စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အစည်းအဝေး (၁/၂၀၂၅)ကို ယနေ့မွန်းလွဲပိုင်းတွင်စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဦးညိုစော တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ စက်မှုလုပ်ငန်းနှင့်စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အဖွဲ့ဝင်ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက် (၄) ရပ်အနက် " နိုင်ငံ့စီးပွား ဖွံ့ဖြိုး တိုးတက်ရေး၌ အဓိကနှင့် အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ် တိုးတက် ၍ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုကဏ္ဍ (Agro-based Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင် ရေး" ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက် ရေးသည်လည်း အဓိကပါဝင်နေသည်ကို တွေ့ရှိရ ကြောင်း၊ မြန်မာနိုင်ငံတွင် သဘာဝသယံဇာတ ပေါကြွယ်ဝပြီး ငယ်ရွယ်နုပျိုသည့် လူသားအရင်းအမြစ်များ ရှိကြောင်း၊ ရေမြေသဘာဝကောင်းမွန်၍ ကျယ်ဝန်းသည့် စိုက်ပျိုးမြေများလည်း ရှိသည့်အတွက် အစဉ်အဆက် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့ကြကာ နိုင်ငံ၏စားရေရိက္ခာကို ဖြည့်ဆည်းပေးနိုင်ခဲ့ကြောင်း၊ ယနေ့ ကမ္ဘာကြီးတွင် စီးပွားရေးပုံစံများ လျင်မြန်စွာ တိုးတက်ပြောင်းလဲနေသည့်အတွက် မြန်မာနိုင်ငံ အနေဖြင့် စိုက်ပျိုးရေးထွက်ကုန် ကုန်ကြမ်းထုတ်လုပ်သည့် အဆင့်မှ Value Added တန်ဖိုးမြှင့်ကုန်ပစ္စည်း ထုတ်လုပ်သည့် အဆင့်သို့ တက်လှမ်းနိုင်ရန် လိုကြောင်း။
ကုန်ထုတ်လုပ်မှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၏ ကျောရိုးမဏ္ဍိုင် ဖြစ်ခြင်း ကြောင့် နိုင်ငံတော်၏ကုန်ထုတ်စွမ်းအားကို မြှင့်တင်ရန်နှင့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုး တက်ရေးအတွက် ခေတ်အဆက်ဆက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့်နည်းတူ ယနေ့ ခေတ်တွင်လည်း “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ အားပေးမြှင့်တင်လျက်ရှိကြောင်း။
ကုန်ထုတ်လုပ်မှု တိုးမြှင့်စေရေးအတွက် ခေတ်မီနည်းပညာ သုံးစွဲခြင်းကို အားပေးကာ ပြည်တွင်းထုတ်ကုန်များ၏ စံချိန်စံညွှန်းနှင့် အရည်အသွေးကို နိုင်ငံ တကာအဆင့်မီစေရန် သတ်မှတ်ပြဋ္ဌာန်းပြီး အရည်အသွေးထိန်းချုပ်ခြင်း၊ သုတေသန နှင့် တီထွင်ဆန်းသစ်မှု ဖန်တီးနိုင်ရန်အတွက် အထောက်အပံ့များပေးရမည် ဖြစ် ကြောင်း၊ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် အတွက်လည်း အသက် မွေးဝမ်းကျောင်း ပညာရေးစနစ်များ တိုးမြှင့်ပေးခြင်း၊ လုပ်ငန်းခွင်စွမ်းရည်မြှင့်သင် တန်းများ ဖန်တီးပေးခြင်း၊ အလုပ်သမားများ၏ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး နှင့် သင့်လျော်သည့် လုပ်ခလစာကို အာမခံပေးခြင်းဖြင့် ၎င်းတို့၏ စိတ်ဓာတ်နှင့် ကုန်ထုတ်စွမ်းအားကို မြှင့်တင်ပေးခြင်းများ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံတွင် စက်မှုဇုန်(၂၈)ခု၊ စက်မှုရပ်ကွက်(၅)ခု နှင့် တည်ထောင်ဆဲ စက်မှုဇုန်စီမံကိန်း(၂)ခုရှိသည့်အတွက် စက်မှုဇုန်များကို အဆင့်မြှင့်တင်ခြင်းဖြင့် နိုင်ငံတော်၏ စက်မှုကဏ္ဍကို ဖွံ့ဖြိုးတိုးတက်လာအောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းများအနေဖြင့်လည်း ကုန်ထုတ် လုပ်မှုတိုးမြှင့်ခြင်းကို အထောက်အကူပြုမည့် မူဝါဒများ၊ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်း များနှင့် ဈေးကွက်ချိတ်ဆက်မှုများကို ဖန်တီးပေးရန် အားသွန်ခွန်စိုက်ကြိုးပမ်းကြ စေလိုကြောင်း။
နိုင်ငံတော်အနေဖြင့် “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းကြစို့” ဆိုသည့်ဆောင်ပုဒ်အတိုင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန်အတွက် အဘက် ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ စက်မှုဇုန်များ တည်ထောင်ရာတွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးနှင့် စွန့်ပစ်ပစ္စည်းများ ပြန်လည် သန့်စင်ရေးတို့ကိုလည်း အလေးပေးဆောင်ရွက်သွားရမည် ဖြစ်သည့်အတွက် စက်မှုဇုန်များနှင့် စက်မှုလုပ်ငန်းရှင်များအနေဖြင့် ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေ ရေးအတွက် ဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်ညွှန်ကြားချက်များကို ပိုမိုတိကျစွာ လိုက်နာ ဆောင်ရွက်သွားကြစေလိုကြောင်း။
နိုင်ငံတော်၏ ထုတ်ကုန်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည် စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်မှုအပေါ် များစွာမူတည်သောကြောင့် အသစ်ဖော်ဆောင်မည့် စက်မှု ဇုန်များ စနစ်တကျဖော်ဆောင်နိုင်ရေးအပြင် တည်ထောင်ပြီး စက်မှုဇုန်များကို လည်း စနစ်တကျ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်လည်း အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ တည်ဆောက်ပြီး စက်မှုဇုန်များအား နည်းဥပဒေ များနှင့်အညီ စက်မှုဇုန် အဆင့်အတန်းများ စစ်ဆေးရာတွင် အမှတ်ပေးစည်း မျဉ်းသတ်မှတ်ချက်များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ စစ်ဆေးရာ၌ အဆင့်အတန်း သတ်မှတ်ချက်များအရ အားနည်းသည့် စက်မှုဇုန်များအား သက် ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများက အဆင့်မြင့် စက်မှုဇုန်များဖြစ်ပေါ်လာစေရေး တွန်းအားပေး ကြပ်မတ်ဆောင်ရွက်ကြစေလို ကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အဖွဲ့ဝင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး က အမှာစာများအား ဖတ်ကြား တင်ပြသည်။
ယင်းနောက် စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံစက်မှုဇုန်များ သမိုင်းကြောင်း၊ ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ထားရှိမှု၊ စက်မှုလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှု ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြကြသည်။
ဆက်လက်၍ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး များနှင့် ဒုတိယဝန်ကြီးများက စက်မှုဇုန်ဥပဒေနှင့် နည်းဥပဒေပါ ပြဋ္ဌာန်းချက်များ နှင့်အညီ လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍ အလိုက် ရှင်းလင်းတင်ပြကြသည်။
ထို့နောက် စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော က ဆွေးနွေးတင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေး ကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။