တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများ ကို အခြေခံစစ်ပညာနှင့် တန်းမြင့်စစ်ပညာသင်တန်းများ စခန်းချလေ့ကျင့်ပေးခြင်းဖြင့် နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ အသိအမြင်များရရှိ၍ အနာဂတ်နိုင်ငံတော်၏ တာဝန်များ ထမ်းဆောင်သည့်အခါတွင် အထောက်အကူရရှိကာ နိုင်ငံချစ်စိတ်၊ မျိုးချစ် စိတ်များ ပိုမိုရင့်သန်လာစေရန်နှင့် ယုံကြည်ချက်၊ ခံယူချက်မြင့်မားပြီး အရည်အချင်း ပြည့်ဝစေရန် ရည်ရွယ်ချက်ဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံး၏ တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၌ ကိုယ်တိုင်ဆန္ဒပြုသည့် တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား လေ့ကျင့်ရေးသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
အဆိုပါ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပုသိမ်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား အောက်တိုဘာ ၁၈ ရက် ညပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှု အောက်ရှိ နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့က တပ်နယ်အားကစားရုံ၌ လာရောက် ဂုဏ်ပြုသီဆိုဖျော်ဖြေကြရာ သင်တန်းသား၊ သင်တန်းသူများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ကြည်နူးချမ်းမြေ့စွာ ကြည့်ရှုအားပေးကြပြီး ပျော်ရွှင်စွာ အတူတကွ ပါဝင် သီဆိုခဲ့ကြသည်။
ထိုသို့ နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့၏ သီဆိုဖျော်ဖြေနေမှုများကို တိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက်နှင့် တာဝန်ရှိသူများက တက်ရောက်ကြည့်ရှုအားပေးပြီး ဂုဏ်ပြု ဆုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။