ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များအား ယနေ့ မွန်းလွဲပိုင်း တွင် တွေ့ဆုံအမှာစကားပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အဖွဲ့ဝင် အမှု ဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ က အမှာစကားပြောကြားရာတွင် မိမိတို့အစိုးရအနေဖြင့် နောင်လာ မည့် အစိုးရအတွက် ကြိုတင်ပြင်ဆင်၍ရအောင် နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် နိုင်ငံဖွံ့ ဖြိုးတိုး တက်ရေးကိစ္စရပ်များကို မှာကြားလိုကြောင်း။
အစိုးရတစ်ရပ်ဆိုသည်မှာ နိုင်ငံတော်နှင့် ပြည်သူပြည်သားများ၏ လူမှုစီးပွားဘဝ တိုးတက်အောင်ဆောင်ရွက်ပေးရန် တာဝန်ရှိကြောင်း၊ အလားတူ နိုင်ငံတော်လုံခြုံ အောင်ဆောင်ရွက်ပေးရန်တာဝန်ရှိကြောင်း၊ နိုင်ငံတကာကလည်း မိမိတို့နိုင်ငံအပေါ် လူရိုသေရှင်ရိုသေဖြစ်အောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ သို့မှသာ ခိုင်မာသည့် အစိုးရ တစ်ရပ်အနေဖြင့် ပြည်သူလူထုအနေဖြင့် အစိုးရအပေါ်မှာ ခိုင်ခိုင်မာမာဖြင့် ယုံ ကြည်စွာဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အရေးကြီးအဆုံးအချက် ဖြစ်သည့် နိုင်ငံတော်၏ လူမှုစီးပွားမြှင့်တင်ရေးအတွက် မဖြစ်မနေလုပ်ဆောင်ပေး ကြရ မည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံသည် အခြေခံအားဖြင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စီးပွားရေး ကိုဆောင်ရွက်ကြခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက် တွင် နေထိုင်ကြပြီး ၃၀ ရာခိုင်နှုန်းခန့်သည် မြို့ပြတွင်နေထိုင်ကြကြောင်း၊ အဆိုပါ လူဦးရေထဲမှ ၅၀ ရာခိုင်နှုန်းခန့်သည် လယ်ယာစိုက်ပျိုးရေး၊ သစ်တောနှင့်သားငါး ကဏ္ဍတို့တွင် အသက်မွေးဝမ်းကျောင်း ပြုနေကြသူများဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်ခြင်းသည် နိုင်ငံ့စီးပွားရေးကိုမြှင့်တင်ဆောင်ရွက်ပေးခြင်းပင်ဖြစ်ကြောင်း၊ ကျေးလက်စီးပွားရေးကို မြှင့်တင်ပေးမှသာ နိုင်ငံ့စီးပွားရေးတိုးတက်လာမည်ဖြစ်ပြီး ဆင်းရဲမွဲတေမှုကိုတပါတည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း။
စိုက်ပျိုးရေးကဏ္ဍတွင် သာမန်အားဖြင့် ကောက်ပဲသီးနှံများသာမက စက်မှု သီးနှံ များကိုလည်း တိုးချဲ့စိုက်ပျိုးခြင်းဖြင့် စက်မှုလုပ်ငန်းများတိုးတက်လာပြီး ကုန်ထုတ် လုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများလည်းတိုးတက်လာမည်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံ၏ အဓိကကျောရိုးဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံ၍ တိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် စက်မှုကဏ္ဍကြီးနှင့် ဝန်ဆောင်မှုကဏ္ဍကြီးများ လည်း တိုးတက်လာမည်ဖြစ်ကြောင်း။
သီးနှံများပိုမိုတိုးတက်ထုတ်လုပ်နိုင်ရန်အတွက် စိုက်ပျိုးမြေများတိုးချဲ့ခြင်းထက် ရှိပြီးသား စိုက်ပျိုးမြေများပေါ်တွင် တစ်ဧကသီးနှံအထွက်နှုန်းများ တိုးတက်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ သီးနှံအထွက်နှုန်းများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီ စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပန်းတိုင် ရည်မှန်းချက်များပြည့်မီမှု မရှိသေးကြောင်း၊ တစ်ဧကပန်းတိုင်အထွက်နှုန်းများ တိုးတက်စေရေး ဆောင်ရွက်ရာတွင် မျိုးကောင်းမျိုးသန့်များစိုက်ပျိုးရန်၊ စိုက်ပျိုးမြေ များကောင်းမွန်စေရေး လိုအပ်သည့် မြေဩဇာများ ထည့်သွင်းခြင်းနှင့် မြေပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်ရန်၊ စိုက်ပျိုးရေကို အကျိုးရှိစွာဖြင့်အသုံးချရန်နှင့် နည်းစနစ် တကျ စိုက်ပျိုးရန်လိုကြောင်း၊ သီးနှံအထွက်နှုန်းများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီ စေရေးအတွက် နိုင်ငံတော်အနေဖြင့် တတ်နိုင်သည့်ဘက်မှကူညီ ဆောင်ရွက်ပေးလျက် ရှိသကဲ့သို့ စိုက်ပျိုးသူ တောင်သူများ ကိုယ်တိုင်ကလည်း ကြိုးပမ်းဆောင်ရွက်ကြစေလို ကြောင်း၊ ထိုသို့အထွက်နှုန်း တိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေး တောင်သူများအနေဖြင့် ကိုယ်တိုင်အကျိုးခံစားနိုင်မည်ဖြစ်ကြောင်း၊ မိမိကိုယ်တိုင် အားထည့် ဆောင်ရွက်မှသာ မိမိဆောင်ရွက်သည့်အကျိုးကို ခံစားနိုင်မည်ဖြစ်ကြောင်း။
မိမိတို့အနေဖြင့် ပြည်တွင်းဆီဖူလုံမှုရှိစေရေး နေကြာစိုက်ဧကများတိုးချဲ့ခြင်းနှင့် ကော်ဖီများပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ကော်ဖီစိုက်ဧကများတိုးချဲ့ခြင်းကို ခွင့်ပြုပေး ထားကြောင်း၊ မိမိတို့နိုင်ငံတွင် ပြည်တွင်းဆီလိုအပ်ချက်ရှိခြင်းကြောင့် ဆီနေကြာ စိုက်ပျိုးခြင်းကို အားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ နှမ်းနှင့် မြေပဲစိုက်ပျိုးမှုများ ရှိသော်လည်း မိရိုးဖလာစားသုံးမှုနှင့် ပြည်ပတင်ပို့မှုများကြောင့် ပြည်တွင်းဆီဖူလုံမှု အတွက် လိုအပ်ချက်များရှိနေသေးကြောင်း၊ ဆီနေကြာစိုက်ပျိုးခြင်းဖြင့် ပြည်တွင်းဆီ ဖူလုံမှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေမည်ဖြစ်ပြီး ပြည်ပမှဆီတင်သွင်း မှုများကို လျှော့ချနိုင်မည်ဖြစ်သဖြင့် နိုင်ငံတော်အတွက်များစွာ အကျိုးဖြစ်ထွန်း စေမည်ဖြစ်ကြောင်း။
ကော်ဖီစိုက်ပျိုးခြင်းနှင့်ပတ်သက်၍လည်း ယခင်ကတည်းက ကော်ဖီစိုက်ပျိုးခြင်း လုပ်ငန်းများကို စီမံကိန်းများချမှတ်၍ ဆောင်ရွက်ခဲ့သော်လည်း အပြည့်အဝမစိုက် ပျိုးခြင်းနှင့် အခြားနည်းများဖြင့် သုံးစွဲခြင်းများပြုလုပ်ခြင်းများကြောင့် ထိုက်သင့် သလောက်အောင်မြင်မှုများမရှိခဲ့ကြောင်း၊ မိမိတို့နိုင်ငံတစ်ဝန်းလုံးတွင် မြေနိမ့်ကော်ဖီ ကို စိုက်ပျိုးနိုင်ကြောင်း၊ ထို့ကြောင့် ကော်ဖီစိုက်ပျိုးမြေများ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ခွင့်ပြုပေးထားပြီး အပြည့်အဝစိုက်ပျိုးကြရန်လိုကြောင်း။
စက်မှုသီးနှံနှင့်ပတ်သက်၍ ရာသီသီးနှံများ၊ နှစ်တိုသီးနှံများ၊ နှစ်ရှည်သီးနှံများရှိ ကြောင်း၊ ဝါ သည် ရာသီသီးနှံဖြစ်ပြီး ကြံသည် နှစ်တိုသီးနှံဖြစ်ကြောင်း၊ ကော်ဖီ၊ ရာဘာ တို့ကဲ့သို့သော သီးနှံများသည် နှစ်ရှည်သီးနှံများဖြစ်ကြောင်း၊ ဝါ ကို မကွေး၊ မန္တလေး၊ စစ်ကိုင်းနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အဓိကစိုက်ပျိုးနေပြီး စုစုပေါင်း ဝါ စိုက်ဧက ၅ သိန်းခန့်ရှိကြောင်း၊ လက်ရှိစိုက်ဧကအတိုင်း တစ်ဧကအထွက်နှုန်းပြည့်မီအောင် စိုက်ပျိုးနိုင်မည်ဆိုပါက နိုင်ငံအတွက် များစွာ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် မိမိတို့နိုင်ငံ၊ မိမိတို့ဒေသ စီးပွားရေးတိုးတက်ရေးအတွက် စိုက်ပျိုးလုပ်ငန်းများကို အလေးထားဆောင်ရွက် သွားကြရန်လိုကြောင်း။
စားရေးနှင့်ပတ်သက်၍ စားရေရိက္ခာများ လုံလောက်စွာရရှိစေရေး မိမိတို့ အနေဖြင့် အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒေသအလိုက် အသားငါးများ ဖူလုံပေါများစေရေး ဆောင်ရွက်ပေးရာတွင် စိုက်ပျိုးမွေးမြူရေးဇုံများတည်ထောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့ဒေသတွင်နေထိုင်သည့် လူဦးရေအလိုက် စားရေးဖူလုံမှုရှိစေရေး အဆင့်ဆင့်တိုးမြှင့်မွေးမြူ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဥပမာအားဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် နေထိုင်သူ လူဦးရေ ၇ သန်းရှိပြီး လူဦးရေ တစ်ဝက် ၃ သန်းခွဲတွင် ကြက်ဥတစ်ရက်လျှင် တစ်လုံးစားပါက ကြက်ဥအလုံး ရေ ၃ သန်းခွဲလိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကြက်ဥ ၃ သန်းခွဲရရှိရန်အတွက် ကြက်အကောင်ရေ ၄ သန်းခန့်မွေးမြူရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စားရေးကိုအထောက်အကူပြုစေရန်အတွက် မွေးမြူရေးလုပ်ငန်း များဆောင်ရွက်ရာတွင် ပထမအဆင့် ၂၅ ရာခိုင်နှုန်း ဒုတိယအဆင့် ၄၀ ရာခိုင်နှုန်း ဖူလုံ စေရန်နှင့် နောက်ဆုံးအဆင့်တွင် ၁၀၀ ရာခိုင်နှုန်းဖူလုံစေရေး အဆင့်ဆင့်တိုးမြှင့် စီမံချက်ချ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
