AA အကြမ်းဖက်သောင်းကျန်းသူများ၏ မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်၊ ရောင်းချနေသော လုပ်ငန်းများနှင့်ပတ်သက်ပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၉

Thursday, October 9, 2025 - 18:15

AA အကြမ်းဖက်သောင်းကျန်းသူများ၏ မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်၊ ရောင်းချနေသော လုပ်ငန်းများနှင့်ပတ်သက်ပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၉

          မီဒီယာများကို AA အကြမ်းဖက်သောင်းကျန်းသူများ ဆောင်ရွက်နေတဲ့ မူးယစ်ဆေးဝါး သယ်ယူပို့ဆောင် ရောင်းချနေတဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ပြောကြားလိုပါတယ်။ ဒီ AA အကြမ်းဖက် သောင်းကျန်းသူများ ဦးစီးလုပ်ကိုင်နေတဲ့ မူးယစ်ဆေးဝါးသယ်ယူပို့ဆောင် ရောင်းချ နေတဲ့ လုပ်ငန်းတွေဟာ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက်သာမက ဒေသတွင်းနိုင်ငံများအတွက်ပါ အန္တရာယ်သဖွယ် ဖြစ်ပေါ်လျက်ရှိပါတယ်။ AA သောင်းကျန်းသူအဖွဲ့ဟာ မူးယစ်ဆေးဝါးနဲ့ ရပ်တည်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်ဆိုတာကိုလည်း ကျွန်တော်အရင်ကလည်းပြောပြီး ဖြစ်ပါတယ်။ အခုလည်း AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ရဲ့ ရခိုင်ပြည်နယ်နဲ့ မလေးရှား နိုင်ငံကို ပို့ဆောင်ဖြန့်ဖြူးရောင်းချမယ့် ငွေကျပ် ၁၉၅ ဒသမ ၈၅ ဘီလီယံတန်ဖိုးရှိတဲ့ အိုက်စ် ၃၄၃၈ ကီလိုဂရမ်နဲ့ ကက်တမင်း ၂၁၉၈ ကီလိုဂရမ်တွေကို ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ဆုံးပတ်က ဖမ်းဆီးရမိခဲ့ပါတယ်။ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းချမှုနဲ့ ဒီ AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့ရဲ့ အကြမ်းဖက်အဖျက်လုပ်ရပ်တွေကို မလိုလားတဲ့ တာဝန်သိပြည်သူတစ်ဦးရဲ့ သတင်း ပေးချက်အရ မူးယစ်ဆေးဝါးတွေကို ရှမ်းပြည်နယ်ဘက်ကနေ အဲဒီကမှ ရန်ကုန်မြို့ကတစ်ဆင့် ရခိုင်ပြည်နယ်နဲ့ မလေးရှားနိုင်ငံကို ပို့ဆောင်မယ့်အကြောင်း သိရှိရတဲ့အတွက် ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။ ဒီအတွက်ကြောင့် လှည်းကူးမြို့နယ် လှည်းကူး-ဖောင်ကြီးသွား ကားလမ်းပေါ်မှာ ယာဉ်မောင်း အောင်ခန့်ကျော်မောင်းနှင်ပြီး ယာဉ်နောက်လိုက် ထက်ဝေဖြိုး လိုက်ပါလာတဲ့ ယာဉ်ပေါ်ကနေ အိုက်စ် ၁၄၃၉ ကီလိုဂရမ်၊ တန်ဖိုးငွေကျပ် ၃၅ ဒသမ ၉၇ ဘီလီယံ ဖမ်းဆီးရမိခဲ့ပါတယ်။ ဖမ်းဆီးရမိသူတွေရဲ့ ထွက်ဆိုချက်အရ မူးယစ်ဆေးဝါးသယ်ဆောင်မယ့်ကိစ္စကို ချိတ်ဆက်ပေးတဲ့ သူတွေအပြင် ထပ်မံပြီး ထန်းတပင်မြို့နယ်၊ စည်ပင်သာကျေးရွာက ဇော်လင်းနဲ့ စောဇင်မင်းဟန်တို့အိမ်မှာ သိုလှောင်သိမ်းဆည်းထားတဲ့ အိုက်စ် ၁၉၉၉ ကီလိုဂရမ်၊ တန်ဖိုးငွေကျပ် ၄၉ ဒသမ ၉၇ ဘီလီယံခန့်နဲ့ တရားခံတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။ သုံးခွမြို့နယ် သမစိတ္တကျေးရွာအနီးက ကျော်နိုင်ရဲ့ နေအိမ်ဂိုဒေါင်ကနေ ကက်တမင်း ၂၁၉၈ ကီလိုဂရမ် တန်ဖိုးငွေကျပ် ၁၀၉ ဒသမ ၉ ဘီလီယံခန့်နဲ့ မူးယစ်ဆေးဝါး သယ်ဆောင်ပေးခဲ့တဲ့ ယာဉ်မောင်း/ ယာဉ်မောင်းအကူတွေနဲ့ သယ်ဆောင်ရာမှာ အသုံးပြုခဲ့တဲ့ မော်တော်ယာဉ်တွေကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။ ဒီမူးယစ် ဆေးဝါးတွေဟာ ရှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်ခရိုင် ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းဒေသက မူးယစ်ဆေးဝါးတွေဖြစ်ပြီး AA သောင်းကျန်းသူအဖွဲ့ရဲ့ စီးပွားရေးတာဝန်ခံတွေဖြစ်တဲ့ ရဲဇော်နဲ့ ချစ်မင်းတို့က ဝမ်ဟိုင်းကနေတစ်ဆင့် ရမည်းသင်း၊ ရန်ကုန်နဲ့ ရခိုင်ပြည်နယ်၊ အဲဒီကမှ မလေးရှားနိုင်ငံအထိ ပင်လယ်ရေလမ်းကြောင်းကနေ ပို့ဆောင်ဖို့ စီစဉ်ဆောင်ရွက်နေချိန်မှာ အခုလို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

          AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များဟာ ၂၀၁၃ ခုနှစ်လောက်ကစပြီး မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းချမှုတွေကို နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ ထုတ်ပိုးမှု ပုံစံမျိုးစုံနဲ့ သယ်ဆောင်တဲ့နေရာမှာလည်း ဆီဘောက်ဆာကားကို အံဝှက်လုပ်ပြီး သယ်ဆောင်တဲ့ အထိ လုပ်ဆောင်ခဲ့ကြပါတယ်။ မူးယစ်ဆေးဝါးကို အဓိကကုန်ကူးရောင်းချ နိုင်ဖို့အတွက် ပမာဏ နည်းနည်းလေးကနေပြီး ကြီးမားတဲ့ပမာဏအထိ သယ်ဆောင်လုပ်ကိုင်နေတာမျိုးတွေ့ရပါတယ်။ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ရဲ့ခေါင်းဆောင် ထွန်းမြတ်နိုင် ကိုယ်တိုင်က တာဝန်ပေး စေခိုင်းတဲ့အတွက် ဒီမူးယစ်ဆေးဝါးသယ်ဆောင် ဖြန့်ဖြူးရောင်းချတဲ့လုပ်ငန်းတွေကို လုပ်နေရတာ ဖြစ်ကြောင်းကိုလည်း ဖမ်းဆီးရမိတဲ့ AA သောင်းကျန်းသူအဖွဲ့ဝင်တွေရဲ့ ထွက်ဆိုချက် တွေမှာတွေ့နိုင်ပါတယ်။ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ရဲ့ ၂၀၁၅ ခုနှစ်မှာ ၁ ကြိမ်ဖမ်းမိခဲ့တဲ့ ကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၆၅ ဘီလီယံခန့်၊ ၂၀၁၉ ခုနှစ်မှာ ၄ ကြိမ် ကာလတန်ဖိုးငွေကျပ် ၅၉ ဘီလီယံခန့်၊ ၂၀၂၀ ပြည့်နှစ်မှာ ၁ ကြိမ် ကာလတန်ဖိုးငွေကျပ် ၁၀ ဘီလီယံ၊ ၂၀၂၃ ခုနှစ်မှာ ၂ ကြိမ် ကာလတန်ဖိုးငွေကျပ် ၁၅၅ ဒသမ ၈၇ ဘီလီယံ၊ ၂၀၂၄ ခုနှစ်မှာ ၂ ကြိမ် ကာလတန်ဖိုးငွေကျပ် ၃ ဒသမ ၂၂ ဘီလီယံခန့်နဲ့ အခု ၂၀၂၅ ခုနှစ်အတွင်းမှာ ၆ ကြိမ် ကာလတန်ဖိုးငွေကျပ် ၁၀၀၃ ဒသမ ၉၃ ဘီလီယံခန့်ဖြစ်ပြီး ၂၀၁၅ ခုနှစ်ကနေ ယခုအချိန်အထိ AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့နဲ့ဆက်စပ်နေတဲ့ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု စုစုပေါင်း ၁၆ ကြိမ်တိတိရှိခဲ့ပါတယ်။  စုစုပေါင်းကာလ တန်ဖိုးငွေကျပ် ၁၂၃၃ ဒသမ ၆၇ ဘီလီယံအထိ ဖမ်းဆီးရမိခဲ့ပါတယ်။ ဒီပမာဏကိုကြည့်ရင်ဘယ်လောက် အန္တရာယ်များကြောင်း တွေ့နိုင်မှာဖြစ်ပါတယ်။ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်မှာ သူတို့ထိန်းချုပ်ထားတဲ့ နေရာတွေ ကနေတစ်ဆင့် ဒေသတွင်းနေရာများကို ဘယ်လောက်အထိ မူးယစ်ဆေးဝါးတွေပို့ဆောင် နေခဲ့ကြောင်း ထင်ရှားစွာတွေ့ရမှာဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်က AA သောင်းကျန်းသူအဖွဲ့နဲ့ ဆက်စပ်နေတဲ့ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုမှာဆိုရင် AA သောင်းကျန်းသူအဖွဲ့ဝင် ဗိုလ်အဆင့်ရှိတဲ့ ထွန်းလင်း(ခ)ပြုံးချို၊  ဒုတိယဗိုလ်အဆင့်ရှိတဲ့ နေလင်းထွန်း(ခ) နောနော်(ခ)ကျော်စိုးနဲ့ ဒုတိယဗိုလ် အဆင့်ရှိသူ စိုးထွန်း၊ တပ်ကြပ်ကြီးအဆင့်ရှိသူ ကျော်ဟန်၊ တပ်သားအဆင့်ရှိတဲ့ ကျော်လင်းဆန်းနဲ့ တပ်သားအဆင့်ရှိတဲ့ ဦးထွန်းနုတို့(၆)ဦး ပါဝင်ခဲ့ပါတယ်။ သူတို့ကိုကျွန်တော်တို့စနစ်တကျစစ်ဆေး ဖော်ထုတ်တဲ့အခါမှာ AA သောင်းကျန်းသူအဖွဲ့ခေါင်းဆောင် ထွန်းမြတ်နိုင်ရဲ့ တာဝန်ပေးချက်အရ AA သောင်းကျန်းသူ ဗိုလ်မှူးကြီးအဆင့်ရှိ ကျော်မြတ်ဦး(ခ) သားသား(ခ) ဝေသာထွန်း က ဦးစီးပြီး စီမံခန့်ခွဲလုပ်ဆောင်နေကြောင်း ထွက်ဆိုချက်တွေအရ တိကျစွာသိရှိရပါတယ်။ ဒီလိုပါပဲ နောက်ပိုင်း ဖမ်းမိတဲ့ ကိစ္စတွေမှာလည်း AA သောင်းကျန်းသူအဖွဲ့နဲ့ ပတ်သက်တဲ့သူတွေ၊ AA   သောင်းကျန်းသူ အဖွဲ့ဦးစီးပြီးလုပ်ကိုင်နေတဲ့ မူးယစ်ဆေးဝါးလုပ်ငန်းမှာ ပါဝင်ဆောင်ရွက်နေသူတွေသာ ဖြစ်ပါတယ်။

          AA သောင်းကျန်းသူအဖွဲ့တွေဟာ ဒေသခံတွေကို  ငွေကြေးနဲ့မက်လုံးပေးပြီး  မူးယစ်ဆေးဝါး တွေကို သယ်ဆောင်စေပြီး ရခိုင်ပြည်နယ်မှာရှိတဲ့ ဒေသခံတွေကို  ရောင်းချတာအပြင် နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊  ရေလမ်းကြောင်းကနေတစ်ဆင့် အခြားနိုင်ငံတွေကိုလည်း အဆင့်ဆင့် ချိတ်ဆက်ပို့ဆောင်ရောင်းချနေတာတွေ့ရပါတယ်။ ဒါတွေကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်(BGB)ရဲ့ ရာမူး စစ်ဌာနချုပ်မှူးကိုယ်တိုင် စက်တင်ဘာလ ၁၅ ရက်နေ့က  သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာကိုလည်း တွေ့ရပါတယ်။ ယခင်ကတော့ ဒီ ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ မြန်မာနိုင်ငံရဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့တွေ လုံခြုံရေးဆောင်ရွက်နေတဲ့ အခြေအနေမှာ ဒီလိုကိစ္စတွေကို ကောင်းမွန်စွာ ကိုင်တွယ်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အခုကတော့ သူတို့လွှမ်းမိုးနေတဲ့နယ်မြေမှာ  AA သောင်းကျန်းသူတပ်ဖွဲ့ဝင်တွေကိုယ်တိုင်  ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အခြားနိုင်ငံတွေကို မူးယစ်ဆေးဝါးတွေ အတားအဆီးမဲ့စွာ တင်သွင်းတင်ပို့နေကြောင်း တွေ့ရတာ ဖြစ်ပါတယ်။ ဒီလိုပို့ဆောင်ဖြန့်ဖြူးရရှိတဲ့  ငွေတွေကနေတစ်ဆင့် ရိက္ခာ၊ လက်နက်/ ခဲယမ်းတွေ ဝယ်ယူ နေခြင်းဖြစ်ကြောင်းလည်း တွေ့ရှိရပါတယ်။

