NCA (၁၀) နှစ်ပြည့်နှစ်ပတ်လည်နေ့အခမ်းအနားတွင်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

Wednesday, October 15, 2025 - 17:00

NCA (၁၀) နှစ်ပြည့်နှစ်ပတ်လည်နေ့အခမ်းအနားတွင်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောကြားသည့် အဖွင့်မိန့်ခွန်း (၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက် )

ချစ်ခင်လေးစားအပ်ပါသောပြည်ထောင်စုဖွားတိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျာ

ဒီကနေ့ဟာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြားမှာ “တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်(Nationwide Ceasefire Agreement–NCA)”ကို ချုပ်ဆိုနိုင်ခဲ့တာ (၁၀)နှစ်ပြည့် မြောက်တဲ့ မင်္ဂလာရှိသောနေ့ပဲဖြစ်ပါတယ်။ ယခုလိုအချိန်အခါသမယမှာ သဘောတူ စာချုပ် စတင်လက်မှတ်ရေးထိုးချိန်ကပါဝင်ခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်း အသီးသီးမှ တိုင်းရင်းသားခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးအတွက် အကျိုးဆောင် ပေးနေကြတဲ့ ပုဂ္ဂိုလ်များ၊ နိုင်ငံတကာအသိသက်သေများ၊ ပြည်တွင်းအသိသက်သေများ၊ ပြည်ထောင်စုကြီးအတွင်းမှာရှိကြတဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာခြင်းတို့ဖြင့် ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝနိုင် ကြပါစေကြောင်းနဲ့ နိုင်ငံရဲ့ငြိမ်းချမ်းရေးအကျိုးကိုဆတက်ထမ်းပိုးတိုး၍ ရှေးရှုဆောင်ရွက် နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

ယနေ့အချိန်မှာကျွန်တော်တို့တိုင်းပြည်ရဲ့ပကတိလိုအပ်ချက်ဟာတည်ငြိမ်အေးချမ်းရေးပဲဖြစ်ပါတယ်။တည်ငြိမ်အေးချမ်းမှုရှိပါမှပြည်သူလူထုဟာကောင်းမွန်စွာစီးပွားရှာနိုင်ပါမယ်။လုံခြုံစွာနေထိုင်နိုင်ပါမယ်။ ခိုင်မာတိုးတက်တဲ့လူမှုစီးပွားဘဝများ ကိုလည်းတည် ဆောက် နိုင်ပါမယ်။ဒါကြောင့်ပြည်သူလူထုနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံ လိုအပ်ချက်တစ်ခုဖြစ်တဲ့ တည်ငြိမ်အေးချမ်းရေးကိုအရေးကြီးတဲ့ လုပ်ငန်း တစ်ခုအဖြစ် ကျွန်တော်တို့ အားလုံးမဆုတ်မနစ်ဆက်လက်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

မိဘပြည်သူတိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျာ

          လွတ်လပ်ရေးရပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်လမ်းစဉ်ချုပ်ငြိမ်း စေဖို့ ခေတ်အဆက်ဆက် အစိုးရတွေအနေနဲ့နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းဆောင်ရွက် ခဲ့ကြပါတယ်။ လက်ရှိအခြေအနေမှာလည်း ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့အတွက် ဆက် လက် ကြိုးပမ်းဆောင်ရွက်နေကြရဆဲလည်းဖြစ်ပါတယ်။ ယနေ့မျက်မှောက်ကာလထိ တိုင်းရင်း သားညီအစ်ကိုတွေသင့်သင့်မြတ်မြတ် စည်းစည်းလုံးလုံးဖြစ်လာမှာကို မလိုလား တဲ့ ပြည်တွင်း၊ ပြည်ပအဖျက်အမှောင့်အုပ်စုတွေကလည်း နည်းလမ်းပေါင်းစုံအသုံးပြုပြီး နှောင့်ယှက်မှုအမျိုးမျိုးပြုလုပ်နေကြတာကိုသတိကြီးစွာထားကြဖို့လို အပ်ပါတယ်။ “နွားကွဲရင် ကျားဆွဲတတ်တယ်” ဆိုတာကို သိပါလျက်နဲ့ “ငါ့လှေငါထိုး ပဲခူးရောက် ရောက်” စိတ်မျိုးမမွေးကြဖို့လိုအပ်ပါတယ်။

          “ပြည့်အင်အားသည်ပြည်တွင်းမှာသာရှိသည်”ဆိုတဲ့ အဆိုစကားဟာအဓိပ္ပာယ်အား ဖြင့်လွန်စွာလေးနက်လှပြီးအမြဲထာဝရ မှန်ကန်နေမယ့်အမှန်တရားဖြစ်တယ်ဆိုတာကို အလေးထား လိုက်နာခံယူသွားကြဖို့လိုအပ်ပါတယ်။

