ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား
နေပြည်တော်၊ အောက်တိုဘာ - ၁၅
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကိုယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိမြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁)(MICC–I)၌ ကျင်းပရာပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားသည်။
အခမ်းအနားသို့ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အဆင့်မြင့်တပ်မတော်အရာရှိ ကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ နိုင်ငံတော် ယာယီသမ္မတ၏ အကြံပေးဂ္ဂိုလ်များ၊ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ် များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့ကြသည့် ပြည်တွင်း၊ ပြည်ပအသိသက်သေများ၊ NCA ညှိနှိုင်းဆွေးနွေးစဉ်ကပါဝင်ခဲ့ကြသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုကော်မတီ(UPCC)၊ NSPNC ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(UPWC)တို့မှ တာဝန်ရှိ သူများ၊ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) အဖွဲ့ဝင်များ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC)မှ တာဝန်ရှိ သူများ၊ အိမ်နီးချင်းနိုင်ငံများ၏ အထူးကိုယ်စားလှယ်များ၊ နိုင်ငံခြားသံတမန်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများနှင့် နိုင်ငံရေးပါတီများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြား ထားသော ဧည့်သည်တော်များ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များတက်ရောက်ကြ သည်။
ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီးအမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ တိုင်းရင်းသားခေါင်းဆောင်များဖြစ်သည့် စောမူတူးစေဖိုး၊ ဦးဇိုဇမ်နှင့် စိုင်းထွန်းကြည့် တို့ကတိုင်းရင်းသားများနှင့်အတူတစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) (၁၀)နှစ်ပြည့်နှစ်ပတ်လည်နေ့ အခမ်း အနားကိုဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် နိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာ ရေးကော်မရှင် ဥက္ကဋ္ဌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) (၁၀)နှစ်ပြည့်နှစ်ပတ်လည်နေ့ အခမ်းအနား ဆိုင်းဘုတ်ကိုစက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။
၎င်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မှရှင်ဥက္ကဋ္ဌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ နှင့်အခမ်းအနားတက်ရောက်လာကြသူများက ငြိမ်းချမ်းရေး သစ်ပင်တွင် ငြိမ်းချမ်းရေးဖော်ဆောင်မှုနှင့်ပတ်သက်၍ သဘောထားအမြင်များကို ကိုယ်တိုင် ရေးသားပြီး ချိတ်ဆွဲကြသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌနှင့် အခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်သည်တော် များသည် (MICC-I) Lobby ၌ ခင်းကျင်းပြသထားသည့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) (၁၀) နှစ်ပြည့်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပြခန်းများကို စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုကြသည်။
