ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ပျက်ပြားစေရန်ရည်ရွယ်၍ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူများအား အရေးယူ နေပြည်တော်၊ ၂၀၂၅ စက်တင်ဘာ ၂၂

Monday, September 22, 2025 - 16:00

            ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမှုကိုပျက်ပြားစေရန် ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာများ၊ အများပြည်သူဆိုင်ရာ နေရာများ၌ ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများ ချိတ်ဆွဲခြင်း စသည်တို့ဖြင့် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေနှင့်အညီ စုံစမ်း ဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိသည်။

            ထိုသို့ ကျူးလွန်သူများအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူလူထုနှင့် ပူးပေါင်း၍ ဥပဒေနှင့်အညီ စုံစမ်းဖော်ထုတ်ခြင်းများဆောင်ရွက်ခဲ့ရာ ရွေးကောက်ပွဲလုပ်ငန်းစဉ်များပျက်ပြားစေ ရန် လှုံ့ဆော်ခြင်း ပြုလုပ်သူ လွိုင်ကော်မြို့၊ ဒေါနိုးကူးရပ်ကွက်နေ ပိုင်ပိုင်စိုး(ခ) မျိုးမင်းခန့်(ခ) ပိုင်စိုး (၁၈)နှစ်၊ ဟန်ထွန်းအောင်(ခ) ရဲမင်းကိုကို (ခ)ဟန်ကြီး (၁၈)နှစ်၊ အောင်နိုင်လင်း (၁၇)နှစ်၊ ဖြိုးပိုင်ဇေအောင် (၁၆)နှစ်နှင့် ထွန်းနေဦးလှိုင် (၁၄)နှစ်တို့အား စက်တင်ဘာလ ၁၄ ရက်နေ့တွင် လွိုင်ကော်မြို့မရဲစခန်း(ပ)၂၁၈/၂၀၂၅ ဖြင့်လည်းကောင်း၊  ရွှေပြည်သာမြို့နယ်၌ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ ပျက်ပြားစေရန် ဆန္ဒပြ၊ လှုံ့ဆော်ခြင်းပြုလုပ်ခဲ့သူ ရွှေပြည်သာမြို့နယ် အမှတ် (၅) ရပ်ကွက်နေသူများဖြစ်ကြသည့် ရဲသူရအောင် (၃၆)နှစ်၊ ကျော်ဝဏ္ဏ (၂၅)နှစ်၊ ချစ်ဝင်း (၄၅)နှစ်နှင့် ပြေထွန်း (၃၄)တို့အား စက်တင်ဘာလ ၁၆ ရက်နေ့တွင် ရွှေပြည်သာ မြို့မရဲစခန်း (ပ) ၃၄၇/၂၀၂၅ ဖြင့်လည်းကောင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃ (က)ဖြင့် အသီးသီးအမှုဖွင့် ဖမ်းဆီး အရေးယူစစ်ဆေးလျက်ရှိ ကြောင်း သတင်းရရှိသည်။