တိုင်းရင်းသားပြည်သူညီအစ်ကိုမောင်နှမများခင်ဗျာ

       ကျွန်တော့်အနေနဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့တွေ့ဆုံဆွေးနွေးမှုတွေတိုင်းမှာ NCA နဲ့ ပတ်သက်ပြီး အလေးအနက်ထားပြောကြားခဲ့ခြင်းဟာ NCA စာချုပ်သည် ကျွန်တော် တို့နိုင်ငံအတွက် အရေးတကြီးလိုအပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အဓိကအကျ ဆုံး အခြေခံလုပ်ဆောင်ရမယ့်အချက်ဖြစ်နေလို့ပါ၊NCA ကိုလက်မှတ်ရေးထိုးရခြင်းရဲ့ ရည်ရွယ်ချက်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကတစ်ဆင့် ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး၊ရသင့်ရထိုက်သောတိုင်းရင်းသားများ၏အခွင့်အရေးနဲ့ ဒီမိုကရေစီ အရေးအတွက်ပဲ ဖြစ်ပါတယ်။

NCA စာချုပ်ကြိုးပမ်းမှုအစဟာ ပထမဒီမိုကရေစီအစိုးရကာလ နိုင်ငံတော်သမ္မတ ရဲ့ ၂၀၁၁ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့ ကြေညာချက်(၁/၂၀၁၁)နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကိုငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ရာကနေ စတင်ခဲ့ပါ တယ်။ ထိရောက်တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်နိုင်ဖို့အတွက် ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊နိုင်ငံတော်သမ္မတဥက္ကဋ္ဌအဖြစ်ပါဝင်တဲ့အဖွဲ့ဝင်(၁၁)ဦးပါ ပြည်ထောင်စုငြိမ်းချမ်ရေးဖော်ဆောင်ရေးဗဟိုကော်မတီ(UPCC)၊ ဒုတိယသမ္မတ ဦးဆောင်တဲ့ အဖွဲ့ဝင်(၅၂)ဦးပါ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ(UPWC)နဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC)တို့ကို ဖွဲ့စည်းခဲ့ပါတယ်။         

အဲ့ဒီနောက်မှာတော့ကချင်ပြည်နယ်၊ လိုင်ဇာမှာ ပြုလုပ်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများရဲ့ ညီလာခံကနေ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့မှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့(NCCT)ကို အဖွဲ့ဝင် ၁၃ ဦးနဲ့ ဖွဲ့စည်းခဲ့ပြီး အဆိုပါ NCCT ကိုယ်စားလှယ်များဟာ UPWC ကိုယ်စားလှယ်အဖွဲ့များနဲ့ ၂၀၁၄ ခုနှစ်၊ မတ်လ ၉ ရက်နေ့ကနေ ၂၀၁၅ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ NCA မူကြမ်းရရှိရေးအတွက် ၇ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် အခန်း ၇ ခန်း၊ အပိုဒ် ၃၃ ပိုဒ်ပါ သဘောတူစာချုပ်ကို အတည်ပြုမူကြမ်းအဖြစ် နှစ်ဖက်သဘောတူညီမှုရရှိခဲ့ တာဖြစ် ပါ တယ်။ အဲဒီအတောအတွင်း ၂၀၁၅ ခုနှစ်၊ ဇွန်လ ၂ ရက်မှ ၉ ရက်အထိ ကျင်းပခဲ့တဲ့ ကရင်ပြည်နယ်၊ လော်ခီးလာညီလာခံမှာ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (SD) ကို အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းခဲ့ပါတယ်။

NCA မူကြမ်း အတည်ပြုချက်ရရှိပြီးတဲ့နောက်မှာတော့ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ မှာ UPWC ကိုယ်စားလှယ်အဖွဲ့များနဲ့ EAO အဖွဲ့တွေရဲ့SD အဖွဲ့ကိုယ်စားလှယ်များဟာ MPC မှာ အဋ္ဌမအကြိမ် ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။ အဲဒီဆွေးနွေးပွဲမှာ ၂၀၁၅ ခုနှစ်၊ မတ်လမှာ EAO များပြုလုပ်တဲ့ လော်ခီးလာညီလာခံမှ UPWC နဲ့ NCCT ကိုယ်စားလှယ်များအကြား သဘောတူစာချုပ်(အတည်ပြုမူကြမ်း)ကို အချောသတ်တဲ့ ဆွေးနွေးညှိနှိုင်းခြင်းများကို ပြုလုပ်ခဲ့ကြပါတယ်။

