နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့သားကောင်းများ၏ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၅)သင်တန်း ဆင်းပွဲများ ကျင်းပပြုလုပ်
နေပြည်တော်၊ ၂၀၂၅ အောက်တိုဘာ ၁၀ ရက်
နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီ ညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေး သုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်များကိုထမ်းဆောင်နိုင်ရန်အတွက် စိတ်အားထက်သန်စွာ လာရောက်စာရင်းပေးသွင်းကြသည့် လူငယ်များကို ပြည်သူ့ စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၅)သင်တန်းဆင်းပွဲ အခမ်းအနားများကို ယနေ့တွင် တိုင်းစစ်ဌာနချုပ် များအလိုက် နယ်မြေခံသင်တန်းကျောင်း အသီးသီး၌ ကျင်းပပြုလုပ်ကြသည်။
အဆိုပါ သင်တန်းဆင်းပွဲများကို သင်တန်းဆင်းစစ်ရေးပြ အစီအစဉ်အတိုင်း ဆောင်ရွက်ကြပြီး သင်တန်းသားများက နိုင်ငံတော်အလံကိုကိုင်၍ ကတိသစ္စာခံယူ ကြသည်။ ထို့နောက် သင်တန်းကျောင်းများအလိုက် သက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းဆင်းအမှာစကားများ အသီးသီးပြောကြားကြပြီး သင်တန်းဆင်းထူးချွန်ဆု ရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
သင်တန်းဆင်းပွဲ အခမ်းအနားများအပြီးတွင် သင်တန်းဆင်းပွဲများသို့ တက်ရောက်ကြသော တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သင်တန်းကျောင်း ခန်းမများ၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၅)မှသင်တန်းဆင်း နိုင်ငံ့သား ကောင်းစစ်သည်များအား တွေ့ဆုံအမှာစကား ပြောကြားပြီး ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်အားပေးကြသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊ ပုဒ်မ-၃၈၅ တွင် နိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် ကာကွယ် စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်းတွင်တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားပြီး ပုဒ်မ-၃၈၆ တွင် နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန် နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ရန် တာဝန်ရှိသည်ဟု ပြဋ္ဌာန်း ထားသည်။ နိုင်ငံတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားများ၏ အခွင့် အရေးကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပြီး နိုင်ငံသားများအနေဖြင့်လည်း နိုင်ငံ့ တာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်သည်။ ယင်းတာဝန်များကို ကျေပွန်စွာထမ်း ဆောင်ရန်ဆန္ဒရှိကြသည့် နိုင်ငံ့သားကောင်းများသည် ပြည်သူ့စစ်မှုထမ်းသင်တန်းများ တက်ရောက်ကာ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေ ကြပြီဖြစ်သည်။
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၅)တွင် တက်ရောက်ခဲ့ရသည့် အတွေ့အကြုံများ၊ သင်တန်းမှရရှိခဲ့သည့် အလေ့အကျင့်ကောင်းများ၊ ယုံကြည်ချက်၊ ခံယူချက်များနှင့် သင်တန်းဆင်းပြီးနောက် မိမိတို့တာဝန်ကျရာတပ်ရင်း၊ တပ်ဖွဲ့များ၌ ဆက်လက် တာဝန်ထမ်းဆောင်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ သင်တန်း ဆင်း နိုင်ငံ့သားကောင်းစစ်သည်များ၏ စကားသံများကိုလည်း ယခုလိုပဲ ကြားသိရ ပါသည်----
