မေး။ ဒီနေ့က NCA (၁၀)နှစ်ပြည့်ဆိုတော့ ဒီနေ့အခမ်းအနားနဲ့ပတ်သက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်လည်း မိန့်ခွန်းပြောသွားတာရှိပါတယ်။ NCA (၁၀)နှစ်ပြည့်နဲ့ပတ်သက်ပြီး ပထမဆုံးဗိုလ်ချုပ်ဘာများပြောချင်တာရှိပါသလဲခင်ဗျာ့။
ဖြေ။ NCA (၁၀) နှစ်ပြည့်အခမ်းအနားမှာတော့ နိုင်ငံတော်ယာယီသမ္မတရော၊ NCA စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့လူတွေရော၊ နိုင်ငံတကာအသိသက်သေတွေရော၊ နိုင်ငံ တကာကိုယ်စားလှယ်တွေရော ပြောသွားတဲ့မိန့်ခွန်းတွေ၊ ပြောသွားတဲ့ အမှာစကားတွေရော ကျွန်တော်တို့အားလုံးကြားပြီးဖြစ်မှာပါ။ ဒီဟာနဲ့ပတ်သက်ပြီး အမှတ်တရ ကျွန်တော် ပြောချင် တာက နံပါတ်တစ်က NCA စာချုပ်ဖြစ်ပေါ်လာဖို့ မလွယ်ဘူးဆိုတာ မီဒီယာများလည်း အသိ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးလည်း အမျိုးမျိုးဝေဖန်နေတာတွေရှိတယ်။ အမျိုးမျိုး ကြေညာ ချက်တွေ ထုတ်နေတာရှိတယ်။ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ တွေ့ကြုံရတဲ့အတွေ့အကြုံကို ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်လည်း ယခင်အစိုးရတွေမှာကျင်းပတဲ့ ငြိမ်းချမ်းရေးညီလာခံတွေမှာ တပ်မတော်ကိုယ်စားလှယ်အနေနဲ့ တက်ခဲ့ဖူးတဲ့အတွက်ကြောင့်မို့ အတွေ့အကြုံတွေလည်း တော်တော်များများ ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်ပြောချင်ပါတယ်။ နံပါတ်တစ်ကတော့ မသိတာထက်၊ သိတာ ပိုကောင်းတယ်။ မရှိတာထက်၊ ရှိတာပိုကောင်းတယ်။ အဲဒီပုံသေနည်းကို ပထမဦးဆုံး ကျွန်တော်ပြောချင်တယ်။ ဒီ NCA စာချုပ်က စတင်ဖြစ်ပေါ်လာတာက ကျွန်တော်တို့က တိုင်းရင်းသားတွေ၊ EAO တွေ အရင်ဆွေးနွေးပြီးမှ ဖြစ်ပေါ်လာတာ ဖြစ်တယ်။ ခင်ဗျားတို့၊ ကျွန်တော်တို့သိခဲ့ပြီးတဲ့အတိုင်းပဲ လိုင်ဇာမှာ လုပ်ခဲ့တယ်။ လော်ခီလာ မှာလုပ်ခဲ့တယ်။ ဒါက တိုင်းရင်းသားနယ်မြေမှာ လုပ်ခဲ့တာ၊ ကချင် KIA နယ်မြေမှာလုပ်ခဲ့တာ။ KNU နယ်မြေမှာလုပ်ခဲ့တာ။ လုပ်ပြီးမှ ဒီ NCA စာချုပ်ဖြစ်ပေါ်လာတာ။ အဲဒီသဘောတူညီ ချက်နဲ့လုပ်ခဲ့တာဖြစ်တယ်။ အခုချိန်မှာပြောနေတာတွေက NCA စာချုပ်နဲ့ပတ်သက်ပြီး NCA စာချုပ်ကိုစက္ကူစုတ်တစ်ခုလို ပြောနေတာတွေက အဓိပ္ပါယ်ရှိရဲ့လားလို့ ကျွန်တော်တို့ ပြန်လည်စဉ်းစားရမယ်။ ဒီ NCA စာချုပ် ထက်ပိုပြီးပြည့်စုံတဲ့ဟာ ပေါ်လာနိုင်စရာအကြောင်း မရှိဘူးဆိုတာ ဒါအကြောင်းမဲ့ ပြောသွားတာမဟုတ်ဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့ခံယူ ထားရမှာက မသိတာထက်၊ သိတာ ပိုကောင်းပါတယ်ဒီအချိန်မှာ။ မရှိတာထက်၊ ရှိတာပိုကောင်းတယ်။ နောက်တစ်ခု လက်ရှိ သုံးနှုန်းနေတဲ့ တော်လှန်ရေးဆိုတဲ့ဟာနဲ့ ပတ်သက်ပြီးပြောမယ်။ ဒါတောင်မှ တော်လှန်ရေးဆိုတာ အငြင်းပွားနေသေးတယ်။ ကျွန်တော်တို့က EAOs လို့ခေါ် တာပေါ့ဗျာ။ Ethnic Armed Organizations။ ဒါပေမယ့် အခုနောက်ပိုင်းမှာ အဲဒီလိုခေါ်တာ သိပ်မကြိုက်တော့ဘူး။ ERO လို့ခေါ်ပါပြောတယ်။ Ethnic Revolution Organizations ပေါ့။ ဟုတ်ပြီ။ တော်လှန်ရေးနဲ့ပတ်သက်ပြီး ကျွန်တော်ပြောမယ်။ တော်လှန်ရေးနဲ့ပတ်သက်ပြီး ကျွန်တော်ဆန့်ကျင်ဘက်စကားလည်း မပြောဘူး။ တော်လှန်ရေးဆိုတဲ့ အသုံးအနှုန်းနဲ့ ပတ်သက်ပြီး ထောက်ခံတဲ့စကားလည်း မပြောဘူး။ သို့သော် တကယ့်တကယ် တော်လှန်ရေး ဆိုတဲ့အယူအဆတွေ ခေတ်စားလာတယ်ပေါ့။ တော်တော့်ကို ပြင်းပြင်းထန်ထန် ခေတ်စားလာတဲ့ ၁၉၅၀ ပြည့်နှစ်က စကားတစ်ခုကို ကျွန်တော်ပြောပြမယ်။ တော်လှန်ရေးကို ဖန်တီးခြင်းဖြင့် တော်လှန်ရေးကိုဖန်တီးပြီး တော်လှန်ရေးကို သင်ယူခြင်းဖြင့် တော်လှန်ရေးကို လုပ်ကြပါ ဆိုတဲ့ စကားစဖူးတယ်။ သို့သော် နောက်ဆက်တွဲက ဘာပြောရမလဲ။ ခုနကပြောတဲ့ တော်လှန်ရေးကို ဖော်ဆောင်ခြင်းဖြင့် တော်လှန်ရေးကိုသင်ယူကြဆိုတဲ့ စကားရပ်ကို အကောင်အထည်ဖော်ရင်း စာသင်ကျောင်းတွေ အကန့်အသတ်မရှိ ပိတ်လိုက်ရမှာတော့ စိုးရိမ်ပါတယ်တဲ့။ ဒါနိုင်ငံကျော်စကားတစ်ခုပါ။ အဲ့ဒီတော့ အခု ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဘာဖြစ်နေလဲ။ တော်လှန်ရေးဆိုတဲ့ဟာတွေ၊ ဆန့်ကျင်ရေးဆိုတဲ့ဟာတွေကြောင့်မို့လို့ စာသင်ကျောင်းတွေ အကန့်အသတ်မရှိ ပိတ်လိုက်ရတယ်ဆိုရင် မကောင်းပါဘူး။ ဒါဟာ နိုင်ငံ အတွက်နစ်နာမှုဖြစ်ပါတယ်။ ပြည်သူအားလုံးအတွက် နစ်နာမှုဖြစ်ပါတယ်။ ဘာပဲလုပ်ကြ လုပ်ကြပေါ့။ အခြေခံတွေ၊ အခြေခံအဆောက်အဦတွေ မိမိနိုင်ငံမှာရှိသင့်တဲ့ အခြေခံ ကျင့်ဝတ်တရားတွေ၊ မိမိနိုင်ငံမှာရှိသင့်တဲ့ အခြေခံပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတွေ ကိုတော့ မထိခိုက်ဖို့လိုတယ်လို့ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်။ နောက် ကျွန်တော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို လုပ်ဆောင်ကြတဲ့အခါမှာ အယူအဆအမျိုးမျိုးတွေရှိတယ်။ အတွေးအခေါ်အမျိုးမျိုးတွေရှိတယ်။ ကြိုးပမ်းဆောင်ရွက်မှုတွေ အမျိုးမျိုးရှိပါတယ်။ သို့သော် ကျွန်တော်တို့မှတ်ထားရမှာက နိုင်ငံရေးမှာ အဆိုအမိန့်တစ်ရပ်ရှိတယ်။ နိုင်ငံရေးဆိုတာ ကွက်လပ်ကို မုန်းတယ်။ နိုင်ငံရေးဆိုတာလေဟာနယ်ကို မုန်းတယ်တဲ့။ နိုင်ငံရေးမှာ ကွက်လပ်မထားရဘူး။ နိုင်ငံရေးမှာ ဆန္ဒတစ်စုံတစ်ရာကို ဖြည့်ဆည်းမပေးနိုင်လို့ ရှိရင် အဲ့ဒီဆန္ဒတစ်စုံတစ်ရာ ကွက်လပ်ကို အကြောက်တရားက ဖြည့်ပေးတယ်။ အခု ကျွန်တော်တို့နိုင်ငံမှာ ဘာဖြစ်နေလဲ။ ဒီလိုပဲ ငြိမ်းချမ်းရေးမှာလည်း ကွက်လပ်တစ်စုံတစ်ရာ မရှိသင့်ဘူး။ နိုင်ငံရေးမှာလည်း ကွက်လပ်မရှိဖို့ ကျွန်တော်တို့ ကြိုးစားဆောင်ရွက်ရမယ်။ ငြိမ်းချမ်းရေးမှာလည်း ကွက်လပ်မရှိဖို့ ကျွန်တော်တို့ ကြိုးစားဆောင်ရွက်သင့်တယ်လို့ မြင်ပါတယ်။ နိုင်ငံရေးမှာ ကွက်လပ်မရှိဖို့အတွက် ဒီမိုကရေစီစနစ်ကို ပြန်လည် အကောင်အထည်ဖော်နိုင်ဖို့ ကျွန်တော်တို့ ရွေးကောက်ပွဲဆောင်ရွက်နေတာရှိတယ်။ ရွေးကောက်ပွဲသည် အလုံးစုံအတွက် အဖြေမဟုတ်ဘူးဆိုတာ သိပါတယ်။ ငြိမ်းချမ်းရေး နဲ့လည်း တွဲရမှာဖြစ်ပါတယ်။ အဲ့တော့ ငြိမ်းချမ်းရေးမှာ ကွက်လပ်တစ်စုံ တစ်ရာမရှိဖို့ ဘာလိုတုန်းဆိုတော့ အမြဲတမ်းတွေ့ဆုံနေဖို့။ အမြဲတမ်း ဆွေးနွေးနေဖို့။ အောင်မြင်တဲ့ အကောင်အထည်ဖော်နိုင်ဖို့ လိုမယ်လို့ထင်တယ်။ ဟုတ်ပြီ။ အမြဲတမ်းတွေ့ဆုံဖို့ အမြဲတမ်း ဆွေးနွေးဖို့ အောင်မြင်တဲ့အကောင်အထည်ဖော်နိုင်ဖို့ဆိုတာသည် ငြိမ်းချမ်းရေးဆိုတာ စတင်ဆွေးနွေးကတည်းကအတိုင်းတော့ ဘယ်သောအခါမှ ၁၀၀ ရာခိုင်နှုန်း မိမိလိုအင်ဆန္ဒမရနိုင်ဘူး။ ၁၀၀ ရာခိုင်နှုန်းရဖို့ဆိုရင်တော့ အပြတ်ရှင်း ၊ အပြုတ်ရှင်းနည်းပဲ ရှိတယ်။ ဒါနဲ့တင် နှစ်ပေါင်းဘယ်လောက်ကြာပြီလဲဆိုတာလည်း ကျွန်တော်တို့ တွေ့နိုင်တာ ဖြစ်တယ်။ အဲ့ဒီတော့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ဆောင်ရွက်တဲ့နေရာ မှာပေါ့နော်၊ ဒီအခွင့်အရေးကိုလိုချင်တဲ့သူတွေကလည်း ရသင့်ရထိုက်တာ၊ ဖြစ်သင့်ဖြစ်ထိုက် တာကို တောင်းဖို့လိုသလို၊ အခွင့်အရေးကိုပေးမယ့်သူတွေကလည်း ဥပဒေစာအုပ်ကိုကိုင်ပြီး ပုလိပ်စစ်စစ်နေလို့တော့မဖြစ်နိုင်ဘူး။ ဥပဒေစာအုပ်ကို လှန်ကြည့်ပြီး ဒါနဲ့မညီဘူး၊ ဟိုဟာနဲ့ မညီဘူးဆိုပြီး ပုလိပ်စစ်စစ်နေလို့ကတော့ မဖြစ်နိုင်ဘူး။ ဒါတွေသည် အလျှော့အတင်းနဲ့၊ တကယ့်ကို ငြိမ်းချမ်းလိုတဲ့ ဆန္ဒနဲ့သွားမှဖြစ်နိုင်မယ်လို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။
မေး။ ဒီနေ့ပွဲကိုမတက်ရောက်ဖြစ်တဲ့ လက်မှတ်ထိုးတဲ့အဖွဲ့ရော၊ မထိုးတားတဲ့အဖွဲ့တွေ ကို ဗိုလ်ချုပ်တို့အနေနဲ့ ဘာများပြောစရာရှိပါသလဲ။