ဒီလိုအဆင့်ဆင့် တွေ့ဆုံညှိနှိုင်းမှုများပြုလုပ်ပြီး၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှာတော့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ကို နိုင်ငံ တော်သမ္မတဦးဆောင်တဲ့အဖွဲ့နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့တို့ဟာ နိုင်ငံတကာ အသိသက်သေများရဲ့ရှေ့မှောက်မှာ ခမ်းနားထည်ဝါစွာ လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ လက်မှတ်ရေးထိုးပွဲမှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံတကာအသိသက်သေအဖြစ် ကမ္ဘာ့ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယသမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ ဂျပန်နိုင်ငံတို့ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်မှာတော့ EAO အဖွဲ့ ၂ ဖွဲ့  ထပ်မံပါဝင် လက်မှတ်ရေးထိုးလာတဲ့အတွက် စုစုပေါင်း အဖွဲ့ ၁၀ ဖွဲ့အထိ အကောင်အထည်ဖော် လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ NCA ဟာနိုင်ငံတော်အစိုးရ၊ တပ်မတော်နဲ့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ အကြား ၁၈ လကြာ  အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်းခဲ့ရတာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့မှာပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့ပြီး မြန်မာ့သမိုင်းမှာ NCA စာချုပ်ဟာအထင်ကရစာချုပ်ဖြစ်တယ်လို့ ပြောနိုင် ပါတယ်။ NCA စာချုပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ နိုင်ငံတော်အစိုးရတို့ အကြား အာမခံချက်ပေးထားတဲ့ ကတိကဝတ်နဲ့သဘောတူညီချက်တစ်ခုဖြစ်ပါတယ်။

       NCA ရဲ့အနှစ်သာရဟာ ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားပြီး၊ လွတ်လပ်မှု၊ တန်းတူညီမျှရှိမှုနဲ့ တရားမျှတမှုတို့ကို အခြေခံတဲ့ပြည်ထောင်စုစိတ်ဓာတ်နဲ့အညီ ဒီမိုက ရေစီအရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက် အပြည့်အဝရှိတဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနဲ့အညီ တည်ဆောက်ဖို့ပဲဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအားလုံးဟာ NCA ရဲ့ အနှစ်သာရတွေကို သိရှိနားလည်ပြီး နိုင်ငံတော်အတွက်ဆိုတဲ့ အသိတရားနဲ့ပူးပေါင်းပါဝင်လာကြဖို့လိုပါတယ်။

တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျာ

       ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့အသက်သွေးကြောပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)ကိုပြန်ကြည့်မယ်ဆိုရင်စတင်ရေးဆွဲစဉ်ကတည်းက နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီဟာ အမျိုးသား ညီလာခံကို ၁၉၉၃ ခုနှစ်ကစတင်ကျင်းပပြီး နိုင်ငံရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ဥပဒေရေးရာစတဲ့ရှုထောင့်မျိုးစုံက အတွေ့အကြုံကြွယ်ဝတဲ့ အစုအဖွဲ့(၈)ခု ဖြစ်တဲ့ နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များ၊ ရွေးကောက်ပွဲမှာ ရွေးချယ်ခံထားရတဲ့ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလူမျိုးကိုယ်စားလှယ်များ၊ တောင်သူလယ်သမား ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များ၊ အသိပညာရှင်၊အတတ်ပညာရှင် ကိုယ်စားလှယ်များ၊ နိုင်ငံ့ဝန်ထမ်းကိုယ်စားလှယ်များနဲ့ အခြားဖိတ်ကြားသင့်တဲ့ပုဂ္ဂိုလ် များပါဝင်ပြီး စုပေါင်းရေးဆွဲခဲ့ခြင်းဖြစ်ပါတယ်။ ဒီလိုရေးဆွဲရာမှာလည်း နိုင်ငံတော်ကို စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးဖော်ဆောင်နိုင်ဖို့ အခြေခံမူ(၁၀၄) ချက်နဲ့အညီ ရေးဆွဲခဲ့တာဖြစ်ပါတယ်။၂၀၀၈ ခုနှစ်၊ မေလ ၂၉ ရက်မှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကြီး ကျင်းပပြီး အတည်ပြုပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါတယ်။ ပြည်ထောင်စုနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်များအကြားမှာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအာဏာတွေကိုဘယ်လိုခွဲဝေပိုင်းခြား ကျင့်သုံးဆောင်ရွက်မယ်၊ နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ၊ နိုင်ငံတော်အကြီးအကဲ၊ နိုင်ငံသား၊ နိုင်ငံသားများရဲ့မူလ အခွင့်အရေးနဲ့တာဝန်များ၊ ရွေးကောက်တင်မြှောက်ခြင်း၊ နိုင်ငံရေးပါတီများနဲ့ အထွေထွေပြဋ္ဌာန်းချက်များစသဖြင့် အခန်းပေါင်း(၁၅)ခန်းနဲ့ပြဋ္ဌာန်းချက် ပုဒ်မပေါင်း (၄၅၇) ခုတို့ကို အသေးစိတ်ဆွေးနွေးညှိနှိုင်းတိုင်ပင်ပြီး ရေးဆွဲပြဋ္ဌာန်းနိုင်ခဲ့တဲ့ဥပဒေ တစ်ရပ်လည်းဖြစ်ပါတယ်။ဒီလိုစတင်ရေးဆွဲစဉ်ကတည်းကအာဏာဖြန့်ဝေသုံးစွဲခြင်းနဲ့ဒီမိုကရေစီနိုင်ငံ၊ ပြည်ထောင်စုနိုင်ငံအဖြစ်တည်ဆောက်ဖို့ ရည်ရွယ်ချက်နဲ့ရေးဆွဲခဲ့တာဖြစ်တဲ့ အတွက်ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ပြဋ္ဌာန်းချက်တွေဟာ ဖက်ဒရယ်သဘောတရားတွေ ဒီမိုကရေစီသဘောတရားတွေ အပြည့်အဝပါဝင်နေတယ်ဆိုတာကိုလည်း တွေ့ရှိရမှာ ဖြစ်ပါတယ်။

တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျာ

          ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲကြောင့် နိုင်ငံတော်မှာဖြစ်ပေါ်ခဲ့တဲ့အခြေအနေ အရပ်ရပ်အရ ကျွန်တော်တို့အစိုးရအနေနဲ့ စတင်တာဝန်ယူပြီးကတည်းက ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးအထူးအလေးထားဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ်(၅)ရပ်မှာ “နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်း ငြိမ်းချမ်းရေးနှင့်ရရှိထားသည့် ပြည်တွင်းငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရေး အတွက် (NCA)ပါသဘောတူညီချက်များအတိုင်းဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင် သွားမည်” ဆိုတဲ့လုပ်ငန်းစဉ်ကို ထည့်သွင်းချမှတ်ထားခဲ့ပါတယ်။ ဒါ့အပြင် ဦးတည်ချက် (၉)ရပ်ရဲ့ နိုင်ငံရေးဦးတည်ချက်မှာလည်း “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေး အတွက်တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ပါအတိုင်း အလေးထားလုပ်ဆောင်ရေး”ဆိုတဲ့ ဦးတည်ချက်ကိုလည်း ထည့်သွင်းချမှတ်ဆောင်ရွက် ခဲ့ပါ တယ်။

       ကျွန်တော်တို့နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ သဘောထားကွဲလွဲမှုတွေနဲ့ နိုင်ငံရေး ပြဿနာတွေကို လက်နက်ကိုင်လမ်းစဉ်နဲ့ ဖြေရှင်းနေခြင်းဟာမှန်ကန်တဲ့ လမ်းကြောင်း မဟုတ်ပါဘူး။ ပဋိပက္ခတွေ ပိုမိုများပြားလာနိုင်ပြီး ရည်မှန်းချက်နဲ့ အလှမ်းဝေးစေမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လက်နက်ကိုင်ပဋိပက္ခကို လက်နက်နဲ့မဖြေရှင်းဘဲ နိုင်ငံရေးယဉ် ကျေးမှုသစ်ဖြစ်တဲ့ တွေ့ဆုံဆွေးနွေးခြင်းနဲ့သာ ဆောင်ရွက်ရပါမယ်။ဒီလိုဆောင်ရွက်နိုင် ဖို့အတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနဲ့ညှိနှိုင်းရေးကော်မတီ တို့ကိုဖွဲ့စည်းခဲ့ပြီး ငြိမ်းချမ်းရေးဖိတ်ခေါ် ကမ်းလှမ်းကာ ငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ပါတယ်။

       အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အနေနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၇)ဖွဲ့၊ NCA လက်မှတ်မရေးထိုးထားရသေးတဲ့  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၃)ဖွဲ့၊ နိုင်ငံရေးပါတီများနဲ့အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒီလိုတွေ့ဆုံဆွေးနွေး ရာမှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီနိုင်ငံရေးစနစ် ခိုင်မာ စေရေးအတွက် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်မယ်၊ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးရဲ့လိုလားချက်ပန်းတိုင်ဖြစ်တဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်တို့ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်မယ်၊ ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လက်တွဲပူးပေါင်းအကောင်အထည်ဖော်မယ်ဆိုတဲ့အချက်များ နဲ့ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)မှာ ပြင်ဆင်နိုင်ရေးအတွက် အချက်(၄၃)ချက်တို့ကိုလည်း သဘောတူ ညီ ခဲ့ကြပါတယ်။

