အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း သတင်းမီဒီယာများ၏ မေးမြန်းမှုများအား လက်ခံဖြေကြား နေပြည်တော် စက်တင်ဘာ - ၂၉

Monday, September 29, 2025 - 18:45

ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin  ၏ ဖိတ်ကြားချက် အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးစဉ်အဖြစ်လည်းကောင်း၊ ကာဇက်စတန်နိုင်ငံ သမ္မတ  H.E.Mr. Kassym-Jomart Tokayev ၏ ဖိတ်ကြားချက်အရ ကာဇက်စတန်နိုင်ငံသို့ အလုပ်သဘောခရီးစဉ်အဖြစ်လည်းကောင်း အသီးသီး သွား ရောက်ခဲ့ပြီး ယနေညနေပိုင်းတွင် နေပြည်တော် တပ်မတော်လေဆိပ်သို့ ပြန်လည် ရောက်ရှိသည်။

ထိုသို့ ပြန်လည်ရောက်ရှိစဉ် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းမီဒီယာများ၏ မေးမြန်းမှု များကို ယခုလိုပဲ ဖြေကြားခဲ့ပါတယ် -

မေး။   ယာယီသမ္မတကြီးရဲ့ ရုရှားနဲ့ ကာဇက်စတန်နိုင်ငံတွေကို အလုပ်သဘောခရီးစဉ် သွားရောက်ခဲ့တဲ့အပေါ် မြန်မာနိုင်ငံအတွက်ဘယ်လို အကျိုးကျေးဇူးတွေရခဲ့လဲ၊ နောက်ပြီး ဒီခရီးစဉ်မှာ ကမ္ဘာ့အဏုမြူသတင်းပတ်ဖိုရမ်ကိုလည်း တတ်ရောက်ခဲ့တဲ့ အတွက် ကြောင့် ဘယ်လိုပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာနိုင်မှာလဲဆိုတာကို အရင်ဦးဆုံး ဖြေကြားပေး ပါဦးခင်ဗျာ။

ဖြေ။    အဓိကကတော့ ကျွန်တော်တို့ ဒီခရီးစဉ်မှာ အပိုင်းသုံးပိုင်းခွဲပြီး ပြောချင်ပါတယ်။ အပိုင်းသုံးပိုင်းကတော့တစ်ပိုင်းစီကအရေးပါနေတဲ့အတွက်ကြောင့်မို့ဖြစ်ပါတယ်။ ပထမဦးဆုံး ကတော့ ရုရှားပေါ့။ ရုရှားမှာ ရုရှားခရီးစဉ်၊ ပြီးရင်တော့ ကာဇက်စတန်ခရီးစဉ်၊ ပြီးရင်တော့ အပြန်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမှာ ကျွန်တော်တို့ ကခဏနားခဲ့ သေးတယ်။ အဲ့ဒါတွေကို ကျွန်တော် ပြောချင်ပါတယ်။ ပထမဦးဆုံးကတော့ တစ်ခုနဲ့ တစ်ခုကလည်း သဘောသဘာဝက နည်းနည်း ကွာခြားတယ်။ ကွာခြားတဲ့အတွက် သုံးပိုင်းခွဲပြီးပြောမယ်။ ပထမဦးဆုံး ရုရှားနိုင်ငံမှာ ကျင်းပတဲ့ ROSATOM ကနေကြီးမှူးပြီး ကျင်းပတဲ့ ကမ္ဘာ့အဏုမြူ ရက်သတ္တပတ်ပေါ့။ အဲ့ဒါနဲ့  ပတ်သက်ပြီးတော့ ဖိုရမ်ကြီးကိုတက်ရောက်တာဖြစ်တယ်။ ပြီးရင် ရုရှားသမ္မတ H.E. Vladimir Vladimirovich Putin နဲ့ တွေ့ခဲ့တယ်။ အဲ့ဒီမှာ ကမ္ဘာ့နိုင်ငံ အသီးသီးကလည်းလာရောက်ပြီးတော့ World Atomic Forum ကို တက်ရောက် တာဖြစ်တယ်။ တက်ရောက်တဲ့အခါမှာ အဏုမြူစွမ်းအင်နဲ့ပတ်သက်ပြီး ငြိမ်းချမ်းစွာ အသုံးပြုနိုင်ဖို့၊ အဏုမြူစွမ်းအင်နဲ့ပတ်သက်ပြီး နိုင်ငံတိုင်းက ငြိမ်းချမ်းစွာနဲ့ ပြည်သူလူထု အကျိုးအတွက် အသုံးပြုနိုင်ဖို့အတွက်ကို ကျွန်တော်တို့ ဆွေးနွေးခဲ့တာရှိပါတယ်။ ဆွေးနွေး ခဲ့တဲ့နေရာမှာ တက်ရောက်တဲ့နိုင်ငံတွေရဲ့ အမြင်သဘောထားတွေကိုလည်း နားထောင်ခဲ့ ရတယ်။ နိုင်ငံတော်ယာယီသမ္မတကြီးရဲ့ မိန့်ခွန်းလည်းပြောခဲ့ရတယ်။ ယာယီသမ္မတကြီးရဲ့ မိန့်ခွန်းနဲ့ မြန်မာနိုင်ငံရဲ့သဘောထားလည်း ပြောခဲ့ရတယ်။ ဒီထဲမှာ အနှစ်ချုပ်ပြောရရင် မြန်မာနိုင်ငံရဲ့ သဘောထားကတော့ အဏုမြူစွမ်းအင်ကို အသုံးပြုခြင်းရဲ့ အကြောင်းရင်းက တော့ မြန်မာနိုင်ငံမှာ စွမ်းအင်ပေါ့လေ၊ တည်ငြိမ်တဲ့ လျှပ်စစ်စွမ်းအင်တစ်ခုရရှိဖို့၊ ပြီးရင် ဆေးဘက်ဆိုင်ရာ၊ စိုက်ပျိုးရေးဘက်ဆိုင်ရာ သုတေသနတွေမှာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဒါတွေကို ကျွန်တော်တို့ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ရုရှားရဲ့ အဏုမြူစွမ်းအင် အေဂျင်စီဖြစ်တဲ့ ROSATOM နဲ့လည်း ကျွန်တော်တို့ သဘောတူလက်မှတ် တွေရေးထိုးခဲ့ရတာတွေ ရှိတယ်။ ပြီးရင်တော့ ကျွန်တော်တို့ ရုရှားသမ္မတကြီး မစ္စတာ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံခဲ့တာရှိတယ်။

မစ္စတာ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံတဲ့ အခါမှာတော့ ရုရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို အရှေ့တောင်အာရှမှာ ယုံကြည်စိတ်ချရဆုံး မိတ်ဖက်နိုင်ငံတစ်ခုအဖြစ် အမြဲတမ်းအမှတ်ပြု နေတဲ့အကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ ရုရှားနိုင်ငံကို မဟာဗျူဟာမိတ်ဖက်နိုင်ငံတစ်ခုအနေနဲ့ အသိအမှတ်ပြုပြီးတော့ ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်သွားမယ့် အကြောင်းအရင်းတွေ ၊ နည်းပညာဖလှယ်မှုတွေ၊ အာကာသ ဆိုင်ရာနည်းပညာ၊ အဏုမြူစွမ်းအင်ဆိုင်ရာ နည်းပညာ၊ ကျန်တဲ့ ပြည်သူလူထုကိုတိုက်ရိုက် အကျိုးပြုမယ့် နည်းပညာဖလှယ်မှုတွေ ဆောင်ရွက် သွားမှာဖြစ်ကြောင်း ဆွေးနွေးနိုင်ခဲ့ပါတယ်။ ဒုတိယကတော့ ကာဇက်စတန်ခရီးစဉ်ပေါ့။ ကာဇက်စတန်ခရီးစဉ်နဲ့ပတ်သက်ပြီး ကာဇက်စတန်နိုင်ငံကို မြန်မာနိုင်ငံရဲ့ နိုင်ငံ့ခေါင်းဆောင် တစ်ဦး ပထမဦးဆုံး ရောက်ရှိတာဖြစ်ပါတယ် ။ ကာဇက်စတန်နိုင်ငံရဲ့ ထူးခြားချက်ကလည်း တော်တော်ထူးခြားတဲ့ နိုင်ငံတစ်ခုဖြစ်တယ်။ သူဟာအာရှတိုက်ရဲ့ အလယ်ပိုင်းမှာရှိတဲ့ ကုန်းတွင်းပိတ် နိုင်ငံတစ်ခုဖြစ်တယ်။ သို့သော် အာရှတိုက်နဲ့ ဥရောပတိုက်ရဲ့ အစပ်မှာရှိ တယ်။ အာရှတိုက်ရဲ့အလယ်မှာဖြစ်တဲ့ အတွက်ကြောင့်မလို့ ခင်ဗျားတို့ ကျွန်တော်တို့ ကြားဖူးမှာပဲ။ အရင်တုန်းက ပထဝီနိုင်ငံရေးပေါ့  ( Geopolitics Theory )တွေရှိတယ်။ အဲ့ဒီမှာတော့ Heartland  ၊ Greenland ၊ ကမ္ဘာ့ရဲ့ အလယ်ဗဟိုချက်နယ်မြေတို့၊ ဒီနယ်မြေ တွေရဲ့ အရေးပါမှုကိုလည်းသိမှဖြစ်မယ်။ ဒီနေရာဟာ ကမ္ဘာ့ရဲ့အလယ်ဗဟိုချက်နယ်မြေ အာရှ - ဥရောပတိုက် ပေါ့။ ကမ္ဘာမှာအကြီးဆုံးကုန်းမြေရဲ့ အလယ်နယ်မြေဖြစ်တဲ့ အတွက် သူ့ရဲ့နေရာကနေပြီး ကုန်းလမ်းပို့ဆောင်ရေးတွေ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ အားလုံး ဖြတ်သန်းသွားတဲ့ သဘောရှိတယ်။ ပြီးရင်နိုင်ငံအနေနဲ့လည်း တိုးတက်အောင် ဆောင်ရွက် နေတယ်။ သူတို့ရဲ့ ပညာရေးကဏ္ဍလည်း မြင့်ပါတယ်။ ကျန်းမာရေးကဏ္ဍလည်း မြင့်ပါတယ်။ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် ကဏ္ဍတွေနဲ့ ပတ်သက်ပြီးလည်း သမ္မတကြီး ကိုယ်တိုင်က ရှင်းလင်းပြသခဲ့ပါတယ်။ ကျွန်တော်တို့ကိုလည်း သူတို့နိုင်ငံရဲ့ အခွင့်အရေး ၊ ကျွန်တော်တို့နဲ့ ရင်းနှီးမြှုပ်နှံ နိုင်မယ့်အခွင့်အရေး ၊ ကျွန်တော်တို့နဲ့ တိုးတက် ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတွေကိုလည်း ပြောခဲ့တာရှိပါတယ်။ နည်းပညာပူးပေါင်း ဆောင်ရွက်မှုတွေ၊ IT နဲ့ ပတ်သက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ကိုလည်းဆက်လက် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

