ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော်၊ အောက်တိုဘာ - ၇
(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁)၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီ သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ၏ ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော် ဝန်ကြီးချုပ် ဦးညိုစောနှင့်ဇနီး၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကော်မရှင်အဖွဲ့ဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်း ကော်မတီနှင့် ဆပ်ကော်မတီတို့မှ ကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးများ၊ အကဲဖြတ်ပညာရှင်ကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ နည်းပြများ၊ အထောက်အကူပြုများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင် တိုင်းရင်းသား ညီအစ်ကို မောင်နှမများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီနာယက ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော နှင့် ပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်ဦးလွင် တို့က (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးသည်။
ထို့နောက် အခမ်းအနားဒုတိယပိုင်းကိုစတင်ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်ဝန်ထမ်းများက (၂၆)ကြိမ် မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဂုဏ်ပြုတေး သီချင်း ဖြစ်သည့် “အဖွင့်တေးကဗျာ” သီချင်းဖြင့် ဖေျာ်ဖြေတင်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာ ယာရေးကော်မရှင်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် ခေတ်အဆက်ဆက် မြန်မာဘိုးဘွားတို့၏ တီထွင်ကြိုးပမ်းအားထုတ်မှုနှင့် အစဉ်အလာကောင်းများကြောင့် မြန်မာ့သမိုင်းတစ်လျှောက်တွင် မိမိတို့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများသည် ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများဖြင့် ကမ္ဘာ့အလယ်တွင် ထူးထူးခြားခြားထည်ထည်ဝါဝါရပ်တည်နိုင်ခဲ့ကြကြောင်း။
နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ဂုဏ်ဒြပ်နှင့် အဆင့်အတန်းကို ညွှန်းဆိုဖော်ပြ ရာတွင် ယင်းနိုင်ငံ၊ ယင်းလူမျိုးတို့၏ အနုသုခုမယဉ်ကျေးမှု အဆင့်အတန်းကို သက် တမ်းကြာအောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ခဲ့မှုနှင့် ရှေးအစဉ်အလာမပျက် ဖော်ထုတ် ပြသနိုင်မှုသည် အဓိကကျသည့်အချက်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည်လည်း ရှေးနှစ် ပေါင်းများစွာကတည်းက တည်တံ့ဖြစ်ထွန်းခဲ့သည့် ယဉ်ကျေးမှုအနုသုခုမပညာရပ် များကို ယနေ့ထက်တိုင် အရှည်တည်တံ့ခိုင်မြဲပြီး ရှေးမူရှေးဟန်မပျက် ဖော်ထုတ် ပြသနေနိုင်သည်မှာ မိမိတို့နိုင်ငံ၏ ဂုဏ်သိက္ခာနှင့် အဆင့်အတန်းကို ကမ္ဘာ့ အလယ်တွင် ပြသနေခြင်းပင် ဖြစ်ကြောင်း။
မျက်မှောက်ခေတ်တိုင်အောင် မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ပိုင် ဆိုင်ခွင့်ရရှိနေသည်မှာ မြန်မာ့သမိုင်းစဉ်တစ်လျှောက် ဖြတ်သန်းလာခဲ့ကြသည့် မိမိတို့ ၏ မြန်မာ့ဘိုးစဉ်ဘောင်ဆက်များက ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ပြီး လက်ဆင့်ကမ်း ခဲ့ကြသည့်ကျေးဇူးများကြောင့်ပင်ဖြစ်ကြောင်း၊ ရှေးအစဉ်အလာကောင်းများကို အတု ယူပြီး မြန်မာတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုအရင်းအမြစ်များ၊ တန်ဖိုးထားမှုစံနှုန်းများ မှေးမှိန်ကျဆင်းမသွားအောင် ဆက်လက်ထိန်းသိမ်းမြှင့်တင်ရန်မှာ မိမိတို့ အမွေခံ မျိုး ဆက်သစ်များ၏ အမျိုးသားရေးတာဝန်နှင့် ဝတ္တရားပင် ဖြစ်ကြောင်း။
မြန်မာ့ရိုးရာယဉ်ကျေးမှုနယ်ပယ်တွင် အဆို၊ အက၊ အရေး၊ အတီး အနုပညာရပ် များသည် သီးခြားဂုဏ်ရည်၊ သီးသန့်မူဟန်များဖြင့် ဖြစ်ထွန်းနေခြင်းရှိသကဲ့သို့ အဆို နှင့်အက၊ အကနှင့်အတီး၊ အတီးနှင့်အဆို၊ အဆိုနှင့်အရေး ပညာရပ်များသည် တစ်ခု နှင့်တစ်ခု ဆက်စပ်လျက်ရှိပြီး အပြန်အလှန်ထိန်းကွပ်မှု၊ အပြန်အလှန် ပံ့ပိုးမှုများဖြင့် တင့်တင့်တယ်တယ် ဆက်စပ်ဖြစ်ထွန်းနေသည်ကိုလည်း တွေ့နိုင်မည်ဖြစ်ကြောင်း။
