ကျောက်မဲမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဆက်လက်ဖွင့်လှစ်သင်ကြားပေးလျက်ရှိ၊ ကျောင်းအပ်ဆက်လက်လက်ခံ၊ မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်၊ ကျောက်မဲမြို့ ယာယီဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက် နေပြည်တော်၊ ၂၀၂၅ အော

Thursday, October 9, 2025 - 18:15

ကျောက်မဲမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဆက်လက်ဖွင့်လှစ်သင်ကြားပေးလျက်ရှိ၊ ကျောင်းအပ်ဆက်လက်လက်ခံ၊ မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်၊ ကျောက်မဲမြို့ ယာယီဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၅ အောက်တိုဘာ - ၉

တပ်မတော်က ပြည်သူလူထု အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အကြမ်းဖက် ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation)ကို တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း) ရှိ ကျောက်မဲမြို့အား အလုံးစုံပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်သားများ ပူးပေါင်း၍ ဒေသခံပြည်သူလူထု လုံခြုံရေးနှင့် လိုအပ်သည့် ကူညီ ထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရေး၊ အစိုးရ၏ အုပ်ချုပ်မှုယန္တရားများဖြစ်သည့် ရုံးများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ နိုင်ငံတော်၏ ပုခုံးပြောင်းတာဝန်ကို ထမ်းဆောင်ကြရမည့် ကျောင်းနေအရွယ် အနာဂတ်ရင်သွေးငယ်များအားလုံး ပညာသင်ကြားနိုင်ရေးအတွက် စာသင် ကျောင်းများ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေး၊ ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအတွက် ဆေးရုံများပြန်လည် ဖွင့်လှစ်နိုင်ရေး စသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၈ ရက်မှစတင်၍ ကျောက်မဲမြို့ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအား စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းအပ် လက်ခံခြင်းများ ဆက်လက်ဆောင် ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကျောင်းလာရောက် အပ်နှံမှုအနေဖြင့်  ကျောင်းသား/ကျောင်းသူ ၁၇၉ ဦး ထပ်မံကျောင်းအပ်နှံခဲ့သဖြင့် စုစုပေါင်းကျောင်းသား၊ ကျောင်းသူ ၁၂၂၁ ဦး အထိ ရှိပြီဖြစ်ပြီး တည်ငြိမ် အေးချမ်းလျက်ရှိသည့်ဒေသမှ ကျောင်းသား/ကျောင်းသူများနည်းတူ စာပေပညာများကို စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားလျက်ရှိကြောင်း သိရှိရသည်။ အဆိုပါ ထပ်မံကျောင်းအပ်နှံသည့် ကျောင်းသား/ ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနမှ အခမဲ့ပေးအပ်သည့် ကျောင်းသုံးစာအုပ်များ၊ စာရေးကိရိယာများနှင့် ထောက်ပံ့ ပစ္စည်းများကို တစ်ပါတည်းပေးအပ်ကြပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည် များ ဆောင်ရွက်ပေးကြသည်။

ထို့ပြင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ကျောက်မဲမြို့သို့ ပြန်လည်ဝင်ရောက်လာသည့် ဒေသခံပြည်သူများအား အိမ်ထောင်စုစာရင်းတိုက်ဆိုင် စစ်ဆေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးသည်။

၎င်းအပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျောက်မဲမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများနှင့် အများပြည်သူသွားလာနေထိုင်လျက်ရှိသည့် နေရာများတွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အတွက် ကျန်းမာရေးဝန်ကြီး ဌာနနှင့် တပ်မတော်မှ ဆရာဝန်များ၊ သူနာပြုများ ပူးပေါင်း၍ ကျောက်မဲမြို့ လာဘမုနိတရုတ်ဘုံကျောင်း၌ ယာယီဆေးရုံဖွင့်လှစ်ကာ ဆေးကုသပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပြင်ပလူနာ  ၁၅၇ ဦးနှင့် ဆေးရုံတက်ရောက် ကုသရန်လိုအပ်သော လူနာ ၅ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။