ကျောက်မဲမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းစတင်ဖွင့်လှစ်၊ ကျောင်းအပ်ဆက်လက်လက်ခံ၊ ကျောက်မဲမြို့ ယာယီဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက် နေပြည်တော်၊ ၂၀၂၅ အောက်တိုဘာ - ၈

Wednesday, October 8, 2025 - 16:00

တပ်မတော်က ပြည်သူလူထု အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အကြမ်းဖက် ချေမှုန်းမှု စစ်ဆင်ရေး (Counter- Terrorism Operation)ကို တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ကျောက်မဲမြို့ အား အလုံးစုံပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်သားများ ပူးပေါင်း၍ ဒေသခံပြည်သူလူထု လုံခြုံရေးနှင့် လိုအပ်သည့် ကူညီ ထောက်ပံ့မှုများ ဆောင်ရွက် ပေးနိုင်ရေး၊ အစိုးရ၏ အုပ်ချုပ်မှုယန္တရားများဖြစ်သည့် ရုံးများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ကလေး သူငယ်များ ပညာသင်ကြားနိုင်ရေးအတွက် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေး၊ ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအတွက် ဆေးရုံများပြန်လည် ဖွင့်လှစ် နိုင်ရေးစသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေး လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကျောက်မဲမြို့ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းအား စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားလျက်ရှိကြောင်းနှင့် ကျောင်းအပ်လက်ခံခြင်းများ ဆက်လက်ဆောင် ရွက်ပေး လျက်ရှိရာ ကျောင်းလာရောက်အပ်နှံမှုအနေဖြင့်  ကျောင်းသား/ကျောင်းသူ ၈၃၆ ဦး ထပ်မံ ကျောင်းအပ်နှံခဲ့ပြီး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၁၀၄၂ ဦး ပညာသင်ကြားလျက် ရှိကြောင်း သိရှိရသည်။ အဆိုပါ ထပ်မံကျောင်းအပ်နှံသည့် ကျောင်းသား/ ကျောင်းသူများအား ပညာရေး ဝန်ကြီးဌာနမှ အခမဲ့ပေးအပ်သည့် ကျောင်းသုံးစာအုပ်များ၊ စာရေးကိရိယာများ နှင့် ထောက်ပံ့ ပစ္စည်းများကို တစ်ပါတည်းပေးအပ်ကြပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များ ဆောင်ရွက်ပေးကြသည်။

ထို့ပြင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ကျောက်မဲမြို့သို့ ပြန်လည် ဝင်ရောက်လာသည့် ဒေသခံပြည်သူများအား အိမ်ထောင်စုစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးသည်။ ၎င်းအပြင် လုံခြုံရေး တပ်ဖွဲ့ဝင်များက ကျောက်မဲမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများနှင့် အများပြည်သူသွားလာနေထိုင်လျက် ရှိသည့် နေရာများတွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ဒေသခံ ပြည်သူ များ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့် တပ်မတော်မှ ဆရာဝန်များ၊ သူနာပြုများ ပူးပေါင်း၍ ကျောက်မဲမြို့ လာဘမုနိ တရုတ် ဘုံကျောင်း၌ ယာယီဆေးရုံဖွင့်လှစ်ကာ ဆေးကုသပေးခြင်းများကို ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့ တွင် ပြင်ပလူနာ  ၁၀၅ ဦးနှင့် ဆေးရုံတက်ရောက် ကုသရန်လိုအပ်သော လူနာ ၂ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သတင်း ရရှိသည်။