       အဆိုပါသဘောတူညီချက်များကိုမကြာမီပေါ်ပေါက်လာတော့မယ့် ပြည်ထောင်စု လွှတ်တော်ကိုတင်ပြပြီးအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်များနဲ့အညီ ဆက်လက် ဆောင်ရွက်သွားရမှာလည်းဖြစ်ပါတယ်။ အလားတူပဲ ၂၀၁၇ ခုနှစ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ(ဒုတိယအစည်းအဝေး)မှာသဘောတူညီခဲ့တဲ့ ပြည်ထောင်စုသဘော တူညီချက် အစိတ်အပိုင်း(၁) ၃၇ ချက်၊ ၂၀၁၈ ခုနှစ်မှာသဘောတူညီခဲ့တဲ့ ပြည်ထောင်စု သဘော တူညီချက်အစိတ်အပိုင်း(၂) ၁၄ ချက်၊ ၂၀၂၀ ပြည့်နှစ်မှာသဘောတူညီခဲ့တဲ့ ပြည်ထောင်စု သဘောတူညီချက်အစိတ်အပိုင်း(၃) ၂၁ ချက်တို့ကိုကိုယ်စားလှယ် အသီးသီးက လက်မှတ်ရေးထိုးထားပြီးပြည်ထောင်စုလွှတ်တော်မှာအတည်ပြုထားပြီး ဖြစ်ပါတယ်။ ဆက်လက် ဆောင်ရွက်သွားမှာပဲဖြစ်ပါတယ်။

       ဒီလိုတွေ့ဆုံဆွေးနွေးမှုတွေဟာဒီမိုကရေစီရဲ့ကျင့်စဉ်တစ်ခုပဲဖြစ်ပါတယ်။ ဒါ့အပြင် တွေ့ဆုံဆွေးနွေးမှုတွေကတစ်ဆင့် သဘောတူညီချက်များရယူပြီး အချင်းချင်းယုံကြည်မှု တိုးမြှင့်တည်ဆောက်သွားနိုင်မှာဖြစ်ပါတယ်။ ဆက်ပြီးတော့လည်း ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိပြီးဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် အစိုးရနဲ့ EAO တွေေအကြားစိတ်ရင်းစေတနာ မှန်ကန်စွာနဲ့ အကျေအလည်ဆွေးနွေးမှုတွေ ဆက်လက်ဆောင်ရွက်သွားကြဖို့ လည်းလိုအပ်ပါတယ်။

တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျာ

ကျွန်တော့်အနေနဲ့ နိုင်ငံတော်တာဝန်များကို စတင်တာဝန်ယူချိန်ကစပြီး “တိုင်းပြည်သာယာဝပြောရေးနဲ့ စားရေရိက္ခာဖူလုံရေး”ဆိုတဲ့အမျိုးသားရေးရည်မှန်းချက် (၂)ရပ်နဲ့ “စစ်မှန်စည်းကမ်းပြည့်ဝတဲ့ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး”ဆိုတဲ့ နိုင်ငံရေးရည်မှန်း ချက်၂ ရပ်ကို ချမှတ်အကောင်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ တိုင်းရင်းသားလူမျိုးစုမြောက်မြားစွာရှိတဲ့ပြည်ထောင်စုနိုင်ငံဖြစ်တဲ့အတွက်တိုင်းရင်းသားလူမျိုးများအားလုံးရဲ့သွေးစည်းညီညွတ်ရေးကို တည်ဆောက်နိုင်မှသာလျှင် တိုင်းရင်းသား လူမျိုးအားလုံးကောင်းစားရေးအတွက်အာမခံနိုင်တဲ့ နိုင်ငံတော်ကိုထူထောင်နိုင်မှာဖြစ်ပါ တယ်။

