KNU/KNLA နှင် PDFအမည်ခံအကြမ်းဖက်သောင်းကျန်း သူများ ယာယီစိုးမိုးထိန်းချုပ်ထားသည့်လေးကေ့ကော်ဒေသရှိရှု့ခင်းသာနှင့်စွယ်တော်ကုန်းစခန်းတို့အားပြန်လည်သိမ်းပိုက်ရရှိ၊နယ်စပ်ဒေသတစ်လျှောက်တရားမဝင်လုပ်ငန်းများမရှိစေရေးနယ်မြေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိ

Sunday, October 19, 2025 - 16:15

          KNU/KNLA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် NCA ကို ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်ဖြင့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော် ဒေသတစ်ဝိုက် အခြေပြု၍ အစိုးရအုပ်ချုပ်မှုယန္တရားများ ပျက်စီးစေရန်နှင့် ၎င်းတို့၏ အိပ်မက်ဖြစ်သည့် သီးခြားလွတ်လပ်သော ကော်သူလေးပြည်နယ်နှင့် ကော်သူလေး အစိုးရထူထောင်ရန် အတွက် ၂၀၂၁ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် နိုင်ငံရေး ဖြစ်စဉ်များကြောင့် နယ်စပ်ဒေသများ သို့ ထွက်ပြေးတိမ်းရှောင်လာကြသူများကို လူသားချင်းစာနာထောက်ထားမှု အကြောင်း အရာ ခေါင်းစဉ်အောက်၌  လက်ခံထိန်းသိမ်းပြီး ပြည်ပနိုင်ငံကြီးအချို့၏ ငွေကြေး ထောက်ပံ့မှုများ၊ ဒေသတွင်း၌ Online Scam Center အပါအဝင် တရားမဝင်လုပ်ငန်းများမှ ရရှိသည့် ငွေကြေးများကို လက်ခံရယူပြီး အကြမ်းဖက်သင်တန်းများ သင်ကြားပို့ချကာ လက်နက်များ တပ်ဆင်ပေးပြီး ရှေ့ကာတပ်အဖြစ် အသုံးချ၍ ကရင်ပြည်နယ်အတွင်းရှိ တပ်မတော်မှ စစ်ဆင်ရေးနှင့် နယ်မြေစိုးမိုးရေး ဆောင်ရွက်နေသည့် တပ်စခန်းများအပါ အဝင် သင်္ဃန်းညီနောင်နှင့် မြဝတီဒေသရှိ နယ်မြေခံတပ်ရင်း/တပ်ဖွဲ့များနှင့် တပ်စခန်း များအား အင်အားအလုံးအရင်းဖြင့် အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့သည်။

            ထို့ကြောင့် တပ်မတော်က အဆိုပါ အကြမ်းဖက်သောင်းကျန်းသူများ ခေတ္တစိုးမိုး ထားသည့်တပ်စခန်းများနှင့် မြို့/ရွာများအား ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ သင်္ဃန်း ညီနောင်တပ်နယ်အား ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၆ ရက်တွင် ပြန်လည်သိမ်းပိုက်ရရှိခဲ့ပြီး ကော့ကရိတ်-သင်္ဃန်းညီနောင်-မြဝတီ အာရှလမ်းမကြီးအား ပြန်လည်ထိန်းချုပ်ခဲ့သည်။

ဆက်လက်၍ တပ်မတော်စစ်ကြောင်းများက မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ဒေသ တစ်လျှောက် မြန်မာနယ်နိမိတ်အတွင်း၌ KNLAနှင့် PDFအမည်ခံ အကြမ်းဖက် သောင်းကျန်းသူများ ခိုအောင်းမှုမရှိစေရေး၊ နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက် မြန်မာဘက်ခြမ်းသို့ တရားမဝင်နိုင်ငံခြားသားများ နယ်စပ် ဖြတ်ကျော် ဝင်ရောက်ကာ တရားမဝင် အွန်လိုင်း ငွေကြေးလိမ်လည်မှုနှင့် လောင်းကစားမှု နှိမ်နှင်းရေးအတွက် လိုအပ်သည့် အကြမ်းဖက် ချေမှုန်းမှု စစ်ဆင်ရေးများကို ဆက်လက် ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများ ခိုအောင်းနေထိုင်သည့် လက်ခတ်တောင် ဘုရားကုန်းနှင့် ပတ်ဝန်းကျင်ဒေသတစ်ဝိုက်အား စက်တင်ဘာ ၉ ရက်တွင် လည်းကောင်း၊ ဂျပန်နိုင်ငံနီပွန်ဖောင်ဒေးရှင်းမှ ၂၀၁၅ ခုနှစ်တွင် ဒေသခံတိုက်ပွဲရှောင်ပြည်သူများအတွက် ဆောက်လုပ်ပေးထားသည့် လေးကေ့ကော် မြို့သစ်အား စစ်ကြောင်းများခွဲ၍ အဆင့်ဆင့် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အောက်တိုဘာ ၅ ရက်နေ့တွင် အဆိုပါ လေးကေ့ကော်မြို့သစ် အား ပြန်လည်ထိန်းချုပ် နိုင်ခဲ့သည်။

