ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin ၏ ဖိတ်ကြားချက် အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးစဉ်အဖြစ်လည်းကောင်း၊ ကာဇက် စတန်နိုင်ငံသမ္မတ H.E.Mr. Kassym-Jomart Tokayev ၏ ဖိတ်ကြားချက်အရ ကာဇက်စတန်နိုင်ငံသို့ အလုပ်သဘောခရီးစဉ်အဖြစ်လည်းကောင်း အသီးသီး သွား ရောက်ခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ကာဇက်စတန်နိုင်ငံ၊ အက်စတာနာလေဆိပ်မှ ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံသို့ပြန်လည်ထွက်ခွာရာ ကာဇက်စတန်သမ္မတနိုင်ငံ၊ ဒုတိယ ဝန်ကြီးချုပ်(၁) Mr. Roman Sklyar ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင် နှုတ် ဆက်ကြသည်။
ထိုသို့အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာလာစဉ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌသည် အထူးလေယာဉ် ပေါ်၌ မီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို လက်ခံဖြေကြားခဲ့ပြီး မေးမြန်း ဖြေကြားမှု အပြည့်အစုံကို ယခုလိုပဲ ဖော်ပြလိုက်ရပါတယ် -
မေး။ ယာယီသမ္မတကြီးအနေနဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ Atom Museum ၌ ကျင်းပပြုလုပ်ခဲ့တဲ့ “ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ် (World Atomic week forum)” ကို တက်ရောက်ခဲ့ရတာကြောင့် ကျွန်မတို့ မြန်မာနိုင်ငံနဲ့ နိုင်ငံသားများ အပေါ်မှာ ဘယ်လိုအကျိုးရလဒ်တွေ ရရှိခဲ့ပါသလဲ။ နိုင်ငံတော်အတွက် ဘယ်လိုကဏ္ဍ တွေမှာ အကျိုးရလဒ်ကောင်းတွေကိုဖော်ဆောင်လို့ရနိုင်မလဲဆိုတာ သိလိုပါတယ်။
ဖြေ။ မော်စကိုမြို့မှာပြုလုပ်တဲ့ ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ် (World Atomic week forum) ကိုတက်ရောက်ဖို့အတွက် သမ္မတကြီးပူတင်ရဲ့ ဖိတ်ကြားချက်အရ ကျွန်တော်သွားတာဖြစ်ပါတယ်။ အဲ့ဒီမှာတော့ သမ္မတကြီးပူတင်၊ ဘယ်လာရုစ်သမ္မတ ၊ အာမေးနီးယားဝန်ကြီးချုပ်၊ အီသီယိုးပီးယားဝန်ကြီးချုပ်၊ အခြားခေါင်းဆောင်တွေ၊ IAEA ရဲ့ညွှန်ကြားရေးမှူးချုပ်တို့ သူတို့နဲ့တွေ့ဆုံပြီးတော့မှ နှစ်ဘက် ပူးပေါင်းဆောင် ရွက်နိုင်တဲ့အခြေအနေတွေကိုလည်း ဆွေးနွေးနိုင်ခဲ့ပါတယ်။ ဒီညီလာခံဟာ ထူးခြားတဲ့ ညီလာခံတစ်ခုလည်းဖြစ်ပါတယ်။ အဓိကကတော့ အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရေးနဲ့ပတ်သက်ပြီးတော့ အမြင်ချင်းဖလှယ်ကြတာလည်းဖြစ်ပါတယ်။ ဒါက တော့ ကျွန်တော်တို့လည်း IAEA အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အတွက်ကြောင့် အဏုမြူ စွမ်းအင်ကို လူသားအကျိုးပြုလုပ်ငန်းတွေမှာ အသုံးပြုနိုင်အောင် အမြင်ချင်းဖလှယ်နိုင် တာလည်းဖြစ်ပါတယ်။ ရရှိခဲ့တဲ့အကျိုးရလဒ်ကတော့ တော်တော်လေးကောင်းတယ်လို့ ပြော ရမှာဖြစ်ပါတယ်။