ယခု(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင် ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် မျိုးဆက်သစ်အနုပညာရှင်များသည်လည်း မိမိတို့၏ အနုပညာစွမ်းရည်များကို အားပေးကြည့်ရှုအကဲဖြတ်နေကြသူများနှင့် ပရိသတ်များ အတွက် စိတ်ကျေနပ်အားရဖွယ်ဖြစ်အောင် ပေးစွမ်းနိုင်ကြမည်ဟု မျှော်လင့်ကြောင်း၊ ယခုပြိုင်ပွဲကြီးသည် ယှဉ်ပြိုင်မှုသာမက ပြည်နယ်နှင့်တိုင်းဒေသကြီး အနှံ့အပြားတွင် နေထိုင်ကြသည့် ပြည်ထောင်စုသွေးချင်းများ ချစ်ကြည်ရင်းနှီးစွာ ဆုံစည်းနိုင်မှု၊ မိတ် ကောင်းဆွေကောင်းများ တိုးတက်ရရှိမှု၊ ယဉ်ကျေးမှုအနုပညာအသီးသီးကို နှီးနှော ဖလှယ်မျှဝေနိုင်မှု စသည့် အကျိုးရလဒ်များမှတစ်ဆင့် တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကို တိုးမြှင့်ဖော်ဆောင်နိုင်မည်လည်း ဖြစ်ကြောင်း။
ထို့ကြောင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများ၏ အောင်မြင်ဖြစ်ထွန်းမှု အရှိန်အဟုန်ကို ထပ်ဆင့်မြှင့်တင်နိုင်စေရန်နှင့် ယခုကျင်းပ သည့် (၂၆)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို ရည်မှန်းချက်များနှင့်အညီ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်စေရန် ဌာနဆိုင်ရာအသီးသီးက တာဝန်ရှိသူများ၊ ဝါရင့်သမ္ဘာရင့် အနုပညာရှင်ကြီးများ၊ အကဲဖြတ်အဖွဲ့ဝင် အနုပညာရှင်ကြီးများ၊ ပြိုင်ပွဲဝင် အနုပညာရှင်များနှင့် အနုပညာမြတ်နိုးသူ ပရိသတ်များအားလုံးက တူညီသည့် စိတ်ထား နှင့် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းမေတ္တာရပ်ခံလိုကြောင်း။
တာဝန်ရှိသူများနှင့် အနုပညာရှင်များကို တိုက်တွန်းပြောကြားလိုသည်မှာ မြန်မာလူမျိုးတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်အနုပညာနှင့် ကိုယ်ပိုင်အမျိုး သားရေး လက္ခဏာများ ခိုင်ခိုင်မာမာ ဆက်လက်ရှင်သန်ဖွံဖြိုးစေရေးအတွက် အနု ပညာ စွမ်းပကားနှင့် စွမ်းဆောင်ပေးကြရန်၊ နှစ်ပေါင်းထောင်ချီပြီး ခမ်းနားထည်ဝါစွာ ဖွံ့ဖြိုးစည်ပင်ခဲ့သည့် မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာစစ်စစ်ကို မြတ်နိုးထိန်းသိမ်း ရင်း မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ် အစဉ်ထာဝရ နိုးကြား ရှင်သန်နေရအောင် အနုပညာစွမ်းပကားနှင့် စွမ်းဆောင်ပေးကြရန်၊ တိုင်းတစ်ပါးယဉ်ကျေးမှုများ လွှမ်းမိုးမှု မရှိစေရေးနှင့် မျိုးဆက်သစ်လူငယ်များကို ယဉ်ကျေးသိမ်မွေ့ပြီး အမျိုးသားရေး စိတ်ဓာတ်ကိုယ်ခံစွမ်းအားများ ပြည့်ဝခိုင်မာအောင် အနုပညာစွမ်းပကားဖြင့် စွမ်း ဆောင်ပေးကြရန်၊ ယခုကျင်းပမယ့် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို ကျင်းပရသည့် ဦးတည်ချက် (၄)ရပ်နှင့်အညီ အောင်မြင်အောင် ကြိုးစားဆောင်ရွက်ပြီး ယဉ်ကျေးမှုအမွေ မျှဝေပေးကြရန် မေတ္တာ ရပ်ခံတိုက်တွန်းလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် (၂၆)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ပြိုင်ပွဲကျင်းပရန် စီစဉ်ဆောင်ရွက်ထားရှိမှု များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီး၊ အဖွဲ့ဝင်များသည် အကဲဖြတ် ပညာရှင်များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် အမျိုးသားယဉ်ကျေးမှု လက္ခဏာများကို ဖော် ထုတ်ထိန်းသိမ်းမြှင့်တင်နိုင်ရေး၊ ပြည်ထောင်စုသွေးချင်းများ၏ သွေးစည်းညီညွတ် သည့် စိတ်ဓာတ်နှင့် အမျိုးသားစည်းလုံးညီညွတ်မှုစိတ်ဓာတ်တို့ကို မြန်မာ့အနုပညာဖြင့် ဖော်ထုတ်ပြသနိုင်ရေး၊ မြန်မာ့ရိုးရာအနုပညာရပ်များကို မျိုးဆက်သစ်လူငယ်များသို့ လက်ဆင့်ကမ်း အမွေပေးအပ်နိုင်ရေး၊ နိုင်ငံတော်၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ယဉ်ကျေးမှုနှင့် အနုပညာ၏အခန်းကဏ္ဍမှ တစ်တပ်တစ်အား ပူးပေါင်းပါဝင် ဆောင်ရွက်ရေး စသည့်ဦးတည်ချက် (၄)ရပ်ဖြင့်ကျင်းပခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။