          AA သောင်းကျန်းသူအဖွဲ့ရဲ့ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူအဖွဲ့တွေ ကလည်း မူးယစ်ဆေးဝါး သယ်ဆောင်ဖြန့်ဖြူးတဲ့လမ်းကြောင်းမှာ ပါဝင်ပတ်သက်နေပြီး အဲ့ဒီကနေ ရရှိလာတဲ့ အကျိုးအမြတ်တွေကိုမျှော်လင့်ခဲ့ရာကနေပြီးတော့ ပမာဏကြီးကြီးဖမ်းဆီးခံလိုက်ရတဲ့ အချိန်ရဲ့ နောက်ကွယ်မှာတော့ ငွေကြေး ကြပ်တည်းမှုတွေနဲ့အတူ စိတ်ဝမ်းကွဲပြားမှုတွေ၊ အလင်းဝင်ရောက်မှုတွေ၊ အချင်းချင်းစွပ်စွဲသတ်ဖြတ်မှုတွေ  ဖြစ်ပေါ်နေတာလည်း တွေ့ရ ပါတယ်။ လက်ရှိအချိန်အထိ တစ်နိုင်ငံလုံးက PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့ဝင်တွေဟာ တရားဥပဒေဘောင်အတွင်း အလင်းဝင်ရောက်လာမှု ၈၂၃ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း အလင်းဝင်ဖို့ ချိတ်ဆက်ဆောင်ရွက်နေတဲ့ အဖွဲ့တွေလည်းရှိပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ၂၀၁၈ ခုနှစ်ကနေ ယခုအထိ EAO တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ပေးခြင်း ၂၇ ကြိမ်ကြေညာခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုကြောင့် အကြမ်းဖက်ဖြစ်နေတဲ့  PDF အပါအဝင် အခြားအဖွဲ့အစည်းများကိုလည်း ဥပဒေဘောင်အတွင်း ဝင်ရောက်ဖို့ ၃ ကြိမ်တိုင် ဖိတ်ခေါ်ပြီးဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော့်အနေနဲ့ ပြောချင်တာက AA သောင်းကျန်းသူအဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာသာမက မြန်မာနိုင်ငံအတွင်း ဒေသတွင်း နိုင်ငံတွေအထိ လူသားမျိုးနွယ်စုရဲ့အန္တရာယ်ဖြစ်တဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်တာတွေ၊ ဖြန့်ဖြူး တာတွေလုပ်ဆောင်လျက်ရှိတဲ့အပြင် လူမျိုးရေးအကြောင်းပြပြီးသောင်းကျန်းသူအဖြစ် ဆောင်ရွက် လျက်ရှိပါတယ်။ လူမျိုးရေးအကြောင်းပြပြီး ဆောင်ရွက်နေတာ ဖြစ်ပေမယ့် ရခိုင်လူငယ်တွေပဲ မူးယစ်ဆေးဝါးရဲ့သားကောင်တွေ ဖြစ်ပေါ်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ တိုင်းရင်းသား မိဘပြည်သူ ညီအစ်ကိုမောင်နှမများအနေနဲ့  ဒီလိုအစွန်းရောက်  လုပ်ဆောင်နေတဲ့  AA အကြမ်းဖက်သောင်းကျန်းသူ Arakan Drug  Army (AA မူးယစ်ဆေးဝါး သောင်းကျန်းသူ)များကို ဆန့်ကျင်ဖို့၊ မြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက် အကျိုးယုတ် စေမယ့်လုပ်ငန်းတွေဖြစ်လို့၊ ဒေသတွင်းနိုင်ငံများကိုပါ အန္တရာယ်ကျရောက်စေမယ့်လုပ်ငန်းတွေဖြစ်လို့ အားလုံးက ဝိုင်းဝန်း ဆန့်ကျင်ကြဖို့နဲ့ ရရှိလာတဲ့သတင်းများကို တာဝန်ရှိသူများထံ အချိန်မီပေးပို့ကြဖို့ တိုက်တွန်း ပြောကြားလိုပါတယ်။  အားလုံးကိုကျေးဇူးတင်ပါတယ်။