မေး။ ရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့ ကာဇက်စတန်သမ္မတနိုင်ငံ ခရီးစဉ်အတွင်းမှာ ယာယီ သမ္မတကြီးအနေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဆောင်ရွက်ခဲ့တာတွေ့ရပါတယ်။ ကျွန်မတို့ နိုင်ငံအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိအောင်ဆွေးနွေးနိုင်ခဲ့ပါသလဲဆိုတာ ပြောပြ ပေးပါဦးရှင့်။
ဖြေ။ ရုရှားသမ္မတကြီး မစ္စတာပူတင်နဲ့ သီးခြားတွေ့ဆုံနိုင်ခဲ့တာရှိပါတယ်။ မတ်လမှာ တွေ့ဆုံခဲ့ပြီးဖြစ်ပြီးတော့ တွေ့ဆုံခဲ့တဲ့ရလဒ်တွေကိုမူတည်ပြီးတော့ တိုးတက်မှုအခြေ အနေ တွေပေါ့ဗျာ။ ဒါတွေကို နှစ်ဖက်သုံးသပ်ပြီးတော့ ဒီထက် ပိုပြီးတော့မှ ဒီထက်ပိုပြီး တော့ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်တွေကို တိုးမြှင့်ဆောင်ရွက်နိုင်ဖို့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ပထမဦးဆုံးအနေနဲ့က ကူးသန်းရောင်းဝယ်ရေးနဲ့ ရင်းနှီး မြှုပ်နှံမှုကိစ္စ၊ စွမ်းအင်ကိစ္စ၊ သယ်ယူပို့ဆောင်ရေးကိစ္စ၊ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးကိစ္စ၊ အာကာသနှင့် အဏုမြူဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စ ဒါတွေကို ကျွန်တော်တို့ ဆွေးနွေးနိုင်ခဲ့တာရှိပါတယ်။
အလားတူစွာပဲ ကာဇက်စတန်ကိုရောက်ရှိတဲ့အခါမှာလည်း ကာဇက်စတန် သမ္မတကြီး နဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒါလည်း ဒုတိယအကြိမ် ဆွေးနွေး တာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လက တစ်ခါဆွေးနွေးပြီးဖြစ်ပါတယ်။ ပထမ အကြိမ် ဆွေးနွေးခဲ့တဲ့ရလဒ်အပေါ်မူတည်ပြီးတော့ ကျွန်တော်တို့ဘယ်ကဏ္ဍတွေ မှာ ပိုပြီး တိုးချဲ့ဖို့လိုမလဲ။ မြန်မာနိုင်ငံမှာ ဘာကိုရင်းနှီးမြှုပ်နှံမှုလုပ်မလဲ။ မြန်မာနိုင်ငံက ထုတ်ကုန်ပစ္စည်းတွေ အသုံးပြုပြီးတော့မှ ကာဇက်စတန်နိုင်ငံမှာ တန်ဖိုးမြင့်ပစ္စည်း တွေ ဘယ်လိုထုတ်လုပ်ကြမလဲ။ သိပ္ပံနဲ့နည်းပညာဆိုင်ရာကဏ္ဍတွေ ဘယ်လိုပူးပေါင်း ဆောင်ရွက်ကြမလဲ။ မြို့ပြဆိုင်ရာကိစ္စတွေမှာ ဘယ်လိုပူးပေါင်း ဆောင်ရွက်ကြမလဲ။ ဒါတွေလည်း ကျွန်တော်တို့ ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ကောင်းမွန်တဲ့ရလဒ်တွေရခဲ့တယ် လို့ ပြောလိုပါတယ်။
မေး။ ယာယီသမ္မတကြီးအနေနဲ့ ကာဇက်စတန်နိုင်ငံကို ပထမဦးဆုံးလာရောက်တဲ့ မြန်မာနိုင်ငံက ခေါင်းဆောင်တစ်ဦးဖြစ်တယ်လို့သိရှိရပါတယ်။ အနာဂတ်ကာလများမှာ လည်း မြန်မာနိုင်ငံနဲ့ ကာဇက်စတန်နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု တွေမှာ ပိုမိုတိုးတက်ဆောင်ရွက်ဖို့ရှိပါသလားဆိုတာ သိရှိလိုပါတယ်။