          ထူးခြားချက်ကတော့ ကာဇက်စတန် သမ္မတကြီးအနေနဲ့က မြန်မာနိုင်ငံက ပထမဦးဆုံးလာရောက်တဲ့ ခေါင်းဆောင်ဖြစ်တဲ့အတွက်ကြောင့်မလို့ တော်တော်ကို ဝမ်းသာ အားရတယ်။ ကျေနပ်မှုရှိတယ်။ ဒါ့အပြင် တွေ့ဆုံပွဲအပြီးမှာ ယာယီသမ္မတကြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြန်တဲ့အချိန်မှာ ကားပေါ်ထိလိုက်ပြီး နှုတ်ဆက်တာမျိုး ပေါ့။ ဒါတွေထိ ရင်းနှီးဖော်ရွေမှုတွေပြတဲ့အတွက်ကြောင့်မလို့ ကျွန်တော်တို့နိုင်ငံအနေနဲ့ မိတ်ဆွေ ကောင်းနိုင်ငံတစ်ခုတိုးတယ်လို့ ပြောချင်ပါတယ်။ အပြန်ခရီးစဉ်မှာတော့ ကူမင်းမြို့ ကိုဝင် ရောက်ခဲ့တယ်။ ကူမင်းကိုဝင်ရောက်တဲ့အချိန်မှာ ယူနန်ပြည်နယ်ရဲ့ ကွန်မြူနစ်ပါတီ အမြဲတမ်းပါတီဝင်ပေါ့နော်။ ဥပဒေရေးရာ အတွင်းရေးမှူး ၊ ပြီးရင် ခင်ဗျားတို့ ကျွန်တော်တို့နဲ့ ရင်းနှီးနေကြတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အရှေ့တောင်အာရှကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းနဲ့ တွေ့ဆုံခဲ့တယ်။ အဲဒီမှာ အချက် ၄ ချက်ဆွေးနွေးခဲ့တယ်။

              နံပါတ်တစ်အရေးကြီးဆုံးအချက်က အပြန်အလှန်ဆွေးနွေးတဲ့အခါမှာ မြန်မာနဲ့ တရုတ်နိုင်ငံတို့ဟာ မိတ်ဆွေအရင်းအချာ၊ အိမ်နီးနားချင်းနိုင်ငံ ဆွေမျိုးပေါက်ဖော်နိုင်ငံတွေ ဖြစ်တယ်။ တစ်ဦးနဲ့ တစ်ဦးယုံကြည်စိတ်ချမှုရှိပြီးတဲ့ နိုင်ငံတွေဖြစ်တယ်။ ဆက်သွယ် ဆက်ဆံရေးတွေတိုးမြှင့်ဆောင် ရွက်သွားမှာဖြစ်တယ်။ ပြီးရင်တော့ ကျွန်တော်တို့အနေနဲ့ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်ရေးကိုတရုတ်အစိုးရအနေနဲ့လည်း မြန်မာအစိုးရနဲ့လက်တွဲညီ အစွမ်းကုန်ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်။ နောက်တစ်ချက်အနေနဲ့ကတော့ ကုန်သွယ်ရေးစီးပွားမြှင့်တင်တဲ့အပိုင်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဆောင်ရွက်သွားမှာဖြစ် ပါတယ်။ နောက်တစ်ချက်ကတော့ တရုတ်-မြန်မာစီးပွားရေးစင်္ကြံပေါ့။ ဒါနဲ့ပတ်သက်ပြီး လည်း အဲဒီစီးပွားရေးစင်္ကြံမှာရှိတဲ့ စီးပွားရေးသဘောတူညီပြီးသားအချက်တွေ၊ တရုတ်-မြန်မာစီးပွားစင်္ကြံမှာ ရှိနေတဲ့စီမံကိန်းတွေ ဒါတွေကိုအမြန် အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ နှစ်ဦးနှစ်ဖက် ထပ်လောင်းပြီးတော့ အတည်ပြုခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံအနေနဲ့ ဆက်လက်ပြီး ထောက်ခံဆောင်ရွက်သွားမယ်။ ဆက်လက်ပြီး ကြိုးပမ်းဆောင်ရွက် သွားမယ် ဆိုတာလည်း သိချင်စေချင်ပါတယ်။ ဒီတော့ ခရီးစဉ်တွေအားလုံးကို ချုံ့ပြီးပြောရရင်တော့ မြန်မာနိုင်ငံ အတွက် အခွင့်အလမ်းသစ်တွေ၊ အိမ်နီးနားချင်း တရုတ်နိုင်ငံနဲ့လည်း မြန်မာနိုင်ငံအတွက် အခွင့်အလမ်းသစ်တွေဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ ဒီအခွင့်အလမ်းသစ်တွေကို မိမိရရ ဆုပ်ကိုင်နိုင်ဖို့အတွက် ကျွန်တော်ပြောနေကျစကားဖြစ်တဲ့ နံပါတ်တစ် ကျွန်တော်တို့ စည်းလုံးကြဖို့လိုတယ်။ နံပါတ်နှစ် ကျွန်တော်တို့ ခေတ်နဲ့အမီတွေး ခေါ်မြှော်မြင်တတ်ဖို့ အရေးကြီးတယ်။ ကမ္ဘာကြီးမှာဒီနေ့ ဘာတွေဖြစ်နေလဲ။ နိုင်ငံတကာမှာ ဘာတွေဖြစ် နေလဲ။ ကျွန်တော်တို့ မြန်မာမှာဘာတွေဖြစ်နေလဲ။ အမှန်တရားအတိုင်းပဲ သုံးသပ်ပြီးတော့ ကျွန်တော်တို့ဖွံ့ဖြိုးတိုးတက်ရေး၊ ကျွန်တော်တို့ ပြည်သူလူထုရဲ့၊ နိုင်ငံတော်ရဲ့ လူမှုစီးပွား ဘဝမြှင့်တင်နိုင်ရေးအတွက် မှန်ကန်တဲ့အတွေးအခေါ်‌တွေနဲ့တွေးခေါ် ဆောင်ရွက်သွားကြဖို့ အရေးကြီးတယ်လို့ ပြောချင်ပါတယ်။

မေး။        လက်ရှိခရီးစဉ်မှာ Nuclear စွမ်းအင်နဲ့ပတ်သက်ပြီးဆွေးနွေးခဲ့တာရှိတယ်။ အနာဂတ်မှာရော မြန်မာနိုင်ငံအနေနဲ့ ဒီNuclear စွမ်းအင်နည်းပညာကို ဘယ်လိုအသုံးချ ဖို့ရှိလဲ။ ဒီပြင်မြန်မာပြည်ရဲ့ လျှပ်စစ်ဓာတ်အားတိုးတက်ရေးအတွက် အသေးစား Nuclear စက်ရုံတည်ဆောက်ဖို့ စီစဉ်နေတာရှိတယ်လို့သိရပါတယ်။ အဲဒါကို ဘယ်ကာလလောက် စတင်ဖို့ရှိပါသလဲ။

ဖြေ။         ဒါနဲ့ပတ်သက်ပြီးတော့  ကျွန်တော်တို့ သဘောတူလက်မှတ်ရေးထိုးခဲ့တာရှိတယ်။ ယခင်နှစ်ကတည်းကတိုင် MOU ပေါ့ဗျာ။  ထပ်လောင်းပြီးတော့ ရေးထိုးခဲ့တာ ရှိတယ်။  အဓိကကတော့ ကျွန်တော်တို့ကပထမဦးဆုံး အဏုမြူစွမ်းအင် အသုံးပြုနိုင်ဖို့အတွက် လျှပ်စစ်ဓာတ်အားပေးစက်ရုံအတွက် လုံခြုံတဲ့နေရာတွေ ဆက်လက်ပြီး ရွေးချယ်သွားဖို့ရှိ တယ်။ အခုလည်း ရန်ကုန်မှာ ခင်ဗျားတို့မြင်တဲ့အတိုင်းပဲ။ ကျွန်တော်တို့ဟိုမှာ   World Atomic Week Forum လုပ်နေတဲ့အချိန်မှာပဲ ရန်ကုန်မှာလည်း ကျွန်တော်တို့ လုပ်ခဲ့တာမျိုး ရှိတယ်။ ဒီအဏုမြူစွမ်းအင်နဲ့ပတ်သက်ပြီး ကျွန်တော်အသိပေးလိုတာက အဏုမြူစွမ်းအင် ဆိုတာက လုံခြုံမှုရှိတဲ့စွမ်းအင်ဖြစ်ပါတယ်။ အဏုမြူစွမ်းအင်ဆိုတာသည်  တည်ငြိမ်တဲ့ လျှပ်စစ်ကို ပေးနိုင်တဲ့ စွမ်းအင်မျိုးဖြစ်ပါတယ်။ မြန်မာနိုင်ငံ တိုးတက်ဖို့ဆိုရင် ကျွန်တော်တို့ လျှပ်စစ်စွမ်းအားက ဘယ်လောက်ထိလိုတယ်ဆိုတာကို အားလုံးကသိပြီးဖြစ်လိမ့်မယ်။ လျှပ်စစ်စွမ်းအားလိုတဲ့နေရာမှာ တည်ငြိမ်တဲ့လျှပ်စစ်စွမ်းအင် ရရှိဖို့အရေးကြီးတယ်။ ဥပမာ- ဆိုလာကနေ လျှပ်စစ်ရမယ်။ လေကနေ လျှပ်စစ်ရမယ်။ ပြီးရင် ရေအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့၊ စက်တွေကနေလျှပ်စစ်စွမ်းအင်တွေရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် လျှပ်စစ် စွမ်းအင်ဆိုတာနိုင်ငံတစ်နိုင်ငံမှာ အမျိုးစုံပေါင်းပြီးတော့ ဆောင်ရွက်ရတာဖြစ်တယ်။ ဥပမာ ဆိုလာလျှပ်စစ်စွမ်းအင်ဆိုရင် ညဘက်မှာ မရနိုင်တော့ ဘူး။ Wind Power လေစွမ်းအင် ဆိုတာလည်း လေတိုက်ခိုက်မှုလျော့နည်းတဲ့အချိန်မှာ မရနိုင်တော့ဘူး။ ဒီအချိန်မှာ နိုင်ငံ တစ်နိုင်ငံလုံးမှာရှိနေတဲ့ စွမ်းအင်အရင်းအမြစ်တွေ အားလုံးကအသုံးပြုပြီးတော့ လိုတဲ့ စွမ်းအင်ကို ဒီဘက်စွမ်းအင်ကဖြည့်မယ်။ ဟိုဘက်က လိုတဲ့စွမ်းအင်ကို ဒီဘက်ကနေ ဖြည့်မယ်ဆိုတဲ့ဟာမျိုးတွေလိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒီစွမ်းအင်သည် လည်း အစပိုင်းရင်းနှီးမြှုပ်နှံမှုက ကြီးကောင်းကြီးမယ်။ နောက်ပိုင်းမှာတော့ တည်ငြိမ်တဲ့ လျှပ်စစ်စွမ်းအားနဲ့ ဖွံ့ဖြိုးတိုးတက်မှုရစေနိုင်တယ်။ ဒါကတော့ လျှပ်စစ်စွမ်းအင်နဲ့ပတ်သက် တဲ့အပိုင်းပါ။ နံပါတ်နှစ်အပိုင်းကတော့ ဒီဟာကိုဆောင် ရွက်တဲ့နေရာမှာ Nuclear စွမ်းအင် နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ ထိတွေ့လာမယ်။ Nuclear စွမ်းအင်နဲ့ ပတ်သက်ပြီး သုတေသနပြုမှုတွေ၊ ဆေးဝါးဆိုင်ရာသုတေသန ကျန်တဲ့သုတေသန တွေအားလုံးကို ဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက်ကြောင့် ဒါသည်ကျွန်တော်နိုင်ငံဖွံ့ဖြိုး တိုးတက်ဖို့အတွက် လုပ်ဆောင်ရမယ့်စွမ်းအင်တစ်ခုဖြစ်ကြောင်း ကျွန်တော့်အနေနဲ့ပြောလို ပါတယ်။ အသိပေး လိုပါတယ်။