လက်နက်ကိုင်ပြဿနာကြောင့် ထိခိုက်ဆုံးရှုံးမှုအများဆုံးဟာဖွံ့ဖြိုးမှုအားနည်းတဲ့ တိုင်းဒေသကြီးများနဲ့ ပြည်နယ်များသာဖြစ်ပေါ်နေတာကိုတွေ့ရပါတယ်။ အဲဒီဒေသ တွေဟာလွတ်လပ်ရေးမရမီနှင့်ရပြီးနဂိုကတည်းကအခြေအနေအမျိုးမျိုး၊ အကြောင်း အမျိုးမျိုးတို့ကြောင့်ဖွံ့ဖြိုးမှုအားနည်းခဲ့သလိုဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ကြောင့် “လဲရာသူခိုးထောင်း”ဆိုသလိုပိုမိုအခြေအနေဆိုးရွားလာတာတွေ့ရပါတယ်။ ကမ္ဘာ့နိုင်ငံတွေ ကိုလေ့လာကြည့်ရင် နိုင်ငံရဲ့ဝေးလံလှတဲ့ ကျေးလက်ဒေသတွေ မှာတောင် တည်ငြိမ် အေးချမ်းမှုရှိရင် ဖွံ့ဖြိုးတိုးတက်မှုရှိနေတာကိုတွေ့ရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ ဟာသဘာဝသယံဇာတပေါကြွယ်ဝတဲ့အပြင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ အတွက် ကောင်းမွန်တဲ့ရေခံ၊ မြေခံတွေရှိပြီးဖြစ်လို့ တည်ငြိမ်အေးချမ်းမှုသာယာမှု ရှိလာပါက ခေတ်အဆက်ဆက်ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ဒေသတွေမှာ ကျေးလက်ဒေသ များပါမကျန် ဖွံ့ဖြိုးတိုးတက်လာမှာမလွဲမသွေပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဖွံ့ဖြိုးမှုနောက်ကျ နေတဲ့ ဒေသခံပြည်သူလူထုရဲ့ မျက်နှာကိုကြည့်ကြပါ။စာနာကြပါ။ သူတို့အတွက် တည်ငြိမ်အေးချမ်း မှု ကိုအားလုံးကဝိုင်းဝန်းကြိုးပမ်းပေးကြပါလို့ တိုက်တွန်း ပြောကြား လိုပါတယ်။

          ဒီနေရာမှာပြောလိုတာကတော့လက်နက်စွဲကိုင်ပြီး လိုချင်တာတွေကို တောင်းဆို ခြင်း၊ လက်နက်ကိုင်လမ်းစဉ်ကို ဖက်တွယ်ပြီး လူမျိုးစွဲ၊ ဒေသစွဲကြီးမားစွာနဲ့ မိမိတို့ရဲ့ ဆန္ဒကိုသာ ရှေ့တန်းတင် ဦးစားပေးဖန်တီးလုပ်ဆောင်မှုများဟာ မိမိတို့ဒေသခံပြည်သူ လူထုကိုဖွံ့ဖြိုးမှုနောက်ကျအောင် ဆွဲချနေတာပဲဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့သွေဖည်နေပြီး မှန်ကန်တဲ့လုပ်ငန်းစဉ်မဟုတ်ကြောင်း အလေးအနက် သတိပြုရမှာဖြစ်ပါတယ်။ ဒီမိုကရေစီရွေးကောက်ပွဲများကပေါ်ပေါက်လာတဲ့လွှတ်တော်အသီးသီးမှာမိမိတို့လိုလားချက်တွေကိုဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ရယူကြရမှာဖြစ်ပါတယ်။

 

တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျာ

          ယနေ့ ကျွန်တော်တို့နိုင်ငံရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ် ကိုအခြေခံတဲ့ ပြည်ထောင်စုစနစ်တည်ဆောက်ရာမှာတိုင်းရင်းသား ညီအစ်ကိုမောင်နှမ များအနေနဲ့ ဒီမိုကရေစီရဲ့ ကျင့်စဉ်အရအနည်းစုရဲ့ဆန္ဒကိုလေးစားတန်ဖိုးထားရမှာဖြစ်ပြီး ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ထူထောင်ဖို့၊ ဒီမိုကရေစီစနစ်မယိုင်လဲစေဖို့အတွက် ဒီမိုကရေစီစိတ်မွေးဖို့၊ စည်းကမ်းစနစ်ကျနတဲ့ဥပဒေကိုလေးစားတန်ဖိုးထားလိုက်နာတဲ့ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းတစ်ရပ်ဖြစ်ပေါ်လာဖို့ ဝိုင်းဝန်းဆောင်ရွက်ကြရမှာဖြစ်ပါ တယ်။   ဒီမိုကရေစီဆိုတာ သုံးတတ်ရင် နိုင်ငံနဲ့ပြည်သူတွေအတွက် အကျိုးရှိမှာ ဖြစ်သော် လည်းမသုံးတတ်ပါက ယင်းစနစ်မအောင်မြင်တဲ့အပြင် မိမိနိုင်ငံရဲ့ဖြစ်တည်မှု၊လူမျိုး၊ ဘာသာရေး၊ လူမှုရေးနှင့်ယဉ်ကျေးမှုတွေ ဆုံးရှုံးသွားနိုင်တာကိုသတိပြုရမှာဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ တိုင်းရင်းသားပြည်သူလူထုအားလုံးက အသိတရား၊ သတိတရားများနဲ့  ဝိုင်းဝန်းအကောင်အထည်ဖော်ဆောင်ရွက်ကြရမှာပဲဖြစ်ပါတယ်။

