နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့်   DPLA ၊ KNDF ၊ PNLO ၊ ကရင်နီအမျိုးသားလွတ်မြောက်ရေးတပ်ပေါင်းစု နှင့် PDF အမည်ခံအဖွဲ့ဝင် ၃၀ ဦးတို့သည်  လက်နက်ခဲယမ်းများနှင့်အတူ ဉပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက် နေပြည်တော်၊ ၂၀၂၅

Friday, October 3, 2025 - 16:30

နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့်   DPLA ၊ KNDF ၊ PNLO ၊ ကရင်နီအမျိုးသားလွတ်မြောက်ရေးတပ်ပေါင်းစု နှင့် PDF အမည်ခံအဖွဲ့ဝင် ၃၀ ဦးတို့သည်  လက်နက်ခဲယမ်းများနှင့်အတူ ဉပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်

နေပြည်တော်၊ ၂၀၂၅ အောက်တိုဘာ - ၃

            နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုး မျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့်် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဉပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဉပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက် ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည် သဘောပေါက်လာသည့် DPLA ၊ KNDF ၊ PNLO ၊ ကရင်နီအမျိုးသားလွတ်မြောက် ရေးတပ်ပေါင်းစု နှင့် PDF အမည်ခံအဖွဲ့မှ အဖွဲ့ဝင် ၃၀ ဦးတို့သည် လက်နက်ခဲယမ်းများနှင့် အတူ ယနေ့တွင် ဉပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြသည်။

            အဆိုပါ ဉပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ အဖွဲ့ဝင်များနှင့် PDF အမည်ခံအဖွဲ့များမှ အဖွဲ့ဝင်များသည် အတင်းအဓမ္မစုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေး ပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင် တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် လူမျိုးရေးခွဲခြားဆက်ဆံမှုနှင့် အဆင့်အတန်း ခွဲခြား၍ အချင်းချင်းဗိုလ်ကျ နှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုများကျူးလွန်ခြင်း၊  အနေအစား ဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာနေထိုင်ရခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော် ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဉပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ် အား စွန့်လွှတ်၍ ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

            ထိုသို့ ဉပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာကြသည့် DPLA အဖွဲ့ဝင် ၁၂ ဦး၊ KNDF အဖွဲ့ဝင် ၁ ဦး၊ PNLO အဖွဲ့ဝင် ၄ ဦး၊ ကရင်နီအမျိုးသားလွတ်မြောက်ရေး တပ်ပေါင်းစု အဖွဲ့ဝင် ၁ ဦး၊ PDF အမည် ခံအဖွဲ့ဝင် ၁၂ ဦး၊ စုစုပေါင်း ၃၀ ဦးတို့ကို တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း အပ်နှံပွဲကို ယနေ့တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ သံလွင်ခန်းမ၌ ပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တိုင်းမှူး ဗိုလ်မှူးချုပ် နိုင်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လာခဲ့ကြသူများနှင့် ၎င်းတို့၏ မိဘများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အမှာစကားများ အသီးသီးပြော ကြားပြီး တာဝန်ရှိသူတစ်ဦးက နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုး ရေးဆိုင်ရာပုဒ်မများနှင့် ပတ်သက်၍ အသိပညာပေးရှင်းလင်းပြောကြားသည်။ ထို့နောက် ဉပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် AK-47 ၁ လက်၊ M-22 ၃ လက်၊ ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများကို လွှဲပြောင်းအပ်နှံရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လက်ခံရယူကြသည်။ 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်နက် ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ကာ ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည် လွှဲပြောင်းအပ်နှံပေးကြသည်။ ထို့နောက် ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက် လာသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

            ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည် ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများ ထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဉပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်း သိရှိရပြီး ဉပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပြီး လိုအပ်သည့်ကူညီ ထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

            ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စကားသံများကို လည်း ယခုကဲ့သို့ ကြားသိရပါသည်-

ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စကားသံများ

(၃-၁၀-၂၀၂၅)

၁။      ကျွန်တော်ကတော့ ရပ်စောက်မြို့နယ်၊ ကျောက်ဂူကျေးရွာမှာနေပါတယ်။ ကျွန်တော် ကျောက်ဂူမှာနေတုန်းက ဒီမှာမိသားစုနဲ့ တောင်ယာလုပ်နေထိုင်ပါတယ်။ ကျွန်တော်ပြန်လာ တဲ့အချိန်မှာ DPLA ၊ PDF အဖွဲ့အစည်းပလောင်တွေက ကျွန်တော့်ကို ည ၁၂ နာရီလောက် ကျွန်တော်အိပ်နေတဲ့ အချိန်မှာ လာပြီးတော့ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ အိမ်ထဲက ပစ္စည်းတွေလည်း တစ်ခုမှ မကျန်ဘူးအကုန်ယူသွားပါတယ်။ ယူသွားတဲ့အပြင် ကျွန်တော့်ကို လည်း သင်တန်း ၃ လတက်ခိုင်းပါတယ်။ ကျွန်တော်ကကြောက်ကြောက်နဲ့တော့ လုပ်နေရတာပေါ့။ ဒီ DPLA အကြမ်းဖက်အဖွဲ့အစည်းတွေက တပ်မတော်နဲ့ အဆက်အသွယ် ပြန်လုပ်လို့ရှိရင် ခြိမ်းခြောက်တာပေါ့။ ကျွန်တော့်ကို သက်ဖြတ်မယ် ပြောတာပေါ့။ မိသားစုနဲ့ ပြန်လည်ဆုံဆည်းဖို့ ဒီထဲမှာ ကြာကြာနေလို့ရှိရင်သေမယ်။ စဉ်စားလိုက်တော့ ငါဒီထဲမှာ မနေနိုင်ဘူးပြန်မယ်ပေါ့။ အဲလိုမျိုးဆက်နေလို့ရှိရင် ကိုယ့်ဘဝကို တိုးတက်ရာတိုးတက် ကြောင်းလည်းမရှိဘူးဆိုပြီးတော့ ကျွန်တော်ထွက်ပြေးလာတယ်။ တပ်မတော်က သူတို့လို ခြိမ်းလည်းမခြိမ်းခြောက်ဘူး နွေးထွေးစွာနဲ့ ကြိုဆိုတယ်။