ဖြေ။ ဒီ NCA စာချုပ်သည် နိုင်ငံတကာအသိသက်သေတွေရှေ့မှာ အားလုံးက EAO တွေရဲ့ သဘောတူညီချက်ပေါ့နော်၊ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒီအတွက် သူတို့ပြော သလိုပဲ NCA စာချုပ်က စက္ကူစုတ်တစ်ခုဖြစ်သွားစရာလည်း အကြောင်းမရှိဘူး။ ဒီအဖွဲ့ အစည်းတွေရှိနေသမျှ ကာလပတ်လုံး NCA စာချုပ်၊ NCA ရဲ့ ကတိပြုချက်က ရှိနေတာဖြစ်မယ်။ NCA ဆိုတာသည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုတဲ့၊ ငြိမ်းချမ်းရေး ဆိုတဲ့ဟာတစ်ခုတည်းနဲ့တင် မဟုတ်ပါဘူး။ သူသည် နိုင်ငံတည်ဆောက်ရေး၊ တိုင်းပြည် တည်ဆောက်ရေးအထိပါတဲ့အတွက် သူတို့ လုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ ဒီလုပ်ငန်းစဉ်တွေသည် ဆက်လက်တည်ရှိနေမှာဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ကြီးသည် ခုနကကျွန်တော်ပြောသလို မရှိတာထက်၊ ရှိတဲ့ဟာက ပိုကောင်းတယ်။ ရှိပြီးသားဟာ အပေါ်မှာပဲ ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ၊ ဘယ်လိုပြုပြင်မွမ်းမံကြမလဲဆိုတာကို တွေးခေါ်ကြံဆဖို့အတွက် ကျွန်တော့်အနေနဲ့ တိုက်တွန်းလိုပါတယ်။
မေး။ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေဖြစ်နေတာနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်တို့ ဆွေးနွေးနေတာမျိုး ရှိပါသလား။
ဖြေ။ တိုင်းရင်းသားဒေသတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဆွေးနွေးနေတာရှိပါတယ်။ မြန်မာပြည်အရှေ့မြောက်ဘက်ပေါ့နော်၊ မြောက်ဘက်ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးလည်း ဆွေးနွေးနေတာရှိပါတယ်။ တချို့လည်း ကြားဝင်စေ့စပ်နေတာနဲ့ ဆွေးနွေးနေတာရှိပါတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့အစိုးရအနေနဲ့ စဉ်ဆက်မပြတ် ဆက်လက် ဆွေးနွေးသွားမှာပဲဖြစ်ပါတယ်။
မေး။ လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီး နောက်ဆုံးအခြေအနေတွေ ဘာများပြောချင်ပါသလဲ။
ဖြေ။ လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး NCA နှစ်ပတ်လည်နေ့မှာ ကျွန်တော့်အနေနဲ့ ပြောချင်တာကတော့ ကျွန်တော်ခဏခဏပြောခဲ့တယ်။ အရင်ကတည်းက ပြောခဲ့တယ်။ ကျွန်တော်တို့အထဲမှာဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခမှာ ဘယ်သူသေသေ မြန်မာသေတာ ပဲ။ ဘယ်တိုင်းရင်းသားသေသေ မြန်မာသေတာပဲ။ ဘယ်သူမှ ဘယ်သူသေလို့မို့ ဝမ်းမြောက် ဝမ်းသာ ဖြစ်နေစရာမရှိဘူး။ ဘယ်သူဆုံးရှုံးလို့မလို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေစရာ အကြောင်းမရှိဘူး။ စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီးပြောရရင်တော့ ယခင်ကထက်ပိုမို ကောင်းမွန်လာပါတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်လာပြီးလည်း ယခင်ကထက် မျှော်လင့်ချက် ပိုမိုရှိလာပါတယ်လို့ပဲ ပြောချင်ပါတယ်။