ဖြေ။ စောစောက ကျွန်တော်ပြောသလိုပေါ့ဗျာ။ ကာဇက်စတန်သမ္မတနဲ့ကတော့ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးခြင်းပဲဖြစ်ပါတယ်။ ကာဇက်စတန်နဲ့ကျွန်တော်တို့က သံတမန်ဆက်ဆံမှုက ၂၆ နှစ်ရှိပါပြီ။ ပြီးခဲ့တဲ့ ၁၉၉၉ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်နေ့ က သံတမန်ဆက်ဆံမှုလုပ်ခဲ့တာဖြစ်ပြီး ကျွန်တော်ရောက်တဲ့နေ့က ၂၇ ရက်နေ့ဖြစ်ပါ တယ်။ အဲ့ဒီတော့ ၂၆ နှစ်ပြည့်ပြီး တစ်ရက်မှာရောက်တာပေါ့လေ။ ထူးခြားမှုရှိပါတယ်။ သူတို့သမ္မတကြီးကလည်း ဒါကို အလေးထားပြီးပြောပါတယ်။ မြန်မာနိုင်ငံ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ပထမဦးဆုံးလာတဲ့ခရီးစဉ်ဖြစ်တယ်။ New Step ခြေလှမ်းသစ်တစ်ခုကိုစခဲ့တယ်ဆိုတာလေး သူပြောတာပေါ့။ စောစောက ကျွန်တော် ပြောသလိုပဲ နှစ်ဘက် ပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်တွေမှာ စီးပွားရေးအရ ပူးပေါင်း ဆောင်ရွက်ရေး၊ နောက်တစ်ခါ ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်တွေ၊ သိပ္ပံနှင့်နည်းပညာ ကိစ္စ ရပ်တွေ၊ ပညာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေ၊ ကျန်းမာရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရမယ့်ကိစ္စရပ်တွေ ဒါတွေ ကျွန်တော်တို့ ပြောဆိုဆွေးနွေးနိုင်ခဲ့တာ ရှိ ပါတယ်။ ကာဇက်စတန်နိုင်ငံက တိုးတက်တဲ့နိုင်ငံတစ်ခုဆိုတာ မြင်ပါတယ်။ အဓိက ကတော့ မြေပေါ်မြေအောက်သယံဇာတပစ္စည်းတွေ။ အထူးသဖြင့် မြေအောက်သယံ ဇာတ ပစ္စည်းတွေ ရေနံနဲ့ဓာတ်ငွေ့တို့ ကြေးနီ၊ ရွှေ၊ ခရိုမီယမ်၊ သံ တော်တော်လေး ထွက်ပါတယ်။ ကမ္ဘာမှာလည်း ထိပ်တန်းတင်ပို့တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ စိုက်ပျိုး ရေးနဲ့ မွေးမြူရေးလည်း လုပ်တဲ့နိုင်ငံတစ်ခုပါ။ သူတို့နိုင်ငံက ဂျုံက ကမ္ဘာ့မှာ အကောင်းဆုံး ဂျုံထဲမှာ ပါတာ တွေ့ပါတယ်။ ဒါလည်း နမူနာ သုံးစွဲကြည့်ပြီး ဖြစ်ပါတယ်။ ထို့အတူပဲ မြန်မာနိုင်ငံက ထုတ်ကုန်ပစ္စည်းထဲမှာလည်း အဓိကတော့ ပေါ်ဆန်းမွှေးဆန်ပေါ့။ ပေါ်ဆန်းမွှေးဆန်ကို တော်တော်လေးစိတ်ဝင်စားပါတယ်။ ကျွန်တော်လည်း ဒါနဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံကလည်း ဘယ်လိုလမ်း ကြောင်းကနေ သူတို့ဆီ ပို့မလဲပေါ့။ ဒီဟာတွေ ဆွေးနွေး နိုင်ခဲ့တာ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တွေ့ဆုံနိုင်ခဲ့မှု အခြေအနေကတော့ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှု နယ်ပယ်ကို နှစ်ဦးနှစ်ဖက်ကနေ စိတ်အားထက်သန်စွာနဲ့ တိုးချဲ့ ဆောင်ရွက်သွားဖို့ ဆန္ဒရှိတာ တွေ့ရပါတယ်။
