ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့ရှိဌာနဆိုင်ရာတာဝန်ရှိသူများမြို့မိမြို့ဖများနှင့်တွေ့ဆုံ၍ဒေသဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေေး

Friday, September 19, 2025 - 17:00

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများမြို့မိမြို့ဖများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြား   

နိုင်ငံ၏အနာဂတ်အတွက် စိတ်ချရအောင် ပညာရေးကိုအားပေးမြှင့်တင်                                                                     

နေပြည်တော်၊ စက်တင်ဘာ - ၁၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့ မွန်းလွဲပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများအား မြိတ်မြို့၊ ပုလဲရတနာခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများဆွေးနွေးပြောကြားသည်။  

အဆိုပါ တွေ့ဆုံပွဲသို့ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဒေါက်တာ မျိုးသိန်းကျော်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ မြိတ်မြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ ရပ်မိရပ်ဖများ တက်ရောက်ကြသည်။

ဒေသဆိုင်ရာအချက်အလက်များ၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆောင်ရွက် လျက်ရှိမှုနှင့် လိုအပ်ချက်များအား ဆွေးနွေးတင်ပြ

            ဦးစွာ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူးက ဒေသဆိုင်ရာအချက်အလက်များ၊ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ ဆန်နှင့် အသား၊ ငါး ဖူလုံမှုဆိုင်ရာများ၊ ငါး၊ ပုစွန် မွေးမြူရေးနှင့် ရေထွက်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်လျက်ရှိမှု၊ အသေးစား၊ အလတ်စားနှင့် အငယ်စား MSME လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ပညာရေးနှင့်ကျန်းမာရေးဆိုင်ရာ အချက်အလက်များနှင့် ဖြည့် ဆည်းဆောင်ရွက်ပေးနိုင်မှု၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်မှု၊ ရေပေးဝေရေးဆောင် ရွက်ထားရှိမှု၊ ငါးလေလံဈေးနှင့် စက်မှုဇုန်တည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေး ကောက်ပွဲဆိုင်ရာ အသိပညာပေးမှုတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

            ယင်းနောက် တက်ရောက်လာကြသည့် မြို့မိ၊ မြို့ဖများနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများက မြိတ်မြို့၊ ငါးလေလံဈေးတည်ဆောက်ရေးစီမံကိန်းနှင့် စက်မှုဇုန် စီမံကိန်းအား BOO စနစ်ဖြင့် ခွင့်ပြုဆောင်ရွက်ပေးစေလိုမှု၊ မြိတ်လေယာဉ်ကွင်းအား ပြည်ပကုန်တင်လေယာဉ်များ ဆင်းသက်နိုင်ရေး အဆင့်မြှင့်တင်ဆောင်ရွက်ပေး စေလိုမှု၊ တနင်္သာရီတိုင်းဒေသကြီးမှ ရေထွက်ကုန်များအား ကုန်ချောထုတ်လုပ်၍ ပြည်ပသို့တင်ပို့နိုင်ရေးအတွက် ကြုံတွေ့နေရသည့် အခက်အခဲများနှင့် မြိတ်မြို့မှ ရေငန်ငါးများတင်ပို့ရာတွင် ပိုမိုမြန်ဆန်မှုရှိစေရေး ဆောင်ရွက်ပေးစေလိုမှု၊ ရေငန်ပုစွန် မွေးမြူရေးလုပ်ငန်းများကို ယခုထက်ပိုမို တိုးတက်မွေးမြူထုတ်လုပ်နိုင်ရေးအတွက် ပုစွန်သားပေါက်များရရှိရေး၊ ပုစွန်အစာ ရရှိရေးတို့အား လွယ်ကူလျင်မြန်စွာတင်သွင်း ခွင့်ရရှိနိုင်ရေး နိုင်ငံတော်မှလိုအပ်သည်များ ကူညီဆောင်ရွက်ပေးစေလိုမှု၊ တနင်္သာရီ တိုင်းဒေသကြီးမှ ထွက်ရှိသည့် ရာဘာကုန်ကြမ်းများအား ပြည်ပသွင်းကုန်အစားထိုး တန်ဖိုးမြင့်ကုန်ချော Tubeless တာယာ စက်ရုံအတွက် လိုအပ်သည့်စက်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခွင့်ရရှိရေး လိုအပ်ချက်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာလိုအပ်ချက်များကို အသီးသီး ဆွေးနွေး တင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေး

            ၎င်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများက တနင်္သာရီတိုင်း ဒေသကြီးမှထွက်ရှိသည့် မွေးမြူရေးရေထွက်ကုန်ပစ္စည်းများအား ပြည်ပသို့တင်ပို့ရာ တွင်  လုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေးခွင့်ပြုပေးလျက်ရှိမှုနှင့် အချိန်ကြန့်ကြာမှု အနည်းဆုံးဖြစ်စေရေးဆောင်ရွက်ပေးသွားမည့်အခြေအနေများ၊ ပုစွန်မွေးမြူရေးလုပ် ငန်းများကို စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိမှု၊ ငါး ဖမ်းလှေများအနေဖြင့် ချမှတ်ထားသည့် ဥပဒေစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားရန်လိုအပ်မှု၊ MSME လုပ်ငန်းများနှင့် စိုက်ပျိုးမွေးမြူရေးလုပ် ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် လူသားအရင်းအမြစ် ကောင်းများမွေးထုတ်ပေးနိုင်ရေး စက်မှု၊ စိုက်ပျိုးမွေးမြူရေး အခြေခံပညာအထက် တန်းကျောင်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိမှုနှင့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့်လည်း လုပ်ငန်းများ၌ လက်တွေ့ကွင်းဆင်းဆောင်ရွက်လျက်ရှိမှု၊ မြိတ် လေယာဉ်ကွင်းအား အဆင့်မြှင့်တင်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိမှု တို့နှင့်ပတ်သက်၍ အသီးသီးပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တင်ပြချက် များတွင်ပါဝင်သည့် လျှပ်စစ်မီးနှင့် ရေရရှိရေး စီမံဆောင်ရွက်လျက်ရှိမှုအခြေအနေများ ကို ဖြည့်စွက်ဆွေးနွေးတင်ပြသည်။

ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် တင်ပြချက်များအား ပြန်လည်ရှင်းလင်း ဆွေးနွေးပြောကြား

            ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာ ရေး ကော်မရှင်ဥက္ကဋ္ဌက ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေး ပြောကြားရာတွင် တင်ပြချက်များတွင်ပါဝင်သည့် မြိတ်မြို့၌ အပြည်ပြည်ဆိုင်ရာ ငါး လေလံဈေးတည်ဆောက်ရေးစီမံကိန်းနှင့် ပတ်သက်၍ အကောင်းဆုံးဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ မြေနေရာနှင့်ပတ်သက်၍လည်း မူဝါဒချမှတ်ပေးထားပြီးဖြစ် ကြောင်း၊ မြိတ်ခရိုင်အတွင်း ဆန်ဖူလုံမှုနှင့်ပတ်သက်၍ တိုးတက်မှုရှိလာသည်ကိုတွေ့ရှိ ရသော်လည်း ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွား ကြရန်လိုကြောင်း၊ စိုက်ပျိုးရေးအတွက်ခွင့်ပြုပေးထားသည့် မြေနေရာများ၌ အခြား နည်းများဖြင့် သုံးစွဲမှုမရှိစေရေး၊ သတ်မှတ်စည်းမျဉ်းများနှင့်အညီဖြစ်စေရေး ဆောင် ရွက်သွားရန်လိုကြောင်း၊ မြိတ်ဒေသတွင် အထပ်မြင့်အဆောက်အဦများ ဆောက်လုပ် နေထိုင်ကြမည်ဆိုပါက လူနေထိုင်မှုအတွက် ပိုမိုအဆင်ပြေနိုင်မည်ဖြစ်ပြီး စိုက်ပျိုးမြေ များ၌ အခြားနည်းများဖြင့် အသုံးပြုမှုများသည်လည်းလျော့နည်းသွားမည်ဖြစ်ကြောင်း၊ ရေထွက်ကုန်ပစ္စည်းများတင်ပို့ရာတွင် မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်သွားရန်လိုပြီး ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်းဖြစ်ရန်လိုကြောင်း၊  ပြည်ပသို့တင်ပို့ ရာတွင် အအေးခန်း ကွန်တိန်နာများဖြင့် သယ်ယူဆောင်ရွက်သွားမည်ဆိုပါက လုပ်ငန်း ပိုမိုအဆင်ပြေနိုင် မည်ဖြစ်ကြောင်း၊ ပုစွန်သားပေါက် တင်သွင်းခွင့်ရရှိရေး၊ ပုစွန်အစာ တင်သွင်းခွင့်ရရှိရေး တို့နှင့်ပတ်သက်၍ အဆင်ပြေအောင်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံမှ ထွက်ရှိသည့် ရေထွက်ကုန်ပစ္စည်းများသည် အိမ်နီးချင်း နိုင်ငံများ၌ ဈေးကွက်လိုအပ်ချက်ပမာဏ ကြီးမားစွာရှိသည့်အတွက် လေကြောင်းလိုင်း များမှတစ်ဆင့်တင်ပို့နိုင်ရေး မြိတ်လေယာဉ်ကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပုစွန်မွေးမြူရေးအတွက်လိုအပ်သည့် ပုစွန်အစာ နှင့်ပတ်သက်၍ ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပုစွန်မွေးမြူရေးတွင် ပုစွန်ကန်များ ပြုလုပ်၍ မွေးမြူသကဲ့သို့ သဘာဝဘေးအန္တရာယ် ကို အတတ်နိုင်ဆုံးလျှော့ချနိုင်ရန် အတွက် လေကာပင်များ စိုက်ပျိုးရန်လိုကြောင်း၊ ပုစွန်ကန်များ ဖော်ထုတ်ရာတွင်လည်း စနစ်တကျသုတေသနပြု ဆောင်ရွက်သွား ရန်လိုကြောင်း။

နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ ဆက်လက်လျှောက်လှမ်းနိုင်ရေး

            တနင်္သာရီတိုင်းဒေသကြီးအတွင်းသို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေး လုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ပေးရန်လိုအပ်သည်များကို ဆွေးနွေး ဆောင်ရွက်နိုင်ရန်လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒေသနှင့် နိုင်ငံတော်ကို စီးပွားရေး အရမြှင့်တင်နိုင်ရေး၊ လူမှုရေးအရမြှင့်တင်နိုင်ရေး ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ လူတိုင်းသည် နိုင်ငံရေးအရတည်ငြိမ်ပြီး စီးပွားရေးအရဖွံ့ဖြိုးတိုးတက်မှုများကို လိုလား ကြကာ စိတ်အေးချမ်းသာစွာဖြင့် စီးပွားရေးလုပ်ဆောင်လိုကြကြောင်း။

            မိမိတို့အနေဖြင့် နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင် မာမာ ဆက်လက်လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အဓိက အားဖြင့် နိုင်ငံရေးအရ မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ တပ်မတော် အနေဖြင့် ပြည်သူကလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို မှန်မှန်ကန်ကန်ဖြင့် ခိုင်ခိုင် မာမာ ဆက်လက်လျှောက်လှမ်းနိုင်ရန် သဘောတူထားပြီးဖြစ်ကြောင်း၊ ဒီမိုကရေစီ စနစ်တွင် အထွေထွေရွေးကောက်ပွဲသည် အသက်ဖြစ်ပြီး အလွန်အရေးကြီးကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်)တွင် လွှတ်တော်များကျင်းပမှုနှင့်ပတ်သက်၍ ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း။

ဒီမိုကရေစီစနစ်တွင် အထွေထွေရွေးကောက်ပွဲသည်အရေးကြီးပြီး ရွေးကောက်ပွဲ ကျင်းပပြုလုပ်ခြင်းသည် လွှတ်တော်အသီးသီးကို ခေါ်ယူဖွဲ့စည်းနိုင်ရန်ဖြစ်ကြောင်း၊ လွှတ်တော်မှ နိုင်ငံတော် သမ္မတ၊ ဒုတိယသမ္မတ၊ အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများ၊ သမ္မတမှ တာဝန်ပေးအပ်သည့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများတွင် တာဝန်ပေး အပ်ပြီး အစိုးရအဖွဲ့တာဝန်ပေးအပ်နိုင်အောင် ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် ရွေး ကောက်ပွဲအထမြောက်ရန်နှင့် ဥပဒေနှင့်ညီညွတ်ရန် အရေးကြီးကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲမသမာမှုများဖြစ်ပေါ်ချိန်တွင် တပ်မတော်နှင့် မိမိကိုယ်တိုင်အနေဖြင့် ဥပဒေနှင့်အညီဖြေရှင်းပေးရန် အကြိမ်ကြိမ် ပြောကြားခဲ့ကြောင်း၊ သို့သော်လည်း တာဝန်ရှိသည့် အစိုးရအဖွဲ့အနေဖြင့် ဖြေရှင်း ဆောင်ရွက်ပေးမှုမရှိခဲ့ကြောင်း၊ ထို့ပြင်လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့် ရယူရန်ဆောင်ရွက်လာခြင်းကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်း ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မကြာမီကာလအတွင်း ရွေးကောက်ပွဲကျင်းပပြုလုပ် နိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် သိက္ခာရှိသည့်ရွေးကောက်ပွဲ၊ အောင်မြင်သည့် ရွေးကောက်ပွဲဖြစ်စေ ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