မေး။ ယာယီသမ္မတကြီးအနေနဲ့ ခရီးစဉ်အတွင်းမှာ ရုရှားသမ္မတကြီးနဲ့ရော ကာဇက်စတန် သမ္မတကြီးနဲ့ရော တွေ့ဆုံဆွေးနွေးခဲ့တာရှိတယ်။ အဲဒီနှစ်နိုင်ငံနဲ့ အနာဂတ်မှာပူးပေါင်း ဆောင်ရွက်မှု နဲ့ ရင်းနှီးမြှုပ်နှံမှုအလားအလာတွေက ဘယ်လိုဆက်ရှိနိုင်ပါသလဲ။

ဖြေ။ နှစ်နိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်မှု၊ ရင်းနှီးမြှုပ်နှံမှုဆိုတာတွေ ပိုပြီးတိုးတက်လာမယ့် အလားအလာရှိပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံကိုလည်း သူတို့အနေနဲ့ လိုလိုလားလားကို ဖိတ်ခေါ်ပြီးတော့ ဆောင်ရွက်တဲ့သဘောရှိပါတယ်။ ဒါ့အပြင် ကျွန်တော်တို့အပြန်ခရီးစဉ်မှာ ကူမင်း ကိုဝင်ခဲ့တဲ့အခါမှာလည်း တရုတ်နိုင်ငံရဲ့ ကူမင်းမှာတွေ့ရှိခဲ့တဲ့ ယူနန်ပြည်နယ်အစိုးရ ရဲ့ပြောကြားချက်ပေါ့နော်။ ယူနန်ပြည်နယ်အစိုးရပြောကြားချက်ဆိုတာကလည်း တရုတ် ဗဟိုအစိုးရရဲ့သဘောထားကိုပဲ ပြောကြားချက်ပဲဖြစ်ပါတယ်။ ဒါကလည်းကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးအပြုသဘောဆောင်ပြီး အားကောင်းတာတွေ့ရပါတယ်။ ဒီခရီး စဉ်အားလုံးမှာ အနှစ်ချုပ်ပြောရရင် ဒီနိုင်ငံသုံးနိုင်ငံလုံးသည် မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲကို ကြိုဆိုတယ်။ မြန်မာပြည်သူလူထုရဲ့ဆန္ဒဖြစ်တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနိုင် ရေးအတွက် သူတို့အနေနဲ့အမြဲတမ်းအားပေးလျက်ရှိတယ်။ ပြီးရင် ကျွန်တော်တို့မြန်မာနိုင်ငံ ရဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမြဲတမ်းအားပေး လျက်ရှိတယ်။ ဒီလိုအားပေးလျှက်ရှိတဲ့ အတွက်ကြောင့်မို့ ကျွန်တော်တို့ နိုင်ငံအနေနဲ့ မကြာမီမှာကျင်းပမယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို အောင်မြင်စွာကျင်းပပြီးတော့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက် ဖြစ်တဲ့ စည်းကမ်းစနစ်ကျတဲ့ စစ်မှန်ပြည့်ဝတဲ့ပါတီစုံ ဒီမိုကရေစီစနစ်ကို ပြည်သူလူထုတွေ အားလုံးက လက်တွဲညီညီ ပူးပေါင်းဆောင်ရွက် လျှောက်လှမ်းသွားကြဖို့ တိုက်တွန်း ပြောကြား လိုပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။