(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ “မင်္ဂလာသီရိ” ဟိုတယ်၌ ကျင်းပရာ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်များ၊ ရဲအရာရှိကြီးများ နှင့် တာဝန်ရှိသူများ၊ အနုပညာရှင်များ၊ ဆုရရှိသူများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးက မိန့်ခွန်း ပြောကြားပြီး စံပြရဲအဆင့်တိုးဆုရရှိသူ အရာရှိ(၁)ဦး၊ အခြားအဆင့်(၂)ဦးနှင့် စွမ်းရည်သတ္တိအတွက် ရာထူးအဆင့်တိုးဆုရရှိသူ အရာရှိ(၁)ဦး၊ စွမ်းဆောင်မှုအတွက် ရာထူးအဆင့်တိုးဆုရရှိသူ အရာရှိ (၄)ဦးတို့အား ဂုဏ်ပြုဆုတံဆိပ်များပေးအပ်ချီးမြှင့့်ပြီး အနုပညာရှင်ကိုယ်စားလှယ် တစ်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။
ယင်းနောက် ဒုတိယရဲချုပ်(၁) ရဲဗိုလ်ချုပ် ဝင်းဗိုလ် က စွမ်းရည်သတ္တိအတွက် ရာထူး အဆင့်တိုးဆုရရှိသူ အခြားအဆင့်(၁)ဦး၊ စွမ်းဆောင်မှုအတွက်ရာထူးအဆင့်တိုးဆုရရှိသူ အခြား အဆင့်(၉)ဦး၊ ဒုတိယရဲချုပ်(၂) ရဲဗိုလ်ချုပ် မျိုးမင်းထိုက်က ရုံးဝန်ထမ်းထူးချွန်ဆုရရှိသူ တပ်ဖွဲ့ဝင် (၇)ဦးနှင့် ဝတ်စားဆင်ယင်မှုအကောင်းဆုံးဆုရ တပ်ဖွဲ့ဝင်(၆)ဦး၊ တာဝန်ရှိသူတစ်ဦးက အမျိုးသမီး စွမ်းဆောင်ရှင်ဆုရရှိသူ အမျိုးသမီးတစ်ဦးတို့အား ဂုဏ်ပြုဆုတံဆိပ်တို့ အသီးသီးပေးအပ်ချီးမြှင့် ကြသည်။
ထို့နောက် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် Video Clip ကိုပြသပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး၊ ရဲအရာရှိကြီးများနှင့်ဇနီးများသည် ဆုရရှိသူများ၊ အနုပညာရှင်ကိုယ်စားလှယ်တစ်ဦးတို့နှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး အခမ်းအနားအား ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။