အဆိုပါမြို့သစ်တွင် ယခင်ဆောက်လုပ်ပြီးကာစ ဒေသခံတိုက်ပွဲရှောင် တိုင်းရင်းသား ပြည်သူများနေထိုင်ကြသော်လည်း ၂၀၂၃ ခုနှစ်နောက်ပိုင်း အကြမ်းဖက် သောင်းကျန်းသူ KNLAနှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက အဆိုပါဒေသခံတိုင်းရင်း သားများကို မောင်းထုတ်လျက် အကြမ်းဖက်အုပ်စုနှင့် ၎င်းတို့၏ မိသားစုဝင်များ တရားမဝင် သိမ်းပိုက်ဝင်ရောက်နေထိုင်ခဲ့သည့် နေရာဖြစ်ကြောင်းလည်း သိရှိရသည်။ ထိုသို့ တိုက်ခိုက်သိမ်းပိုက်စဉ် မြန်မာ-ထိုင်းနယ်စပ်အနီးရှိ နာမည်ဆိုးဖြင့် ကျော်ကြား နေသည့် KK Park ကိုလည်း တစ်ချိန်တည်းတစ်ပြိုင်တည်း တပ်မတော် စစ်ကြောင်း များက ဝင်ရောက်ရှင်းလင်းခဲ့သည်။

တိုက်ပွဲစဉ်တစ်လျှောက် အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲ ကြီး ၆ ကြိမ်၊ တိုက်ပွဲငယ် ၅၂ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများထံမှ အလောင်း ၁၀ လောင်း၊ လက်နက်မျိုးစုံ ၁၆ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သလို KK Parkအတွင်းမှ ထူးခြားလက္ခဏာမတွေ့သော်လည်း တရားမဝင် ဆက်သွယ်မှု ဆောင်ရွက်ရန် ရည်ရွယ်တပ်ဆင်ထားသည့် Star Link စလောင်း (၃၀) စုံနှင့် ဆက်စပ် ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည့်အပြင် ဆောက်လုပ်ပြီး အဆောက်အအုံ (၁)ထပ် တိုက် ၁၀ လုံး၊ (၂)ထပ်တိုက် ၁၀၀လုံး၊ (၄)ထပ်တိုက် ၂၀ လုံးနှင့် (၅)ထပ်တိုက် ၂လုံး၊ (၁)ထပ်တိုက် ဈေးဆိုင်ခန်း ၂၀လုံး၊ (၂)ထပ်တိုက် ဈေးဆိုင်ခန်း ၃၀လုံး၊ (၁)ထပ်တိုက် ဂိုထောင် ၁၅လုံး၊(၂)ထပ်တိုက် ဂိုထောင် ၂၀လုံး၊ (၄)ထပ်တိုက်ဂိုထောင် ၁၀လုံး၊ ဆောက်လုပ်ဆဲ (၂)ထပ်တိုက် ၂၁လုံး၊ (၃)ထပ်တိုက် ၁၀လုံး၊ (၄)ထပ်တိုက် ၅လုံး၊ (၅)ထပ်တိုက် ၅လုံးနှင့် (၁)ထပ်တိုက် ဆေးပေးခန်း ၂ခန်းတို့ကို တွေ့ရှိခဲ့ပြီး အဆိုပါ အဆောက်အအုံများအတွင်းမှ အလုပ်သမား အမျိုးသား ၁၆၄၅ ဦး၊ အမျိုးသမီး  ၄၅၅ ဦး၊ လုံခြုံရေး (ကျား) ၉၈ ဦး၊ စုစု ပေါင်း ၂၁၉၈ ဦးတို့အား တွေ့ရှိခဲ့သည်။

အဆိုပါ KK Park ဝန်းအတွင်းရှိ အဆောက်အအုံများ ဆောက်လုပ်ထားရှိမှု၊ မြေပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရ၏ တရားဝင်ခွင့်ပြုမိန့်၊ မြေပိုင်ဆိုင်ခွင့် အထောက်အထား၊ ဟိုတယ်နှင့် ခရီးသွားလာရေး၏ ဆောက်လုပ်ခွင့်၊ ခွင့်ပြုမိန့်များနှင့် ပတ်သက်၍ တရားဝင်စာရွက်စာတမ်းများ စစ်ဆေးတွေ့ရှိခြင်းမရှိသဖြင့်  သက်ဆိုင်ရာ တာဝန်ရှိသူများကို ဆင့်ခေါ်ရာတွင်လည်း လာရောက်ခဲ့ခြင်းမရှိသည့်အတွက် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများကို လုပ်ထုံးလုပ်နည်းများနှင့်အညီဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

           တပ်မတော်စစ်ကြောင်းများအနေဖြင့် ဆက်လက်တိုက်စစ် အရှိန်အဟုန်ဖြင့် စစ်ဆင်မှုပြုလုပ်ခဲ့ရာ ၂၀၂၄ ခုနှစ်က KNLA နှင့် PDF အမည်ခံအကြမ်းဖက်သမားများ ထိန်းချုပ်ခဲ့သည့် ရှုခင်းသာစခန်းအား အောက်တိုဘာ ၁၇ ရက်တွင်လည်းကောင်း၊ ပွိုင့်-၁၀၇၈ စွယ်တော် စခန်းကုန်းအား ယနေ့တွင်လည်းကောင်း အဆင့်ဆင့် သိမ်းပိုက်နိုင်ခဲ့ပြီး နယ်စပ်ဒေသတစ်လျှောက်ရှိ အဓိကအချက်အခြာကျသည့် နေရာများအား ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် နယ်စပ်ဒေသတစ်လျှောက် တပ်မတော်စစ်ကြောင်း များက ဆက်လက်ရှင်းလင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သတင်းရရှိသည်။