ကျောက်မဲမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ထပ်မံဖွင့်လှစ်၊ ကျောင်းအပ်နှံမှုများဆက်လက်လက်ခံ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက် နေပြည်တော်၊ ၂၀၂၅ အောက်တိုဘာ - ၁၈

Saturday, October 18, 2025 - 16:30

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၌ ကျောင်းသား၊ ကျောင်းသူများ အမြန်ဆုံး ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးကို နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူလူထုတို့ ပူးပေါင်း၍ အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြရာ ကျောက်မဲမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကို အောက်တိုဘာ ၈ ရက်တွင်လည်းကောင်း၊ အမှတ်(၄)အခြေခံပညာအထက်တန်း ကျောင်းနှင့် အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းကို အောက်တိုဘာ ၁၅ ရက်တွင် လည်းကောင်း၊ အခြေခံပညာအထက်တန်းကျောင်း(နောင်ပိန်)ကို အောက်တို ဘာ ၁၆ ရက်တွင်လည်းကောင်း၊ အမှတ်(၃)အခြေခံပညာအထက် တန်းကျောင်းကို အောက်တိုဘာ ၁၇ ရက်တွင် လည်းကောင်း၊ ယနေ့တွင် အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်းကို လည်းကောင်း ထပ်မံဖွင့်လှစ်နိုင်ခဲ့ရာ ယနေ့အထိ အခြေခံပညာကျောင်း ၆ ကျောင်း ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

အဆိုပါကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်းများ ဆက်လက်ဆောင်ရွက် ပေးလျက်ရှိရာ ကျောင်းလာရောက်အပ်နှံမှုအနေဖြင့် ယနေ့တွင် ကျောင်းသား/ကျောင်းသူ ၁၃၆ ဦး ထပ်မံကျောင်းအပ်နှံခဲ့သဖြင့် စုစုပေါင်းကျောင်းသား၊ ကျောင်းသူ ၄၀၂၄ ဦး ကျောင်းတက်ရောက်လျက်ရှိပြီး စာပေပညာများကို စိတ်အေးချမ်းသာစွာ သင်ကြားလျက် ရှိကြောင်း သိရှိရသည်။ ထပ်မံကျောင်းအပ်နှံသည့် ကျောင်းသား/ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနမှ အခမဲ့ပေးအပ်သည့် ကျောင်းသုံးစာအုပ်များ၊ စာရေး ကိရိယာများ နှင့် ထောက်ပံ့ ပစ္စည်းများကို တစ်ပါတည်းပေးအပ်ကြပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များ ဆောင်ရွက်ပေးကြသည်။

၎င်းအပြင် ကျောက်မဲမြို့သို့ ပြန်လည်ဝင်ရောက်လာသည့် ဒေသခံပြည်သူများအား အိမ်ထောင်စုစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေး ခြင်းတို့ကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများက ဆောင် ရွက်ပေးကြသည်။

ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျောက်မဲမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများနှင့် အများပြည်သူသွားလာနေထိုင်လျက်ရှိသည့် နေရာများတွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့် တပ်မတော်မှ ဆရာဝန်များ၊ သူနာပြုများ ပူးပေါင်း၍ ကျောက်မဲမြို့ လာဘမုနိတရုတ်ဘုံကျောင်း၌ ယာယီဆေးရုံဖွင့်လှစ်ကာ ဆေးကုသပေး ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပြင်ပလူနာ ၇၈ ဦးနှင့် ဆေးရုံ တက်ရောက်ကုသရန်လိုအပ်သော လူနာ ၁ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။