ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ် -၂၀၂၅(World Atomic Week Forum-2025) ဖွင့်ပွဲကျင်းပ ပြုလုပ်

Saturday, September 27, 2025 - 01:00

              ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ်-၂၀၂၅(World Atomic Week Forum-2025) ဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၂၅ ရက်တွင်  ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ရှိ VDNKh စင်တာ၌ကျင်းပပြုလုပ်ရာ အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် A.V Novak နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ခွန်းဆက် စကားများပြောကြားကြသည်။

              အဆိုပါဖိုရမ်သည် နျူးကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုရန် စိတ်ဝင်စားကြသည့် နိုင်ငံများစုဝေးကြသည့် အကြီးများဆုံးသော အပြည်ပြည်ဆိုင်ရာ အစည်းအဝေးတစ်ခုလည်းဖြစ်သည်။

              ဖိုရမ်တွင် နိုင်ငံပေါင်း ၁၀၀ ကျော်မှ ပညာရှင်များ၊ သတင်းမီဒီယာများ နှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး နျူးကလီးယားစွမ်းအင်နှင့် သိပ္ပံနည်းပညာ စွမ်းအင်ကဏ္ဍ၊ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးနှင့် ကျန်းမာရေးကဏ္ဍဆိုင်ရာ များတွင် အနာဂတ်တွင်မည့်သို့ သက်ရောက်မှုရှိနိုင်သည့် အခြေအနေ ဆိုင်ရာများကို ဆွေးနွေးလျက်ရှိသည်။ အဆိုပါဖိုရမ်တွင် စားပွဲဝိုင်းဆွေးနွေးပွဲများ၊  နားလည်မှုဆိုင်ရာ စာချွန်လွှာလက်မှတ်ရေးထိုးပွဲများပါရှိပြီး စွမ်းအင်ထုတ်လုပ်မှုဆိုင်ရာများနှင့် ပတ်သက် ၍ တက်ရောက်လာသူများလေ့လာကြည့်ရှုနိုင်ရန် ပြခန်းများအား သက်ဆိုင်ရာ နိုင်ငံများအလိုက် ခင်းကျင်းပြသထားလျက်ရှိသည်။

              ယခုဖိုရမ်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Rosatom Technical Academy  နှင့် မြန်မာနိုင်ငံ ရန်ကုန်နည်းပညာတက္ကသိုလ်တို့အကြား ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ သဘောတူစာချုပ်(MOU)ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါစာချုပ်အရ နျူးကလီးယားသိပ္ပံ၊ နည်းပညာ၊ သုတေသနနှင့် လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရေး အတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေး၊ သင်ရိုးညွှန်းတန်းများ ဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်များအပြင် အပြည်ပြည်ဆိုင်ရာစီမံကိန်းများတွင်ပါဝင် ဆောင်ရွက်ခြင်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

              အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ Naypyitaw State Polytechnic University မှ တာဝန်ရှိသူတစ်ဦးက ဒီနေ့ကတော့ ကျွန်တော်တို့မြန်မာနိုင်ငံက ရန်ကုန် နည်းပညာတက္ကသိုလ်နဲ့ ရုရှားနိုင်ငံက Rosatom Technical Academy နဲ့ကြားမှာ နားလည်မှုစာချွန်လွှာ ရေးထိုးပွဲဖြစ်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့ ရန်ကုန်နည်းပညာ တက္ကသိုလ်နဲ့ Rosatom Technical Academy နဲ့ကြားမှာ ဒီလိုမျိုး နားလည်မှု စာချွန်လွှာတွေ ရေးထိုးပြီးတဲ့နောက်မှာ ကျွန်တော်တို့အနေနဲ့ ပထမဆုံးကတော့ ကျောင်းသား၊ ကျောင်းသူအချင်းချင်း အပြန်အလှန်ဖလှယ်တာပေါ့နော်၊ ဒီသင်ကြားရေး နဲ့ပတ်သက်နဲ့ ဆရာ၊ ဆရာမတွေ ဖလှယ်တာတွေ၊ သုတေသနနဲ့ ပတ်သက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ နောက်တစ်ခါ ယဉ်ကျေးမှုချင်းဖလှယ်ဖို့ လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်သွားဖို့ရှိပါတယ်။ အခု လက်ရှိမှာလည်း မြန်မာနိုင်ငံက စေလွှတ် ထားတဲ့ ကျောင်းသားတွေအနေနဲ့ Rosatom ရဲ့ အကူအညီနဲ့ ရုရှားနိုင်ငံ တက္ကသိုလ် အသီးသီးမှာ ပညာသင်ယူနေကြတာတွေ ရှိပါတယ်။ Nuclear စွမ်းအင်နဲ့ပတ်သက်ရင် ဒါ ရုရှားက ကမ္ဘာမှာ ပထမဆုံး Pioneer ဖြစ်တယ်ပေါ့နော်။ ဒီလိုမျိုး တက္ကသိုလ် တွေကနေပြီးတော့ ကျွန်တော်တို့ဆီက ကျောင်းသား၊ ကျောင်းသူတွေရော၊ ဆရာ၊ ဆရာမတွေရော ပညာသင်ယူလေ့လာခွင့်ရတယ်ဆိုတာ ဒီအဏုမြူစွမ်းအင်နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့နိုင်ငံအတွက် အများကြီး HR ကဏ္ဍမှာရော၊ သုတေသနကဏ္ဍမှာရောအပြင် Nuclear စွမ်းအင်နဲ့ပတ်သက်တဲ့ စီမံကိန်းတွေမှာရော အများကြီး ကျွန်တော်တို့ အောင်မြင်တဲ့ အခွင့်အလမ်းတွေ ရရှိလာနိုင်မှာဖြစ်ပါတယ်။

              Rosatom Technical Academy ၏ ပါမောက္ခချုပ် ကလည်း နျူးကလီးယား ပညာရေးကိုတည်ဆောက်ပြီး ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်အတွက် မြန်မာနိုင်ငံမှ ကျောင်းသားများကို ရုရှားနိုင်ငံရှိတက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိမှုနှင့်အတူ ကိုယ်ပိုင် နျူးကလီးယားပညာရေးအစီအစဉ်များ လုပ်ဆောင်ရန် လိုအပ်ကြောင်း ဖြေကြားခဲ့သည်။

              ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ်-၂၀၂၅ (World Atomic Week Forum-2025)ကို စက်တင်ဘာ ၂၅ ရက်မှ ၂၈ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။