စားသောက်ရေးအတွက်လိုအပ်သည့် ဥနှင့် အသား၊ ငါးများ လုံလောက်စွာရရှိရေး မွေးမြူရေး လုပ်ငန်းများကို မဖြစ်မနေဆောင်ရွက်ပေးရန် လိုကြောင်း၊ ထိုသို့ဆောင် ရွက်ခြင်းဖြင့် အသားငါးများ၏ ဈေးနှုန်းများလည်း အထိုက်အလျောက် သင့်တင့်မျှတ လာမည်ဖြစ်ကြောင်း၊ မိမိတို့၏ အမျိုးသားရေး ရည်မှန်းချက်နှစ်ရပ်မှာ တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးပင်ဖြစ်ကြောင်း၊ အစိုးရတစ်ရပ်အနေဖြင့် ရည်မှန်းချက်ကြီးကြီးထား၍ ဆောင်ရွက်သွားရန်ဖြစ် ကြောင်း။
ဝါ၊ ကိုကိုး၊ ကော်ဖီ ၊ သရက်၊ ရာဘာ၊ သီဟိုဟ် စသည့် စက်မှုကုန်ကြမ်း သီးနှံအပင်များ စိုက်ပျိုးခြင်းကိုလည်းကိုလည်း ရေရှည်အတွက် အောင်မြင်အောင် စိုက်ပျိုး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ စက်မှုထုတ်ကုန်များပိုမိုတိုးတက် ထုတ်လုပ်နိုင်ခြင်းဖြင့် နိုင်ငံအတွက် များစွာအကျိုးရှိမည်ဖြစ်ကြောင်း။
ဘဏ္ဍာငွေသုံးစွဲမှုနှင့်ပတ်သက်၍ ဘတ်ဂျက်လျာထားချက်များရေးဆွဲရာတွင် လည်း လျာထားတွက်ချက်ထားသည့်အတိုင်း သုံးစွဲရန်လိုကြောင်း၊ ဘတ်ဂျက်များ သုံးစွဲမှုကြောင့် ငွေကြေးလည်ပတ်မှုများဖြစ်လာပြီး ဝယ်လို အားနှင့်ရောင်းလိုအားများ ကောင်းမွန်လာမည်ဖြစ်ကာ အခြေခံအဆောက်အအုံများ ပိုမိဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု လာမည်ဖြစ်ကြောင်း၊ အခြေခံအဆောက်အဦများ လိုအပ်ချက် များရှိသည့် အခြေခံပညာကျောင်းများ၊ တက္ကသိုလ်၊ ကောလိပ်များကိုလည်း ပိုလျှံနေ သည့်ရန်ပုံငွေများမှ သုံးစွဲ၍ ပြုပြင်ထိန်းသိမ်းတည်ဆောက်သွားရန်လိုကြောင်း၊ စာသင် ကျောင်းများအတွက်လိုအပ်သည့် သင်ထောက်ကူပြု ဓာတ်ခွဲခန်းများကိုလည်း တည်ဆောက်ပေးသွားရန်လိုကြောင်း၊ သို့မှသာပညာတတ် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး စံချိန်မီသည့် ကျောင်းများဖြစ်အောင် ဆောင်ရွက်သွားကြရန်လို ကြောင်း၊ ဘတ်ဂျက်နှင့်ပတ်သက်၍ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍများတွင်သုံး စွဲသွားကြစေလိုကြောင်း။
မိမိတို့နိုင်ငံတွင် အသိပညာ၊ အတတ်ပညာကောင်းမွန်စေရေး အတန်းပညာများ ကောင်းမွန်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်သူများ၏ အခြေခံစိတ်ဓာတ်များ တိုးတက်ကောင်းမွန်လာစေရေး အချိန်ယူ၍ ပြုပြင်ပြောင်းလဲခြင်းများဆောင်ရွက်သွား ကြရန်လိုကြောင်း၊ ကျောင်းသားများ၏ စိတ်ဓာတ်ကိုမြှင့်တင်ပေးနိုင်ရေး အခြေခံ အဆောက်အဦများကို မြှင့်တင်ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း။
အလားတူ ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်၍ မပြည်စုံသေးသည့် ဆေးရုံများ များစွာရှိကြောင်း၊ ဆေးရုံအမြင်ကောင်းနေရမည်၊ ကုသရေးအတွက် အစွမ်းထက် သူများရှိရမည်ဖြစ်ကြောင်း၊ သို့မှသာ ပြည်သူများက အပြည့်အဝယုံကြည်အားကိုး နိုင်ကြမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဆေးရုံများအတွက်လိုအပ်သည့် ဥပဓိရုပ်ပိုင်းဆိုင် ရာများနှင့် ကုသရေးပိုင်းဆိုင်ရာ လိုအပ်သည့်ပစ္စည်းများကို ဖြည့်ဆည်းဆောင်ရွက် ပေးသွားကြရမည်ဖြစ်ကြောင်း၊ ပညာရေးဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများ နေထိုင်နိုင်ရေးအတွက်လည်း ဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
လမ်းပန်းဆက်သွယ်မှုနှင့်ပတ်သက်၍ လမ်းများကောင်းမွန်အောင် ဆောင်ရွက် ပေးကြရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ လမ်းများအားလုံး လမ်းဘေးဝဲယာတွင် အရိပ်အာဝါသများကောင်းမွန်စေရေး သစ်ပင်များစိုက်ပျိုးသွား ကြရန်လိုကြောင်း၊ အလားတူလမ်းများကောင်းမွန်ချောမွေ့နေစေရေးနှင့် တံတား အတက် အဆင်းများကောင်းမွန်စေရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ အဓိကအားဖြင့် နိုင်ငံတိုးတက်စေရန်၊ စီးပွားရေးအရတိုးတက်စေရန် ရရှိနေသည့် ကာလအတွင်း ရသမျှ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ် များက ပြည်နယ်နှင့် တိုင်းဒေသများအလိုက် စပါးစိုက်ပျိုးဧကများနှင့် အထွက်နှုန်း မှန်ကန်မှုရှိစေရေးနှင့် ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နိုင်ငံတော်မှ သွင်းအားစုများအပါအဝင် အခြားထောက်ပံ့ပေးလျက်ရှိ သည့် အခြေအနေများ၊ ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေးနှင့် ကုန်ဈေးနှုန်း တည်ငြိမ်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စေရေးအတွက် မဲစာရင်းများ မှန်ကန်မှုရှိစေရေးနှင့် မဲရုံများ လျာထားဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ခေတ္တ ပိတ်ထားခဲ့ရသည့် အခြေခံကျောင်းများနှင့် တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်၍ ပညာသင်ကြား နေမှုအခြေအနေ၊ မူဝါဒများနှင့်အညီ စီမံကိန်းများ ရာခိုင်နှုန်းအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ ငလျင်ကြောင့် ထိခိုက်ပျက်စီး ခဲ့မှုများကို ဖယ်ရှားရှင်းလင်းပြီး ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက်ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် မူယစ်ဆေးဝါး ဖမ်းဆီးရရှိမှု အခြေအနေများ၊ တရားမဝင် အကောက်အခွန်မဲ့ ပစ္စည်းများ ဖမ်းဆီးရရှိမှုအခြေအနေ၊ တရားမဝင် အွန်လိုင်းလောင်းကစားမှုများ လုပ်ဆောင်လာမှုနှင့် တားဆီးကာကွယ်ရန် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က မဲဆွယ် ကာလနှင့် ရွေးကောက်ပွဲကျင်းပမည့် အပိုင်းများအလိုက် တာဝန်ရှိသူများအနေဖြင့် လုံခြုံရေးအထူး အလေးထားဆောင်ရွက်ရန်၊ ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲ၏အမှားကို သင်ခန်းစာယူ၍ ယခုကျင်းပမည့် ရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်မှုနှင့် ကဏ္ဍစုံအမှားအယွင်းမရှိစေရေး