးကောက်ပွဲကို သတ်မှတ်ကာလအတွင်း အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းစဉ်များတွင် ကျရာအခန်းကဏ္ဍမှ တစ်တပ်တစ်အား ပူးပေါင်းပါဝင် ဆောင်ရွက် ပေးကြပါရန်တိုက်တွန်း မှာကြားလိုကြောင်း။

          မိမိတို့တပည့်သားသမီးများကို ကာယ၊ ဉာဏ၊ စာရိတ္တ၊ ဘောဂ၊ မိတ္တဆိုသည့် ဗလငါးတန်နှင့် ပြည့်ဝသည့်ပညာတတ်လူငယ်များ ဖြစ်လာအောင် ပြုစုပျိုးထောင်ပြီး အနာဂတ် နိုင်ငံတော်အတွက် အားထားရသည့် လူတော်လူကောင်းများ ဖြစ်လာအောင် လေ့ကျင့်ပျိုးထောင်ပေးကြရန်၊ အနာဂတ်နိုင်ငံတော်ကို ပုံဖော်ကြမည့် မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူ လူငယ်များကို နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များရှိလာအောင် ယုံကြည်ချက်၊ ခံယူချက် ကောင်းသူများဖြစ်လာအောင် ပြုစုပျိုးထောင်လေ့ကျင့်ပေး ကြရန်၊ မိမိတို့နိုင်ငံအတွက် လိုအပ်နေသည့် တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြ ရန်၊ ပြည်ထောင်စုကြီး အဓွန့်ရှည် တည်တံ့ခိုင်မြဲရေးအတွက် ဒို့တာဝန်အရေး (၃)ပါးကို အစဉ်ဦးထိပ်ထားပြီး တိုင်းရင်းသားပြည်သူများအကြား တိုင်းရင်းသားစည်းလုံး ညီညွတ် ရေးစိတ်ဓာတ်ဖြင့် ပြည်ထောင်စုစိတ်ဓာတ်အခြေခံကောင်းများ ရရှိလာအောင် စည်းရုံး ဦးဆောင်ပေးကြရန်၊ မောင်တို့မယ်တို့အနေဖြင့် ပညာတတ်သည့်မျိုးဆက်နှင့် တိုးတက် သည့် နိုင်ငံတော်ကို ထူထောင်နိုင်ရေးတွင် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ အားကြိုး မာန်တက် တာဝန်ထမ်းရွက်သည့် နိုင်ငံ့သားကောင်းရတနာများ ဖြစ်ပါစေဟု ဆုတောင်း မေတ္တာ ပို့သကြောင်းဖြင့်ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေး ဘွဲ့ ၅ နှစ်သင်တန်းအမှတ်စဉ်(၇)မှ ကျောင်းသား၊ ကျောင်းသူများကိုယ်စား ဧရာဝတီ တိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်မှ ကရင်တိုင်းရင်းသား စကျော်ဇေယျာဖြိုး က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေး ကော်မရှင်ဥက္ကဋ္ဌထံ ကျောင်းသား၊ ကျောင်းသူ ၂ ဦးက အမှတ်တရ လက်ဆောင် ပစ္စည်းကို ဂါရဝပြုပေးအပ်သည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများ၊ ကျောင်းသား၊ ကျောင်းသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ၎င်းနောက် နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက ကျောင်းသား၊ ကျောင်းသူများကို တစ်ဦးချင်းရင်းရင်းနှီးနှီး လိုက်လံမေးမြန်း နှုတ်ဆက်အားပေးခဲ့ကြောင်း သတင်းရရှိသည်။