ဆက်လက်၍အခမ်းအနားဒုတိယပိုင်းကို (MICC-I) ကျောက်စိမ်းခန်းမ၌ ဆက်လက် ကျင်းပရာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၁၀)နှစ်ပြည့်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို LED Animation ဖြင့် စတင်ဖွင့်လှစ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်အလံအား စုပေါင်းအလေးပြုကြသည်။
ထို့နောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၁၀)နှစ်ပြည့်နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုဖော်ကျူးထားသည့် “ငြိမ်းချမ်းခေတ်မီ ပြည်သစ်ဆီ” တေးသီချင်းကိုသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနုပညာဦးစီး ဌာနမှ အနုပညာရှင်ဝန်ထမ်းများက ဖျော်ဖြေတင်ဆက်ကြပြီး NCA ပေါ်ပေါက်လာပုံနှင့် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုပုံဖော်ထားသည့် “ NCA မှသည် ရေရှည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးဖြင့် အနာဂတ်ကိုပုံဖော်မည် ” Video Clip ကိုပြသ သည်။
ယင်းနောက် နိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေး ကော်မရှင်ဥက္ကဋ္ဌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၁၀)နှစ်မြောက် နှစ်ပတ်လည်နေ့ ဆိုင်ရာမိန့်ခွန်းပြောကြားသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌက ဖြည့်စွက်ပြောကြားရာတွင် မိမိတို့နိုင်ငံအနေဖြင့် လွတ်လပ်ရေး ရရှိခဲ့သည်မှာ ၇၇ နှစ်ကျော်ပြီဖြစ်ပြီး လာမည့် ၂၀၂၈ ခုနှစ်တွင် နှစ် ၈၀ ပြည့်တော့ မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် လွတ်လပ်ရေးရရှိပြီး ချိန်မှစပြီးယခုအချိန်အထိ လွတ်လပ်ရေး၏အနှစ်သာရကိုအပြည့်အဝ ခံစားခဲ့ရမှုမရှိခဲ့ကြောင်း၊ လွတ်လပ်ရေး ရရှိပြီးချိန်ကတည်းက ပယောဂအမျိုးမျိုးကြောင့် တိုင်းရင်းသားပြည်သူများအားလုံး ဒုက္ခဆင်းရဲမျိုးစုံဖြင့် တွေ့ကြုံနေရခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ အပါအဝင် တည်ငြိမ်ပြီး တိုးတက်လျက်ရှိသည့် နိုင်ငံများနှင့်နှိုင်းယှဉ်ကြည့်နိုင်ကြောင်း၊ မိမိတို့နိုင်ငံနှင့်အင်အားချင်းတူညီသည့်၊ လူဦးရေအရတူညီသည့်၊ အကျယ်အဝန်းအရ တူညီသည့်၊ စီးပွားရေးအရတူညီသည့် နိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်ပါကမိမိတို့ နိုင်ငံသည် နောက်ကျနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထိုသို့နောက်ကျ ကျန်နေ ရခြင်းမှာပြည်တွင်း ပြည်ပပယောဂများကြောင့် ဖြစ်သည်ကိုတွေ့ရမည်ဖြစ်ကြောင်း၊ အဆိုးရွားဆုံးမှာ မိမိတို့နိုင်ငံသားများအနေဖြင့် အသိပညာ၊ အတတ်ပညာ၊ အတန်းပညာများ အားနည်းနေသည်ကို လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင် စာရင်းအရ သိရှိရကြောင်း၊ အဆိုပါအချက်အလက်များ ကိုကြည့်ခြင်းအားဖြင့် မိမိတို့အနေဖြင့် မိမိတို့နိုင်ငံသားများအတွက် ပညာရည်မြှင့်တင်ပေးရန် သင်ခန်းစာ ကြီးမားစွာပေးထားသည်ကိုတွေ့ရမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံ၌ လွတ်လပ်ရေးရပြီးစမှ ယနေ့အထိ ခေတ်အမျိုးမျိုး၊ စနစ်အမျိုးမျိုး ကြုံခဲ့ရကြောင်း၊ ပြီးခဲ့သည့် ငြိမ်းချမ်းရေးညီလာခံတွင် မိမိပြောကြားခဲ့သကဲ့သို့ ရှင်ကြီးဝမ်း လည်းဝင်ခဲ့ပြီ ရှင်ငယ်ဝမ်းလည်းဝင်ခဲ့ပြီဖြစ်ကြောင်း၊ ၁၉၈၈ ခုနှစ် ဒီမိုကရေစီတောင်းဆိုမှု လုပ်ဆောင်သည့်အချိန်တွင် ပြည်သူများအနေဖြင့် ပါတီစုံဒီမိုကရေစီကိုလမ်းကြောင်းအပေါ် လျှောက်လှမ်းလိုသည်ဟု တောင်းဆိုခဲ့ကြ ခြင်းကြောင့် ပြည်သူများ၏ဆန္ဒနှင့်အညီ ၂၀၁၁ ခုနှစ်တွင် ပြည်သူများလိုလား တောင့်တလျက်ရှိသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေး တပ်မတော်အနေဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း၊ တစ်ဖက်မှလည်း ပါတီစုံဒီမိုကရေစီ ထက်ပြည့်စုံသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကို ဆောင်ရွက်ခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် ဦးဆောင်၍ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါအချိန်က ဖြစ်ပေါ်ခဲ့သည့် အခြေအနေ များဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲခဲ့ခြင်းဖြစ်သဖြင့် ယခုအချိန်တွင် ပြုပြင်ရန် လိုအပ်ချက်များရှိသည်ကို မိမိအနေ ဖြင့်နားလည်ကြောင်း၊ ထို့ကြောင့် ၂၀၂၁ ခုနှစ် မိမိတို့အစိုးရနိုင်ငံတော် တာဝန်ယူပြီးသည့်အချိန်တွင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ တွေ့ဆုံသင့်တွေ့ဆုံထိုက်သည့် ပုဂ္ဂိုလ်များနှင့် မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ ကိုယ်စားလှယ်များနှင့်သော်လည်းကောင်း အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအတွက် အချို့ သဘောတူညီချက်များကိုပေးခဲ့ကြောင်း၊ မိမိ၏ဆန္ဒမှာ တိုင်းပြည်အေးချမ်းပြီး တိုးတက်သည့်တိုင်းပြည်ဖြစ်စေလိုကြောင်း၊ နောက်ကျ ကျန်ခဲ့ရသည်များကို သုံးသပ် ရန်လိုကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ဖြစ်နိုင်သည်များကိုလုပ်ဆောင်ပေး လျက်ရှိပြီး တိုင်းရင်းသားများနှင့် သက်ဆိုင်ရာပုဂ္ဂိုလ်များ အနေဖြင့်လည်း ဖြစ်နိုင်သည် များကိုသာ ပြောကြားရန်နှင့် လုပ်ဆောင်ကြရန်လိုကြောင်း၊ မဖြစ်နိုင်သည်များကို ပြောကြားဆောင်ရွက်နေ၍မရကြောင်း၊ အားလုံးက ဦးတည်ချက်မှန်ကန်စွာဖြင့် လုပ်ဆောင်ကြရန်လိုကြောင်း။
တိုင်းရင်းသားများနှင့်ပတ်သက်၍လည်း တောင်းဆိုချက်များ ဆောင်ရွက်သည့် အခါတွင် နိုင်ငံရေးစင်မြင့်ဖြစ်သည့် လွှတ်တော်တွင် ဆောင်ရွက်ခြင်းသည်အကောင်း ဆုံးဖြစ်ကြောင်း၊ ထို့ကြောင့်မိမိအနေဖြင့် အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ စဉ်းစား ဆောင်ရွက် သည့်အခါတွင် အချိုးကျကိုယ်စားပြုစနစ်သွားရန် ဆောင်ရွက်ခဲ့ကြောင်း၊ ထို့ကြောင့် လာမည့်ရွေးကောက်ပွဲအား ရွေးကောက်ပွဲပုံစံပြောင်းရန် ဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းမှာလည်း နိုင်ငံရေးပါတီအားလုံး၏ သဘော တူညီများဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒီဇင်ဘာလအတွင်း ရွေးကောက်ပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲဝင်ရန် အတွက် လက်ရှိအချိန်တွင် စာရင်းပေးထားသည့် နိုင်ငံရေးပါတီ ၅၇ ပါတီရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ဝင် ရောက်ယှဉ်ပြိုင်မည့်ပါတီ ၆ ပါတီ၊ တိုင်းဒေသကြီး နှင့်ပြည်နယ်များ၌ ဝင်ရောက် ယှဉ်ပြိုင်မည့်ပါတီ ၅၁ ပါတီရှိကြောင်း၊ ဝင်ရောက် ယှဉ်ပြိုင်ရန် စာရင်းပေးထားသည့် ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော်ရှိကြောင်း၊ ထို့ကြောင့်ရွေးကောက်ပွဲသည် အားကောင်းသည့် ရွေးကောက်ပွဲတစ်ခုဖြစ်မည်ဟုလည်း ပြောကြားလိုကြောင်း၊ ပြီးခဲ့သည့် ရွေးကောက်ပွဲ ၃ ရပ်တွင် အတွေ့အကြုံအရ မဲလက်မှတ်များဖြင့်ပေးခြင်း နှင့် ကြိုတင်မဲများပေးခြင်းကြောင့် မဲမသမာမှုနှင့်မှားယွင်းမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် မဲမသမာမှုများဆောင်ရွက်၍မရနိုင်သည့် မြန်မာအီလက် ထရောနစ် မဲပေးစက် (MEVM) များဖြင့်ဆန္ဒမဲများ ပေးနိုင်ရေးစီစဉ်ဆောင်ရွက်ထား ကြောင်း၊ ထို့သို့ဆောင်ရွက်ခြင်းကြောင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ ဖြစ် မည်ဟုမိမိအနေဖြင့်ယုံကြည်ကြောင်း၊ ရွေးကောက်ပွဲပထမအကြိမ်တွင် ၁၀၂ မြို့နယ်၊ ဒုတိယအကြိမ်တွင် မြို့နယ် ၁၀၀ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကျန်ရှိသည့် မြို့နယ်များအား တတိယအကြိမ်အဖြစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြောင်း အမျိုးမျိုးကြောင့် အချို့နေရာများအတွင် ရာနှုန်းပြည့်ရွေးကောက်ပွဲဆောင်ရွက် နိုင်မည်မဟုတ်ကြောင်း၊ ယခင်ကကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ ၃ ရပ်လုံးတွင် လည်း ရာနှုန်းပြည့်ကျင်းပနိုင်ခဲ့မှုမရှိကြောင်း၊ ရွေးကောက်ပွဲကျင်းပပြုလုပ်ရန် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေသည့် မြို့နယ်များတွင်လည်း နောင်လာမည့် အစိုးရအနေဖြင့် ကြားဖြတ်ရွေး ကောက်ပွဲကာလတွင် ဆက်လက်၍ ဆောင်ရွက်သွား ရန်စဉ်းစားထားကြောင်း။
အဓိကအားဖြင့် မိမိတို့နိုင်ငံအနေဖြင့် ပြည်သူများက ရွေးချယ်ထားသည့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာရပ်တည်နိုင်ရန်လိုအပ်ပြီး တပ်မတော် အနေဖြင့် ခိုင်ခိုင်မာမာရပ်တည် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်ကို တည်ဆောက်ရာတွင် ထည့်သွင်းစဉ်းစားရမည့်အချက်များမှာ နိုင်ငံတော်၏ သမိုင်း ကြောင်း၊ ပထဝီနိုင်ငံရေးအရ အရေးပါမှုများကိုကြည့်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ သည် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ကဲ့သို့သော နိုင်ငံရေးစနစ်မတူညီသည့် ကမ္ဘာတွင် အင်အားကြီးနိုင်ငံများ၌ ပါဝင်သည့်နိုင်ငံကြီး နှစ်ခုအကြားတွင်တည်ရှိနေသဖြင့် မိမိတို့နိုင်ငံအနေဖြင့် မှန်မှန်ကန်ကန်ရပ်တည် ဆောင်ရွက်နေရန်လိုကြောင်း၊ မိမိတို့ နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒမှာလည်း ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒ၊ နိုင်ငံ အချင်းချင်း မိတ်ဝတ်မပြတ်ဆက်ဆံမှုရှိသည့် နိုင်ငံခြားရေးမူဝါဒကို ချမှတ်ထားပြီး အဆိုပါအချက်အပေါ် တွင်အလေးအနက်ထားစဉ်းစားပြီး ဒီမိုကရေစီနိုင်ငံတည် ဆောက်ရေး၊ ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေး များကိုထည့်သွင်း စဉ်းစားဆောင်ရွက် သွားရန်လိုကြောင်း၊ ထိုသို့စဉ်းစားဆောင် ရွက်ရာတွင်မိမိတို့တွင်ရှိသည့် အားနည်း ချက်ဖြစ်သော အသိပညာ၊ အတတ်ပညာ၊ အတန်းပညာများ တိုးတက်မြင့်မားလာ ရေးအတွက် ပညာရေးနှင့်ပတ်သက်၍ အဓိကထား ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ထို့ကြောင့် ပထမအဆင့်အနေဖြင့် KG + 9 အထိ မဖြစ်မနေ သင်ကြားနိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မကြာမီကာလက ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့် ကျောက်မဲဒေသတွင်လည်း ကျောင်းသား၊ ကျောင်းသူများအမြန်ဆုံးပညာ ပြန်လည် သင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း၊ ကလေးငယ်များ၏ ပညာရေး မဆုံးရှုံးစေရန်နှင့် ပညာရေးနောက်ကျခြင်းမရှိစေရေး ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း၊ သားသမီးချင်း၊ မိဘချင်းကိုယ်ချင်းစာ၍ ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့်တစ်နိုင်ငံလုံးရှိ ကလေးငယ်များ ပညာသင်ကြားမှုများ နောက်ကျကျန်ရစ်မှုမရှိစေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလားတူ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ပြီး ခေတ္တပိတ်ထားခဲ့ ရသည့် တက္ကသိုလ်၊ ကောလိပ်များ အခြေခံပညာကျောင်းများကိုလည်း အမြန်ဆုံး ပြန်လည်တည်ဆောက် ပြုပြင်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ မကြာမီ အချိန်တွင်လည်း တက္ကသိုလ်တစ်ခုကိုဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိ ကြောင်း၊ မိမိတို့အနေဖြင့် ပညာရေး နောက်ကျနေ၍မရကြောင်း။
ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် စည်းကမ်းတကျဖြစ်သည့် ရွေးကောက်ပွဲ ဖြစ်လာစေရေး ထိုမှတစ်ဆင့် အစိုးရသစ်တစ်ရပ်ဖွဲ့စည်း နိုင်ရေးဆောင်ရွက်ပြီး နိုင်ငံကိုဒီမိုကရေစီလမ်းကြောင်းပေါ်တွင် မှန်မှန်ကန်လျှောက်လှမ်းနိုင်ရန်အတွက် မိဘပြည်သူများ၊ ဒေသအလိုက်ခေါင်းဆောင်များ၊ မြို့မိမြို့ဖများက အတတ်နိုင် ဆုံးထိန်းသိမ်း ဆောင်ရွက်ပေးကြစေလိုကြောင်း။
မိမိတို့အနေဖြင့် စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ခိုင်မာစေရေး နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ဆောင်ရွက်ရန်မှာ ပြည်သူလူထု၏ ဆန္ဒပင်ဖြစ်ကြောင်း၊ ယခုငြိမ်းချမ်းရေးကို ဆောင်ရွက်သည်မှာ နောက်ကျနေပြီဖြစ်ကြောင်း၊ မိမိတို့တာဝန်ယူချိန်တွင်လည်း တပ်မတော်မှ နိုင်ငံတော်တာဝန်ယူထားသည့်အတွက် မဆွေးနွေးနိုင်ဟု ပြောကြားခဲ့ သည်များလည်းရှိကြောင်း၊ NCA တွင်တပ်မတော်အနေဖြင့် မိမိကိုယ်တိုင်ပါဝင် လက်မှတ်ရေးထိုး ထားခြင်းဖြစ်ကြောင်း၊ မိမိကိုယ်တိုင်ပေးထားသည့်ကတိကို မည်သည့်အခါမျှ ဖောက်ဖျက်မည်မဟုတ်ကြောင်း၊ ထို့ကြောင့်မိမိတို့အနေဖြင့် အချိန် စောစီးစွာဖြင့် ဆွေးနွေးဆောင်ရွက် နိုင်ခဲ့မည်ဆိုပါက စောစီးစွာ အကောင်အထည် ဖော်နိုင်နေမည်ဖြစ်ကြောင်း၊ ရသည့်အချိန်အတွင်း ဥပဒေပြင်ဆင်ရေးအတွက် သဘော တူညီချက်များရရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထို့ကြောင့် သက်ဆိုင်သူပုဂ္ဂိုလ်များ အနေဖြင့် ပြည်ထောင်စုအကျိုး၊ တိုင်းရင်းသား ပြည်သူ လူထု၏အကျိုး၊ နိုင်ငံတော်၏ အကျိုးကို အမှန်တကယ်ကြည့်၍ ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း၊ မိမိတို့နိုင်ငံဒုက္ခမရောက်အောင်၊ တိုင်းပြည်ကောင်းလုပ်ကြရန် ပူးပေါင်းဆောင်ရွက် ပေးကြရန်ပြောကြားလိုကြောင်း၊ မိမိတို့အနေဖြင့် တိုင်းပြည်ကောင်းရန်အတွက် လုပ်ဆောင်ရန် အမြဲအဆင်သင့်ရှိကြောင်းကိုပြောကြားလိုကြောင်းဖြင့် ဖြည့်စွက်ဆွေး နွေး ပြောကြားသည်။
