ကာကွယ်‌ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ (၄)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားသို့ တက်ရောက်ဂုဏ်ပြုချီးမြှင့် ရန်ကုန်၊ အောက်တိုဘာ ၉

Thursday, October 9, 2025 - 18:15

            မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့၏တပ်ဖွဲ့ဖွဲ့စည်းခြင်း (၄)နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်၌ ကျင်းပ ပြုလုပ်ရာ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက် ဂုဏ်ပြုချီးမြှင့်ခဲ့သည်။

          အဆိုပါအခမ်းအနားသို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်အတူ သန်လျင်တပ်နယ်မှ အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ ကမ်းခြေစောင့် တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ်၊ နယ်ဘက်ဆိုင်ရာအရာရှိကြီးများ၊ တပ်မတော်(ရေ)နှင့် မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့မှ အရာရှိ၊ စစ်သည်များ တက်ရောက်ကြသည်။

          ဦးစွာ မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ (၄)နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ် တွေ့ဆုံပွဲ၌ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး က မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ အရာရှိ၊ စစ်သည်များအား ဂုဏ်ပြုအမှာစကားပြောကြား ရာတွင် ယနေ့သည် ကမ်းခြေစောင့်တပ်ဖွဲ့၏ (၄)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားဖြစ်ပြီး နိုင်ငံတော်၏ မြန်မာ့ပင်လယ်ပြင်နှင့်ရေကြောင်းအကျိုးစီးပွားများ၊  ပင်လယ်ပြာစီးပွားရေး လုပ်ငန်းများအား ကာကွယ်စောင့်ရှောက်ရန်၊ ရေကြောင်းလုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှု များအား တားဆီးကာကွယ်ရန်၊ ပင်လယ်ပြင်တရားဥပဒေစိုးမိုးရေးနှင့် လူသားချင်းစာနာမှု အထောက်အကူပေးရေးလုပ်ငန်းများဆောင်ရွက်ရန်၊ အရေးပေါ်အချိန်တွင် တပ်မတော်(ရေ)အား အထောက်အကူပြုနိုင်ရန် စသည့်ရည်မှန်းချက်တာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ရေကြောင်းအကျိုးစီးပွားများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရာတွင် အရေးကြီးသည့်အခန်းကဏ္ဍမှ တာဝန်ထမ်းဆောင် သွားရမည့်တပ်ဖွဲ့ဖြစ်သည်ကို လေးနက်စွာနားလည်သဘောပေါက်ခံယူထားကြရန် လိုအပ်မည် ဖြစ်ကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ပင်လယ်ရေကြောင်းတရားဥပဒေစိုးမိုးရေးနှင့် စီးပွားရေးအင်အားတောင့်တင်းလာစေရန်တည်ဆောက်ရေး စသည့်လုပ်ငန်းများ၌ ကျရာ အခန်းကဏ္ဍမှ တာဝန်ကျေပွန်အောင်ထမ်းဆောင်သွားကြရန်လိုကြောင်း၊ ထို့ပြင် ပင်လယ်ပြင် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့်နိုင်ငံတကာပင်လယ်ရေကြောင်းဆိုင်ရာ ကိစ္စရပ်များ၌ အဖြူရောင်သံတမန်(White Hull Diplomat)အဖြစ်လည်း ရည်မှန်းချက်ထားရှိဆောင်ရွက် သွားရန်လိုကြောင်း။

          ကမ်းခြေစောင့်တပ်ဖွဲ့၏ လုပ်ငန်းတာဝန်များထမ်းဆောင်ရာတွင် ဥပဒေကြောင်းအရ ခိုင်ခိုင်မာမာဆောင်ရွက်နိုင်ရေး မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်တွင် နိုင်ငံတော်အစိုးရက အတည်ပြုပြဋ္ဌာန်းပေးခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာ့ ပင်လယ်ပြင်အတွင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ထိရောက်မှု၊ တရားမျှတမှု၊ လုံခြုံမှု၊ အကာအကွယ်ပေးမှုနှင့် လက်တွေ့ကျင့်သုံးနိုင်မှုများဆောင်ရွက်နိုင်ရေး မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေတွင် ပြဋ္ဌာန်းထားရှိကြောင်း၊ မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေနှင့် တည်ဆဲရေကြောင်းဥပဒေများအတိုင်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ပြီး နိုင်ငံတော်၏ရေကြောင်းအကျိုးစီးပွားများပိုမိုဖွံ့ဖြိုးလာစေရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေနှင့် ဆက်စပ်ကျင့်သုံးရမည့် ရေကြောင်းဆိုင်ရာဥပဒေများ ကိုလည်း စဉ်ဆက်မပြတ်လေ့လာ၍ နိုင်ငံတော်၏ရေကြောင်းအကျိုးစီးပွားများကို ကာကွယ် စောင့်ရှောက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

          အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး က တက်ရောက်လာကြသည့် ကမ်းခြေစောင့်တပ်ဖွဲ့မှ အရာရှိ၊ စစ်သည်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များသည် ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ် အထိမ်းအမှတ်ပြခန်းအားကြည့်ရှုရာ ပြခန်းအတွင်း ခင်းကျင်းပြသထားရှိမှုများနှင့်ပတ်သက်၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များမှာကြားခဲ့သည်။

          ဆက်လက်ပြီး ကမ်းခြေစောင့်တပ်ဖွဲ့ဆိပ်ခံဘောတံတားတွင် ဆိုက်ကပ်ထားသည့် ကမ်းခြေစောင့်တပ်ဖွဲ့ရေယာဉ်ပေါ် တက်ရောက်လေ့လာကြည့်ရှုပြီး ကမ်းခြေစောင့်တပ်ဖွဲ့ ရေယာဉ်အားလုံး ကမ်းခြေစောင့်တာဝန်ထမ်းဆောင်နိုင်ရေး အမြဲအသင့်ရှိနေစေရေးမှာကြား ခဲ့သည်။

            မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ရေယာဉ်များသည် မြန်မာ့ပင်လယ်ကမ်းရိုးတန်း တစ်လျှောက်တွင် ကမ်းခြေစောင့်တာဝန်များ ထမ်းဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။