ကျေးလက်နေသူများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေးနှင့် ပညာရည် မြင့်မားရေး

မိမိတို့နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်နေသူများဖြစ်ပြီး စိုက် ပျိုးမွေးမြူရေးကို အဓိကလုပ်ကိုင်လျက်ရှိကြကြောင်း၊ ကျေးလက်နေ သူများအနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အဓိက ဆောင်ရွက်နေသူများဖြစ်သဖြင့် ကျေးလက် နေပြည်သူများ လူမှုစီးပွားဘဝမြင့်မားရေးကို ဖော်ဆောင်ပေးနိုင်မည်ဆိုပါက နိုင်ငံ့ စီးပွားရေးသည်လည်း တိုးတက်လာနိုင်မည်ဖြစ်ပြီး ဆင်းရဲမွဲတေမှုကိုလည်း လျှော့ချနိုင် မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ကျေးလက်စီးပွားရေး မြှင့်တင်ရေးကို အလေးပေးဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဆက်လက်၍လည်း ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ခြင်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း။

ပညာရေးနှင့် ပတ်သက်၍လည်း မိမိတို့နိုင်ငံတွင် အားနည်းချက်များရှိနေဆဲ ဖြစ်သည့်အတွက် ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်၍ ပညာရေးကို အားပေးမြှင့်တင်ရ မည်ဖြစ်ကြောင်း၊ မိမိအနေဖြင့်အနာဂတ်ပညာတတ်လူငယ်များ များပြားလာစေရန် ရည်ရွယ်၍ ပညာရေးဝန်ကြီး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးတို့နှင့်တိုင်ပင်ဆွေးနွေးခဲ့ပြီး Polytechnic တက္ကသိုလ်များ ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ခဲ့ကြောင်း၊ ဆက်လက်၍ လည်း ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ အလားတူ စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်၍ အခြေခံပညာအလယ်တန်းအဆင့် တက်မြောက်ပြီးသူများ တက်ရောက်နိုင်ရေး အတွက် စက်မှုစိုက်ပျိုးရေးနှင့်မွေးမြူရေး အခြေခံပညာအထက်တန်းကျောင်းများကို လည်း ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ လူသားအရင်းအမြစ်ကောင်းများရရှိမှသာလျင် စနစ်ကျနသည့် စီးပွားရေးကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပညာတတ် လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာရေး မိမိတို့အနေဖြင့်ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် သဘာဝမှပေးထားသည့် အရင်း အမြစ်များ များစွာရှိပြီး အမှန်တကယ်အလုပ်လုပ်၍ အကျိုးရှိရှိအသုံးချနိုင်မည်ဆိုပါက နိုင်ငံဖွံ့ဖြိုး တိုးတက်နိုင်မည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် အလုပ်လုပ်ကိုင်နိုင်ရေး အလုပ်အကိုင်ဖန်တီးပေးနိုင်ရမည်ဖြစ်ပြီး အမှန်တကယ်လည်း အလုပ်လုပ်ကြရန် လိုအပ်မည်ဖြစ်ကြောင်း။

မိမိတို့ဒေသတွင်း၌ ကုန်ထုတ်လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် အလုပ် အကိုင်အခွင့်အလမ်းများ များပြားလာမည်ဖြစ်ပြီး ဒေသတွင်း လည်ပတ်ရင်းနှီးငွေ တိုးပွားလာမည်ဖြစ်ကာ လူမှုစီးပွားဘဝများသည်လည်း တိုးတက်လာနိုင်မည်ဖြစ် ကြောင်း၊ ထို့ကြောင့် ဒေသတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် ထုတ်ကုန်တိုးမြှင့်၊ အလုပ်အရှိန်မြှင့်

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝမြင့်မားလာစေရေးအတွက် ဒေသ အလိုက် ကုန်ထုတ်လုပ်မှုမှရငွေများ တိုးမြင့်ရရှိလာရန်လိုကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အားသာချက်ရှိသည့်၊ အလားအလာကောင်းသည့် ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး အလုပ်လုပ်ကိုင်ကြရန်လို ကြောင်း၊ မိမိတို့နိုင်ငံ၌ ထုတ်ကုန် များထုတ်လုပ်နိုင်ရန် ရေခံ၊ မြေခံနှင့် သဘာဝကပေးသောအခွင့် အလမ်းကောင်းများ ရှိသော်လည်း အလုပ်လုပ်ကြရန်လိုအပ်လျက်ရှိကြောင်း၊ လုံလောက်သောအရင်း အမြစ်၊ လုပ်သားများရှိသော်လည်း အလုပ်အကိုင်အား ရွေးချယ်နေခြင်းသည် ဖွံ့ဖြိုးမှု ကို နှောင့်နှေးစေကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရရာကဏ္ဍ၊ ရောက်ရာ နေရာ၌ ကြိုးစားလုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း။