ယင်းနောက် NCA တွင်ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသော ကရင်တိုင်းရင်းသား ခေါင်းဆောင် စောမူတူးစေးဖိုး၊ NCA လက်မှတ်ရေးထိုးခဲ့သည့် နိုင်ငံတကာ အသိသက်သေများ၏ ကိုယ်စားလှယ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးရာ ဝန်ကြီးဌာန အရှာရေးရာအထူးကိုယ်စားလှယ် H.E Mr Deng Xijun ၊ အန္ဒိယ အသိသက်သေနှင့် နိုင်ငံခြားရေးအတွင်းဝန်ကိုယ်စား အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E Shri Abhay Thakur ၊ ထိုင်းနိုင်ငံမှ အာရှငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး ကောင်စီ(APRC) ၏ ယာယီအထွေထွေအတွင်းရေးမှူးချုပ် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးဟောင်း H.E. Mr. Plsanu Suvanajata နှင့် NCAတွင် ပါဝင် လက်မှတ်ရေးထိုးသူ ဦးအောင်မင်း တို့ကတစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂုဏ်ပြု စကားများပြောကြားကြသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် အာဆီယံဒေသတွင်းမှ အထူးဖိတ်ကြားထားသည့်ဧည့်သည်တော်များနှင့် ကရင်အမျိုး သားခေါင်းဆောင် စောမူတူးစေဖိုးနှင့် NCA တွင် ပါဝင်လက်မှတ်ရေးထိုးသူ ဦးအောင်မင်း တို့အား အမှတ်တရလက်ဆောင် ပစ္စည်းများ ပေးအပ်သည်။
ယင်းနောက် ယာယီသမ္မတနိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌအမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟို ကော်မတီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အခမ်းအနားသို့ တက်ရောက် လာကြသူများနှင့် အတူစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ဂုဏ်ပြုဖော်ကျူးထားသည့် “ငြိမ်းချမ်းရေးပန်းခင်း” တေးသီချင်းဖြင့် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တိုင်းရင်းသားအနုပညာရှင် ဝန်ထမ်းများက လည်းကောင်း၊ တိုင်းရင်းသားယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့များ က တိုင်းရင်းသားရိုးရာအကများဖြင့် လည်းကောင်း၊ “သွေးကပြောသောသစ္စာ” သီချင်းဖြင့် တိုင်းရင်းသား ယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့များနှင့် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အနုပညာရှင်ဝန်ထမ်းများက လည်းကောင်း အသီးသီးသီဆိုကပြဖျော်ဖြေ တင်ဆက် ကြသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင် ဥက္ကဋ္ဌ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင် မှုဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ပြန်ကြားရေး ဝန်ကြီးဌာနမြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနတို့မှ အကအဖွဲ့များနှင့်တိုင်းရင်းသားအကအဖွဲ့များကို “ငြိမ်းချမ်း ရေးဂုဏ်ပြုပန်းခြင်း” နှင့် ဂုဏ်ပြုချီးမြှင့်ငွေ သိန်း ၁၀၀၀ အား ပေးအပ်ချီးမြှင့်ပြီး တိုင်းရင်းသား အကအဖွဲ့များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားသို့တက် ရောက်လာကြသူများကိုဂုဏ်ပြု နေ့လယ် စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်းသတင်းရရှိသည်။





