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၅) သင်တန်းဆင်းအင်တာဗျူး
၁။ သင်တန်းကာလမှာ ပထမပိုင်းမှာတော့ အရမ်းပင်ပန်းခက်ခဲလွန်းပါတယ်။ တစ်ပတ် ကြာတဲ့အချိန်မှာ နေသားကျပြီးတော့ သင်တန်းနည်းပြတွေရဲ့ လေ့ကျင့်မှုတွေနဲ့အတူ အခက်အခဲတွေကို အောင်မြင်စွာကျော်လွှားနိုင်ပြီး သင်တန်းကို ပြီးဆုံးအောင် တက်ရောက် နိုင်ခဲ့ပါတယ်။ ဒီသင်တန်းမှာတော့ စံပြတပ်သားဆုကို ရရှိခဲ့ပါတယ်။ ဒီဆုကို ရရှိဖို့အတွက် နည်းပြတွေရဲ့ သင်ကြားပေးမှုတွေကို တစ်သဝေမတိမ်း လိုက်နာလေ့ကျင့်ပြီးတော့ ကိုယ်ကိုယ်တိုင်လည်း စိတ်အားထက်သန်စွာ ပါဝင်ဆောင်ရွက်လာရင်း တဖြည်းဖြည်းနဲ့ နည်းပြတွေ၊ သင်တန်းမှူးတွေရဲ့ လေ့ကျင့်ပေးမှုတွေကို ရရှိပြီး ဒီဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ ကျောင်းတော်ကြီးက သင်ကြားပေးလိုက်တဲ့ ဘာသာရပ်တွေကို မြေပြင်မှာ လက်တွေ့ အသုံးချပြီး အမြဲတမ်းစစ်မှုထမ်းတွေဖြစ်တဲ့ ညီနောင်တွေနဲ့ အတူ လက်တွေ့အသုံးချသွားမှာ ဖြစ်ပါတယ်။
၂။ ကျွန်တော်က ဒဂုံတက္ကသိုလ် ပထမနှစ်အဝေးသင် သမိုင်းမေဂျာနဲ့ တက်ရောက်နေတဲ့ သူတစ်ဦးဖြစ်ပါတယ်။ ကျွန်တော် ဒီပြည်သူ့စစ်မှုထမ်းသင်တန်းကို ကိုယ့်သဘော စိတ်ဆန္ဒနဲ့ ဘဲ ဝင်ရောက်လာခြင်းဖြစ်ပါတယ်။ ဒီပြည်သူ့စစ်မှုထမ်းသင်တန်းကိုလည်း ကျွန်တော်အရမ်း တက်ချင်တဲ့အတွက်ကြောင့် ကျွန်တော်ကိုယ်တိုင် လာရောက်ဆန္ဒပြုပြီးတော့ တက်ရောက် ခြင်းဖြစ်ပါတယ်။ ဒီမှာကြတော့ စည်းစနစ်ရှိတယ်၊ စည်းကမ်းရှိတယ်။ နောက်ပြီး ကျွန်တော် တို့တွေ စစ်ပညာဆိုတဲ့အတတ်ပညာကိုလည်း သင်ယူရတဲ့အချိန်အခါမှာ ကိုယ့်အတွက်အထူး အဆန်းအများကြီးတာပေါ့။ ဒီစစ်ပညာသင်ကြားပေးတဲ့အခါမှာလည်း ပင်ပမ်းမှုတော့ နည်း နည်းရှိတာပေါ့။ ကျွန်တော်ကတော့ နိုင်ငံ့သားကောင်းတစ်ယောက်အနေနဲ့ တပ်မတော်နဲ့ နိုင်ငံတော်အတွက် အကောင်းဆုံးဖြစ်အောင်ကြိုးစားသွားပါ့မယ်လို့ ကျွန်တော်ဆုံးဖြတ်ချက် ချထားပါတယ်။ နောက်တစ်ခုက နိုင်ငံတော်ကပေးအပ်တဲ့တာဝန်တွေပြီးရင် တပ်မတော်က ပေးအပ် တဲ့တာဝန်တွေကို ကျေပွန်စွာထမ်းဆောင်သွားပါ့မယ်လို့ ကျွန်တော့အနေနဲ့ စိတ်ဆုံးဖြတ်ချက် လည်းချထားပါတယ်။ ဒီသင်တန်းကို နောက်ထပ်လာရောက်မယ့် ညီအစ်ကိုတွေအကုန်လုံးကို လည်းဖိတ်ခေါ်ချင်ပါတယ်။ ဒီပြည်သူ့စစ်မှုထမ်းသင်တန်းကို တက်ရောက်ရတဲ့အတွက်ကြောင့် အကျိုးကျေးဇူးတွေလည်းအများကြီးရှိပါတယ်။ အဲဒါတွေ ကဘာတွေလည်းဆိုရင် ကျွန်တော် တို့အပြင်မှာ နေထိုင်မှုလူနေမှု ဘဝပုံစံအတိုင်းမဟုတ်ဘဲနဲ့ လူတစ်ယောက်ဟာ စည်းစနစ်ကျကျ စည်းကမ်းတစ်ကျနဲ့ နေထိုင်တတ်သွားမယ်။ ကိုယ်လုပ် ရမယ့်အလုပ်တာဝန်တစ်ခုကို တာဝန်ယူစိတ်၊ တာဝန်ရှိစိတ်အပြည့်နဲ့ လုပ်ဆောင်နိုင်မယ်။ ကိုယ်ပိုင်အသိ ကိုယ်ပိုင်ဆုံးဖြတ် ဉာဏ်နဲ့ စဉ်းစားနိုင်မယ်လို့လည်း ကျွန်တော်ခံယူထား ပါတယ်ခင်ဗျာ။