         အလားတူပဲ တိုင်းရင်းသားပြည်သူအားလုံး လိုလားနေတဲ့ ဖက်ဒရယ်စနစ်ကို တည်ဆောက်ရာမှာလည်း ဖက်ဒရယ်စနစ်ရဲ့ သဘောတရားဖြစ်တဲ့မတူကွဲပြားတဲ့ တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ လူမျိုးများနဲ့လူမျိုးစုများ စုစည်းလုပ်ကိုင်ရာမှ လုပ်ပိုင်ခွင့်တွေကို ခွဲဝေကျင့်သုံးတဲ့သဘောတရားဖြစ်ပြီး ပေါင်းစည်းနေထိုင်ခြင်းနဲ့ မျှဝေခံစားခြင်းတို့နဲ့အညီတိုင်းရင်းသားပြည်သူလူထုရဲ့အကျိုး၊ ပြည်ထောင်စုကြီးရဲ့ အကျိုး ကိုရေရှည်ကြည့်ပြီး မိမိနိုင်ငံနဲ့ကိုက်ညီတဲ့ ဖက်ဒရယ်ပုံစံကို တည်ဆောက် သွားကြဖို့လိုအပ်မှာဖြစ်ပါတယ်။ လိုအပ်တဲ့ တိုင်းရင်းသားအခွင့်အရေးများ၊ နိုင်ငံရေး အရတောင်းဆိုမှုများအရ ပြင်ဆင်ဖို့လိုအပ်တာတွေကိုလည်းဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီ နိုင်ငံတော်အစိုးရက ပြင်ဆင်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရေးအတွက်ခိုင်ခိုင်မာမာရပ်တည်ပြီးမမှိတ်မသုန်ဆောင်ရွက်သွားမယ်ဆိုတာထပ်လောင်းပြောကြားလိုပါတယ်။

 

တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျာ

          ကျွန်တော်တို့နိုင်ငံအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ နိုင်ငံတော် တည်ငြိမ်အေးချမ်းစွာနဲ့လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို လာမယ့်ဒီဇင်ဘာလ၂၈ရက်မှာစတင်ကျင်းပပေးတော့မှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ရလဒ်များအရ ပေါ်ထွက်လာတဲ့ အစိုးရကို ဒီမိုကရေစီစံနှုန်းများနဲ့အညီ နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

          ကျွန်တော်နိုင်ငံတော်တာဝန်ယူချိန်ကတည်းက အခက်အခဲပေါင်းများစွာကြားကပဲ ဦးစား ပေးလုပ်ဆောင်ရမယ့်တာဝန်တွေကိုအဆင့်လိုက်ချမှတ်ပြီး ကြိုးစားအကောင် အထည်ဖော်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ရွေးကောက်ပွဲကာလများမှာ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေများကိုတွက်ဆပြီး လုံခြုံရေးကောင်းမွန်အောင် တိုးမြှင့်ဆောင်ရွက်သွားမှာ ဖြစ်သလို သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကလည်း ပူးပေါင်းပါဝင် ပေးကြဖို့ ပြောကြားလိုပါတယ်။တိုင်းရင်းသားများရဲ့ ဆန္ဒနဲ့လိုလားချက်တွေကို ဒီမိုကရေစီနည်းလမ်းကျ ဆောင်ရွက်ပေးနိုင်ဖို့အတွက် နိုင်ငံရေးစင်မြင့်ဖြစ်တဲ့ လွှတ်တော် ထဲကို တိုင်းရင်းသားကိုယ်စားလှယ်များ စုံစုံညီညီရောက်ရှိလာဖို့ လိုအပ်ပါတယ်။ ဒါမှသာ လူမျိုးစုအလိုက်လိုလားချက်တွေ၊ ရည်မှန်းချက်တွေကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးပြီး စုပေါင်းဆုံးဖြတ်အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။

          ယခုကျင်းပမယ့်ရွေးကောက်ပွဲစနစ်မှာ ပြည်သူ့လွှတ်တော်တစ်ခုတည်းထဲမှာသာ FPTP စနစ်ကိုအသုံးပြုမှာဖြစ်ပြီးအမျိုးသားလွှတ်တော်နဲ့တိုင်းဒေသကြီး(သို့) ပြည်နယ် လွှတ်တော် တို့မှာရောနှောထားတဲ့ကိုယ်စားလှယ်အချိုးကျစနစ် (Mix Member Proportional System-MMP)ကိုအသုံးပြုမှာဖြစ်ပါတယ်။ MMP စနစ်ကိုအသုံးပြုခြင်း အားဖြင့်ပါတီငယ်များနဲ့ တိုင်းရင်းသားပါတီတွေဟာ အချိုးကျကိုယ်စားပြုစနစ်အရ ကိုယ်စားလှယ်လောင်းတွေရရှိလာမှာဖြစ်ပါတယ်။ FPTP စနစ်တစ်မျိုးတည်းကိုအသုံးပြု မယ်ဆိုရင်နိုင်သူအကုန်ယူဆိုတဲ့အတိုင်းကိုယ်စားလှယ်နေရာအများစုကိုမဲအများဆုံးရရှိတဲ့ပါတီကြီးတွေကရယူသွားမှာဖြစ်ပြီးလွှတ်တော်ထဲမှာပါတီကြီးတွေကသာကြီးစိုးသွားမှာဖြစ်ပါတယ်။ PR စနစ်နဲ့ထိန်းညှိခြင်းဖြင့်တိုင်းရင်းသားပါတီများနဲ့ ပါတီငယ်များအနေနဲ့ ၎င်းတို့ရရှိတဲ့မဲများအလဟဿမဖြစ်ဘဲအချိုးကျ ကိုယ်စားပြုစနစ်အရကိုယ်စားလှယ်နေ ရာများရရှိပြီးလွှတ်တော်နေရာများကိုဝင်ရောက်နိုင်မှာဖြစ်ပါတယ်။

          တိုင်းရင်းသားညီအစ်ကို မောင်နှမများအနေနဲ့မိမိတို့အကျိုးစီးပွားကိုအမှန်တကယ် ဆောင်ရွက်သယ်ပိုးနိုင်တဲ့၊ မိမိလူမျိုး၊ မိမိဒေသအပေါ် အလေးထားမယ့်ပုဂ္ဂိုလ်တွေကို ရွေးချယ်သွားနိုင်ကြဖို့လိုပါတယ်။ဆင်ခြင်တုံတရားနဲ့ဆုံးဖြတ်မဲပေးတဲ့ဓလေ့ကိုဒီမိုကရေစီစနစ်ထွန်းကားရှင်သန်ရေးအတွက်လေ့ကျင့်မွေးမြူကြဖို့ပြောလိုပါတယ်။

တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျာ

          နိဂုံးချုပ်အနေနဲ့ပြောကြား လိုတာကတော့သမိုင်းကြောင်း သင်ခန်းစာများအရ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဟာ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့တရား ဥပဒေ စိုးမိုးရေးအတွက် အလွန်ပဲအရေးကြီးပါတယ်။ လက်နက်ကိုင်ပဋိပက္ခတွေချုပ်ငြိမ်းပြီး တိုင်းရင်းသားပြည်သူအားလုံးဟာပြည်ထောင်စုကြီးအတွင်းမှာ စိတ်ချမ်းသာစွာနေထိုင် နိုင်ဖို့ ငြိမ်းချမ်းရေးနဲ့ စည်းလုံးညီညွတ်ရေးဟာအလွန်အရေးကြီးလှပါတယ်။

          ငြိမ်းချမ်းရေးရရှိဖို့အတွက်အမှန်တကယ်လိုလားတဲ့ဆန္ဒ၊ ငြိမ်းချမ်းစွာညှိနှိုင်းလိုမှု၊ စိတ်ရှည်သည်းခံမှုနဲ့ တစိုက်မတ်မတ်ကြိုးစားအားထုတ်မှုတွေရှိမှသာပန်းတိုင်ခရီးကိုလျင် မြန်စွာရောက်ရှိမှာဖြစ်ပါတယ်။

ဒါ့ကြောင့်တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအနေနဲ့အသိဉာဏ်ပညာဖြင့်သတိတရားကိုလက်ကိုင်ထားပြီး NCA လမ်းကြောင်းအပေါ်မှာခိုင်ခိုင်မာမာရပ်တည်ကြဖို့၊ တစ်ဦးနှင့် တစ်ဦးစိတ်ရှည်သည်းခံကာစည်းလုံးညီညွတ်စွာနဲ့အနာဂတ်ကာလမှာတစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိဖို့အတွက် အားသွန်ခွန်စိုက်အတူတကွ ကြိုးပမ်းဆောင်ရွက်ကြပါစို့လို့ နှိုးဆော်တိုက်တွန်းရင်းနိဂုံးချုပ်အပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။