 

၂။       ကျွန်တော်ကတော့ နောင်ချိုဒေသမှာနေထိုင်တဲ့ ဓနုတိုင်းရင်းသားတစ်ဦးဖြစ်ပါတယ်။ ကျွန်တော် ကတော့ DPLA အကြမ်းဖက်အဖွဲ့ထဲရောက်သွားရတဲ့အကြောင်းအရင်းအတော့ အဖွားကျန်းမာရေး မကောင်း လို့ ညဘက်အပြင်ထွက်ရင်းနဲ့ TNLA အကြမ်းဖက်သမားနဲ့ လမ်းမှာတွေ့ပြီးတော့ ကျွန်တော့်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်။ အဲဒီကနေ ဖမ်းဆီး ခေါ်ဆောင်ပြီးတော့ ကျွန်တော့်ကို TNLA အကြမ်းဖက်အဖွဲ့ ထဲကမှ DPLA အကြမ်းဖက် အဖွဲ့ထဲကို လွှဲပြောင်းထည့်ပေးလိုက်တယ်။ အဲဒီကနေမှ ကျွန်တော့်ကို DPLA အကြမ်းဖက် အဖွဲ့တွေက စစ်သင်တန်းလေးလပေးခဲ့တယ်။ စစ်သင်တန်းလေးလပေးပြီးတဲ့ နောက်ပိုင်းမှာ တော့ နောင်ချိုကို တပ်သားအဆင့်နဲ့ တာဝန်ထမ်းဆောင်ခိုင်းခဲ့တယ်။ ကျွန်တော် တပ်သား အဆင့်နဲ့တာဝန် ထမ်းဆောင်နေချိန်မှာလည်း ခေါင်းဆောင်ပိုင်း ဖြစ်ကြတဲ့လူတွေကတော့ ရာထူးအဆင့်အတန်းခွဲခြားတာတွေ အာဏာပြတာတွေ၊ ဆဲဆိုတာတွေကိုလည်း ကျွန်တော်တို့ အနေနဲ့တွေ့ခဲ့ရတယ်။ အဲဒီအချိန်မှာ ကျွန်တော် ထွက်ပြေးဖို့ကြိုးစားခဲ့ပေမယ့်လည်း သူတို့ DPLA အကြမ်းဖက်အဖွဲ့တွေက မင်းတို့ထွက်ပြေးခဲ့ရင် မင်းတို့မိသားစု၊ မင်းတို့ညီအစ်ကို မောင်နှမတွေကို ငါတို့မင်းတို့ကိုလုပ်သလို လုပ်ခိုင်းမယ်ဆိုလို့ ကျွန်တော်တို့အနေနဲ့ မထွက်ပြေးရဲခဲ့ဘူး။ အဲဒါနဲ့အောင့်အီးပြီးနေခဲ့ရတယ်။ ဒီနှစ်ခြောက်လပိုင်းလောက်မှာ တပ်မတော်ဘက်ကနေမှ နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ် နိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့ မိသားစုလည်းပဲ DPLA အကြမ်းဖက်အဖွဲ့ တွေရန်မှ ကင်းလွတ်သွားပြီဖြစ်တဲ့အတွက် မိသားစုကိုစိတ်ချယုံကြည်စွာနဲ့ နောင်ချိုမှာထားပြီးတော့ DPLA အကြမ်းဖက်အဖွဲ့ထဲကမှ ထွက်ပြေးပြီးတော့ အခုလိုအလင်းဝင်လာရခြင်းဖြစ်တယ်။ ကျွန်တော်တို့ အခုလို အလင်း ဝင်ရောက်တဲ့အချိန်မှာလည်းပဲ တပ်မတော်ဘက်ကနေမှ နွေးနွေးထွေးထွေးနဲ့ ကိုယ့်မိသားစု၊ ကိုယ့်ညီ အစ်ကိုလိုပဲ ကြိုဆိုပြီးတော့ဆက်ဆံတယ်။ အခုလို တပ်မတော်ဘက်ကို ရောက်တဲ့အချိန်မှာလည်းပဲ အခုလို မိသားစုဘဝကို လုံခြုံမှုပေးခဲ့တဲ့အတွက် ကျွန်တော် ဝမ်းသာပီတိဖြစ်ရတယ်။ တစ်ကယ်တော့ တပ်မတော် ဘက်က ရိုက်နှက်ခြင်းလည်းမရှိပါဘူး။ ထောင်တွေဘာတွေလည်းမချဘူး။ နွေးနွေးထွေးထွေး နဲ့ကြိုဆိုနေတယ်။ အလင်းဝင်ဖို့ အတွက် ကျွန်တော့်အနေနဲ့ တိုက်တွန်းလိုပါတယ်။