၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ လူရည်ချွန်ဆုရကျောင်းသားနှင့် ထူးချွန်ဆုရဝန်ထမ်းများအားဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့်၂၀၂၅-၂၀၂၆ပညာသင်နှစ်ပညာသင်ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနားကျင်းပ

Thursday, September 25, 2025 - 16:15

၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ လူရည်ချွန်ဆုရကျောင်းသားနှင့် ထူးချွန်ဆုရဝန်ထမ်းများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာသင်ချီးမြှင့်ငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ စက်တင်ဘာ - ၂၅

          ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင် ခဲ့ကြသည့် အမျိုးသားစီမံကိန်းဝန်ကြီးဌာနရှိ ဝန်ထမ်းသားသမီးများဖြစ်သော ကျောင်းသား၊ ကျောင်းသူများ၊ လူရည်ချွန်ဆုရကျောင်းသားနှင့် သင်တန်းထူးချွန်ဆုရ ဝန်ထမ်းများ အား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင်ချီးမြှင့်ငွေ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အမျိုးသား စီမံကိန်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

          အခမ်းအနားသို့ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အမျိုးသားစီမံကိန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးညိုစော နှင့် ဇနီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ၊ ထူးချွန်ဆုရ ကျောင်းသား/ကျောင်းသူများ၊ လူရည်ချွန် ဆုရကျောင်းသား၊ ကျောင်းသားမိဘများ၊ သင်တန်းထူးချွန်ဆုရ ဝန်ထမ်းများ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

          ဦးစွာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယခုကဲ့သို့ ထူးချွန်ဆုရရှိကြသူများသည် ကြိုးစားအားထုတ်မှု၊ ဇွဲလုံ့လရှိမှုနှင့် ဉာဏ်ရည် ဉာဏ်သွေး ပြည့်ဝမှုတို့ကြောင့် ထိုက်တန်သည့်ဆုများကို ရရှိခဲ့ကြသူများ ဖြစ်ကြောင်း၊  ယနေ့လူငယ်များသည် နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်များကို ပခုံးပြောင်း တာဝန်ယူပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားကြရမည့် သူများဖြစ်သည့် အတွက်  အသိပညာဗဟုသုတ မြင့်မားပြီး စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရန်လည်း အရေးကြီးကြောင်း။

          ထို့ပြင် နိုင်ငံတော်က ဖွင့်လှစ်သည့် သင်တန်းအသီးသီးတွင် တက်ရောက်ပြီး ထူးချွန်ဆု ရရှိခဲ့ကြသည့်  ဝန်ထမ်းများကိုလည်း ဂုဏ်ပြုပါကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုး တိုးတက်ရန်မှာ ကျန်းမာကြံ့ခိုင်၍ ထူးချွန်ထက်မြက်သည့် “လူငယ်များ၏အား” ဖြင့် တည်ဆောက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း ထူးချွန်ထက်မြက်သည့် လူငယ်များကို အစဉ်ချီးမြှောက် ဂုဏ်ပြုပေးလျက်ရှိကြောင်း၊ လူငယ်များအနေဖြင့် ကျောင်းပညာရေးသာမက နည်းပညာခေတ်ဖြစ်သည့်အတွက် သုတေသနအခြေပြု လေ့လာမှုများမှတစ်ဆင့် နိုင်ငံတော်၏ ဒစ်ဂျစ်တယ်စီးပွားရေး အဆောက်အအုံ ဖွံ့ဖြိုး လာစေရေး ကြိုးစားအားထုတ်ရန်လိုအပ်ကြောင်း။

          ယနေ့ခေတ်မှာ လူမှုကွန်ရက်နှင့် မီဒီယာများ အသုံးပြုမှု များပြားလာသည် နှင့်အညီ သတင်းတုသတင်းမှားများကို အသိ၊ သတိ၊ ဉာဏ်ပညာ ဖြင့် ဆင်ခြင်ပြီး မြန်မာ့ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များ မှေးမှိန်ပျောက်ကွယ်မသွားအောင် ထိန်းသိမ်းစောင့် ရှောက်ကြစေလိုကြောင်း၊ အနာဂတ်ကို ဖျက်ဆီးနေသည့် မူးယစ်ဆေးဝါးကိုလည်း အထူးသတိပြု ရှောင်ကြဉ်ကြရန်နှင့် ကျန်းမာကြံ့ခိုင်ရေးအတွက်လည်း ကိုယ်လက် လှုပ်ရှားအားကစားကို လေ့လာလိုက်စားကြစေလိုကြောင်း နှင့် နောင်နှစ်များတွင်လည်း ဒီထက်မက ထူးချွန်ထက်မြတ်သည့်  ကျောင်းသား၊ ကျောင်းသူများ၊ ထူးချွန်သည့် ဝန်ထမ်းကောင်းများအပြင်  နိုင်ငံတော်ကကျင်းပသည့် ပြိုင်ပွဲများတွင်လည်း စိတ်ပါဝင် စားစွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ထူးချွန်ဆုများရရှိအောင် ဆက်လက်ကြိုးစားကြစေ လိုကြောင်း ပြောကြားသည်။

          ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော က (၅)ဘာသာဂုဏ်ထူးရှင်(၃) ဦးနှင့် (၄)ဘာသာဂုဏ်ထူးရှင်(၄)ဦး တို့ကိုလည်းကောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး က (၃)ဘာသာဂုဏ်ထူးရှင် (၆)ဦး တို့ကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြု မှတ်တမ်းလွှာနှင့်  ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

          ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ၊ သုံးထပ်ကွမ်း လူရည်ချွန်ဆုရရှိခဲ့သည့် ကျောင်းသားနှင့် ထူးချွန်ဝန်ထမ်းများအား တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့်  ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်ကြပြီး ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ပညာသင်ချီးမြှင့်ငွေ များကိုလည်း ပေးအပ်ချီးမြှင့်ခဲ့ကြရာ ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦး က ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။

     ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ်သည် အခမ်းအနားသို့ တက်ရောက်လာကြ သူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်သူများ၊ ကျောင်းသားမိဘများနှင့် ဝန်ထမ်းများကို ဂုဏ်ပြု လက်ဖက်ရည်ဝိုင်းဖြင့် တည့်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။