ကြပ်ကြပ်မတ်မတ်ဖြင့် အထူးအလေးထား ဆောင်ရွက်ရန်၊ ဝန်ကြီးဌာနအလိုက် / ပြည်နယ်နှင့် တိုင်းဒေသကြီး အလိုက် မဲစာရင်းမှန်ကန်မှုရှိစေရေး ဆောင်ရွက်သွားရန်လိုအပ်မှုနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ရွေးကောက်ပွဲကျင်းပ ချိန်တွင် မဲစာရင်းများမှန်ကန်မှုရှိစေရေးအတွက် တိကျ မှန်ကန်သည့်မဲစာရင်းများ ရရှိစေရေး သန်းခေါင်စာရင်းကိုကောက်ယူခဲ့ခြင်းဖြစ်ကြောင်း၊ စာရင်းများမှန်ကန်မှုရှိ စေရေးသည် အရေးကြီးကြောင်း၊ မဲရုံတာဝန်ပေးအပ်မှုများနှင့်ပတ်သက်၍လည်း စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင်နှင့် တိုင်းဒေသ ကြီး ပြည်နယ်အစိုးရများအနေဖြင့် လုပ်ငန်းများအား မှန်မှန်ကန်ကန်ဖြစ်အောင် စိစစ်ဆောင်ရွက်သွားရန်လိုကြောင်း၊ မဲပေးရွေးချယ်ရာတွင် ကိုယ်စားလှယ်များသည် ဒို့တာဝန်အရေးသုံးပါးကို အလေးထားစောင့်ထိန်းသူ၊ နိုင်ငံရေးအမြင်၊ လုံခြုံရေးအမြင်၊ စီးပွားရေးအမြင်၊ အုပ်ချုပ်ရေး အမြင်များရှိသူများဖြစ်ရန်လိုပြီးအမှန်တကယ်တိုင်းပြည် အကျိုးအတွက် ဆောင်ရွက်နိုင်သည့် သူများဖြစ်ရန်လိုကြောင်း။
စိုက်ပျိုးရေးလုပ်ငန်းများနှင့်တွဲဖက်၍ ပျားမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက် သွားမည်ဆိုပါက အကျိုးဖြစ်ထွန်းစေကြောင်း၊ မိမိတို့ဒေသအလိုက်ရာသီဥတု မြေအနေထားနှင့် ကိုက်ညီသည့် မှိုစိုက်ပျိုးခြင်းများကိုလည်း ဆောင်ရွက်နိုင်ကြောင်း၊ မီးဖိုချောင်သုံး သီးနှံများဖြစ်သည့် အာလူး၊ ကြက်သွန်၊ ငရုတ်သီး စသည့် သီးနှံများကို လည်း ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး စိုက်ပျိုးသွားကြရန်လိုကြောင်း။
သစ်အသုံးပြုမှုနှင့်ပတ်သက်၍ ဒေသအတွက်လိုအပ်သည့် သစ်များအား သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ အသုံးပြုခွင့်ပြုပေးမည်ဖြစ် ကြောင်း၊ တရားမဝင်ခုတ်ယူမှုများမရှိစေရေးအတွက်လည်း စနစ်တကျထိန်းသိမ်း ဆောင်ရွက် သွားရန်လိုကြောင်း၊ တစ်ဖက်မှလည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးလုပ်ငန်း များကို ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့အနေဖြင့် “ နိုင်ငံတော် ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့” ၊ “နိုင်ငံတော် ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့” ၊ “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းစို့” ဆိုသည့် ဆောင်ပုဒ်များကို ချမှတ်ထားပြီး ဆောင်ပုဒ်များအတိုင်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက် သွားကြရန်လိုကြောင်းဖြင့် မှာကြားပြီး အစည်းအဝေးကိုရုတ်သိမ်းလိုက်ကြောင်း သတင်း ရရှိသည်။