မေး။ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်ကို တည်ဆောက်တဲ့အခါ နိုင်ငံတော်အကြီး အကဲနဲ့ နိုင်ငံတော်အစိုးရအနေနဲ့ အဘက်ဘက်မှ လုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက် လျက် ရှိပါတယ်။ ဒါ့အပြင် ပြည်သူပြည်သားများအနေနဲ့လည်း အားတက်သရော ဘယ်လိုဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးသင့်သလဲဆိုတာ ယာယီသမ္မတကြီးအနေနဲ့ ပြောပြပေးပါဦးရှင့်။
ဖြေ။ အဓိကတော့ ကျွန်တော်တို့က ဘက်ပေါင်းစုံက ကြိုးစားဖို့လိုတယ်။ တစ်ဖက် ကလည်း နိုင်ငံရေးအရ သဘောထားကွဲလွဲမှုတွေလည်း ပြည်ထောင်စုရဲ့ အကျိုးကို ရည်မှန်းပြီးတော့ အမြင်ကျယ်ကျယ်နဲ့ လုပ်ဖို့လိုတယ်။ တချို့ ပြောဆိုနေကြ တာတွေက တော်တော်လေးကို အားနည်းချက်တော့ ရှိတယ်လို့ ကျွန်တော်မြင်တယ်။ အဓိကတော့ သူတို့ နိုင်ငံရေးအရ ဘာသာရေးအရ တိုင်းရင်းသားရေးအရ တချို့ ပြောဆိုနေတာလေးပေါ့။ ပြောဆိုတာလေးတွေက ဒီထက်ပိုပြီး အမြင်ကျယ်ကျယ်နဲ့ ပြောဆိုလုပ်ကိုင်မယ်ဆို ပိုကောင်းမယ်လို့ ကျွန်တော် မြင်ပါတယ်။ တစ်ဖက်ကလည်း ကျွန်တော်တို့တွေ ကြိုးစားအားထုတ်မှုလည်း လိုတယ်။ ကြိုးစားအားထုတ်တာက နှစ်ပိုင်းပေါ့။ တစ်ခုကတော့ ပညာသင်ကြားရေးအပိုင်းကို သွားရမယ်။ ဒါက ငြင်းပယ်လို့ မရဘူး။ ပကတိ တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေက ပညာရေးအားနည်းချက် ရှိတယ်လို့ ပြောရမှာပဲ။ ဒုတိယက ဘာလဲဆိုရင် ကုန်ထုတ်လုပ်မှု၊ အလုပ်လုပ်ဖို့ လိုတာပေါ့။ ဒီနှစ်ခု ကျွန်တော်တို့ လုပ်ကိုလုပ်ရမယ်။ ကျွန်တော် ပြောခဲ့ဖူးပါတယ်။ အဲ့ဒါ ဘာလဲဆိုတော့ အရင်တုန်းက ကျွန်တော်တို့က သယံဇာတ ပစ္စည်းတွေ အပေါ်မှာပဲ ရောင်းတာပေါ့။ တွင်းထွက်ပစ္စည်းတွေ၊ ရေနံဓာတ်ငွေ့တွေ ရောင်းတာရှိ မယ်။ နောက်တစ်ခါ သစ်တောထွက်ပစ္စည်းတွေ ရောင်းတာရှိမယ်။ ဒါပေမယ့် ကျွန်တော်တို့က အလုပ်လုပ်ပြီး ထုတ်လို့ရတဲ့ ပစ္စည်းတင်ပို့ ရောင်းချမှုက အားနည်းပါ တယ်။ ဒါ ကျွန်တော်က ထောက်ပြပါတယ်။
ဒါ့ကြောင့် ကျွန်တော်တို့က ကျွန်တော်တို့ဆီမှာ ရှိတဲ့ ရေမြေတောတောင်တွေကို အသုံးချပြီးတော့မှ ကုန်ထုတ်လုပ်မှုလုပ်ငန်းကို သွားဖို့လိုတယ်။ အဲ့ဒါတော့ ခိုင်မာတဲ့ လုပ်ငန်းပဲ။ ခုနက သယံဇာတထုတ်ရောင်းတယ်ဆိုတာ ခိုင်မာတဲ့ လုပ်ငန်းတော့ မဟုတ်ဘူး။ ခိုင်မာတဲ့လုပ်ငန်းဆိုတာ အလုပ်လုပ်ဖို့ လိုတယ်။ ကျွန်တော် ကာဇက် စတန် သွားတဲ့အချိန်မှာ သတိပြုမိတာ ရှိတယ်။ ကျွန်တော်တို့က GDP မှာ သုံးခု ဖော်ပြပါတယ်။ ဘာလဲဆိုတော့ စိုက်ပျိုးရေး ကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီး၊ ဝန်ဆောင်မှုကဏ္ဍ ကြီးပေါ့။ သူတို့က စိုက်ပျိုးရေး ကဏ္ဍ တော်တော်နည်းတာ တွေ့တယ်။ စက်မှုကဏ္ဍနဲ့ ဝန်ဆောင်မှုကဏ္ဍကတော့ တော်တော်လေး များတာ တွေ့ပါတယ်။ စိုက်ပျိုးရေး ကဏ္ဍ က ၂၀ ရာခိုင်နှုန်းလောက် ရှိတာပေါ့။ သူတို့လည်း သတိပြုမိမယ် ထင်ပါတယ်။ အခု သူတို့လည်း စိုက်ပျိုးရေးတွေ၊ ကုန်ထုတ်လုပ်မှုတွေ တော်တော်လေး အားပေးနေတာ တွေ့ပါတယ်။ သူတို့နိုင်ငံမှာ လာရောက် အလုပ်လုပ်ကိုင်မယ်ဆိုရင် ချက်ချင်းကို တိုတောင်းတဲ့ ကာလအတွင်းမှာ ခွင့်ပြုပေးတယ်လို့ ပြောတယ်။ ကျွန်တော်တို့ဆီမှာ လည်း ကုန်ထုတ်လုပ်မှုနဲ့ ပတ်သက်ရင် လူတိုင်းက စိတ်ဝင်စားဖို့ လိုတယ်။ အရောင်းအဝယ်ထက် ကုန်ထုတ်လုပ်မှုကို အရင်စလုပ်ပြီးတော့ ကုန်ထုတ်လုပ်မှုက တစ်ဆင့် တိုင်းပြည်ဝင်ငွေကို ရအောင်ရှာရမှာ ဖြစ်ပါတယ်။ ဒါကို နိုင်ငံတော်အနေနဲ့ သတိပြုမိဖို့ လိုတယ်လို့ ကျွန်တော် ပြောချင်ပါတယ်။
မေး။ ယခုခရီးစဉ်ဟာ အောင်မြင်တဲ့ခရီးစဉ်ဖြစ်ခဲ့ပြီး ယာယီသမ္မတကြီးအနေနဲ့ နေ့မအား၊ ညမနား ဆောင်ရွက်ခဲ့တာတွေကို မြင်တွေ့ရတဲ့အတွက်လည်း ဂုဏ်ယူ ဝမ်းသာမိပါတယ်ရှင့်။ ယာယီသမ္မတကြီးအနေနဲ့လည်း ဒီခရီးစဉ်နဲ့ပတ်သက်ပြီးတော့ အောင်မြင်မှုတွေကို ပြောပြပေးပါဦးရှင့်။
ဖြေ။ အောင်မြင်တဲ့ ခရီးစဉ်ပါဗျ။ ရုရှားနိုင်ငံကို ကျွန်တော်တို့ သွားတဲ့အချိန်မှာ အဏုမြူကိစ္စနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် လက်မှတ် ရေးထိုးနိုင်ခဲ့တယ်။ နောက်တစ်ခါ အာကာသနဲ့ ပတ်သက်တဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ခဲ့တယ်။ ဒီနှစ်ခုကို သဘောညီချက်ယူခဲ့တာ ရှိပါတယ်။ အဲ့ဒါလည်း နိုင်ငံအတွက် ခြေလှမ်းသစ်တွေ စပြီး ချလိုက်တာပေါ့။ နောက်တစ်ခုက ကာဇက်စတန် နိုင်ငံပေါ့။ ကာဇက်စတန်နိုင်ငံက တရားဝင် လွတ်လပ် ရေးရတာတော့ ၁၉၉၁ ခုနှစ် နှောင်းပိုင်းကျမှ လွတ်လပ်ရေးရတာပါ။ ဒါပေမယ့် သမိုင်းကြောင်းအခြေခံက အများကြီး ရှိခဲ့ပါတယ်။ သူရဲ့ လူသားအရင်းအမြစ် သဘာဝအရင်းအမြစ်တွေကို အသုံးချပြီး လုပ်တဲ့အခါမှာ အခုတိုးတက်မှုတွေက မျက်ဝါးထင်ထင် မြင်ရတာပေါ့။ ဒီလိုပဲ အက်စတာနာမြို့တော် တည်လာတာ ကျွန်တော်တို့ နေပြည်တော်ထက် နည်းနည်းလေးပဲ စောပါတယ်။ ဒါပေမယ့် သူတို့က တော့ မြေအနေအထား အတော်လေးပေးတဲ့အတွက်ကြောင့် တည်ဆောက်ရေးက အတော်လေးအားရတာပေါ့လေ။ အတုယူစရာတွေ တွေ့တာပေါ့။ ကျွန်တော် သွားကြည့်ခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံလည်း ဒီလိုမျိုး တိုးတက်တဲ့ မြို့ပြတည် ဆောက်မှုတွေ ဘယ်လိုလုပ်ကြမလဲဆိုတာလည်း စဉ်းစားလုပ်ကိုင်လို့ရတာပေါ့။ ဒါက လည်း အောင်မြင်မှုလို့ ကျွန်တော် ပြောချင်ပါတယ်။