 

ဒေသ၏ရေခံမြေခံကောင်းများကို အကျိုးရှိရှိအသုံးချပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင်ကြိုးပမ်းဆောင်ရွက်

မွေးမြူရေးနှင့်ပတ်သက်၍ထုတ်လုပ်မှုကုန်ကျစရိတ်များပြားခြင်း၊ ရောင်းလိုအား နှင့် ဝယ်လိုအား မျှတမှုမရှိခြင်းတို့ကြောင့် အသား၊ ငါး နှင့် အခြေခံ စားကုန်ပစ္စည်းများ ဈေးနှုန်းကြီးမြင့်လျက်ရှိကြောင်း၊ ထို့ကြောင့် လုပ်ငန်းရှင်များအနေဖြင့် ရောင်းလိုအား နှင့် ဝယ်လိုအားမျှတမှုရှိစေရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်သွား ကြစေလိုကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း မွေးမြူရေးလုပ်ငန်းများနှင့်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်သည်များကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်သဖြင့် အောင်မြင်အောင်ဆောင် ရွက်ကြစေလိုကြောင်း။

ဒေသမှထွက်ရှိသည့် ထွက်ကုန်ပစ္စည်းများဖြင့် စက်မှုကုန်ထုတ်လုပ်ငန်းများကို လည်း အောင်မြင်အောင် ဆောင်ရွက်၍ရနိုင်မည်ဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသ ကြီးမှထွက်ရှိသည့် ရာဘာကုန်ကြမ်းများကို အခြေခံ၍ ပြည်တွင်းလိုအပ်ချက်ဖြစ်သည့် ရာဘာကုန်ချောထုတ်ကုန်များကို ထုတ်လုပ်၍ရနိုင်ကြောင်း၊ အလားတူ ဒေသတွင်း အများအပြားဖြစ်ထွန်းအောင်မြင်သည့် အုန်းနှင့် ပတ်သက်၍လည်း အဆင့်မြင့်ဈေး ကွက်ဝင်ကုန်ချောများထုတ်လုပ်နိုင်သည်ဖြစ်သဖြင့် လုပ်ဆောင်ကြစေလိုကြောင်း၊ ပိုင် ဆိုင်ထားရှိပြီးဖြစ်သည့် ဒေသ၏ရေခံမြေခံကောင်းများကို အကျိုးရှိရှိ အသုံးချစေလိုပြီး ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြစေလိုကြောင်း။

            ပညာရေးနှင့်ပတ်သက်၍မြိတ်မြို့သည်ပညာရေးကို အားပေးသည့်မြို့ဖြစ်သည် ကိုတွေ့ရှိရသော်လည်း တန်းစဉ်ကူးပြောင်းမှုနှုန်းနည်းပါးနေဆဲဖြစ်ကြောင်း၊ ထို့ကြောင့် တန်းစဉ်ကူးပြောင်းမှုများတိုးတက်စေရေး ဆောင်ရွက်သွားကြစေလိုကြောင်း၊ မိမိတို့၏ အနာဂတ်သားသမီးများကို ကောင်းမွန်သည့် ပညာအမွေပေးခဲ့နိုင်ရေး ကြိုးပမ်းဆောင် ရွက်သွားကြစေလိုကြောင်း၊ အတန်းပညာကောင်းမွန်မှသာလျှင် အတတ်ပညာများ သင်ယူရာ၌ ပိုမိုလွယ်ကူနိုင်မည်ဖြစ်ကြောင်း၊ ပညာရေးကောင်းမွန်အောင် ဆောင်ရွက် ခြင်းသည် နောင်တစ်ချိန်အတွက် ရင်းနှီးမြှုပ်နှံမှုများဖြစ်ပြီး နိုင်ငံ၏အနာဂတ်အတွက် စိတ်ချရအောင် ပညာရေးကို စနစ်တကျဖြင့် အလေးပေးဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အနာဂတ်နိုင်ငံတော်ကို ဦးဆောင်ကြမည့် ပညာတတ် လူသားအရင်းအမြစ်ကောင်းများကို မွေးထုတ်ပေးနိုင်ရေး အလေးထားဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း။

နိုင်ငံ့အကျိုး၊ ဒေသအကျိုးကိုဖော်ဆောင်ပေးနိုင်မည့် ကိုယ်စားလှယ်လောင်း များပေါ်ထွက်လာရေး

မိမိတို့အနေဖြင့် ