ကျောက်မဲမြို့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်၊ ကျောက်မဲမြို့ ယာယီဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက် နေပြည်တော်၊ ၂၀၂၅ အောက်တိုဘာ - ၁၂

Sunday, October 12, 2025 - 15:45

တပ်မတော်က ပြည်သူလူထု အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အကြမ်းဖက် ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation)ကို တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း) ရှိ ကျောက်မဲမြို့အား အလုံးစုံပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်သားများ ပူးပေါင်း၍ ဒေသခံပြည်သူလူထု လုံခြုံရေးနှင့် လိုအပ်သည့် ကူညီ ထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရေး၊ အစိုးရ၏ အုပ်ချုပ်မှုယန္တရားများဖြစ်သည့် ရုံးများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ကလေးသူငယ်များ ပညာသင်ကြားနိုင်ရေးအတွက် စာသင် ကျောင်းများ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေး၊ ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအတွက် ဆေးရုံများပြန်လည် ဖွင့်လှစ်နိုင်ရေး စသည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျောက်မဲ မြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများနှင့် အများပြည်သူသွားလာနေထိုင် လျက်ရှိသည့် နေရာ များတွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့် တပ်မတော်မှ ဆရာဝန်များ၊ သူနာပြုများ ပူးပေါင်း၍ ကျောက်မဲမြို့ လာဘမုနိတရုတ်ဘုံကျောင်း၌ ယာယီဆေးရုံဖွင့်လှစ်ကာ ဆေးကုသပေး ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပြင်ပလူနာ  ၁၀၂ ဦးနှင့် ဆေးရုံ တက်ရောက် ကုသရန်လိုအပ်သော လူနာ ၃ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။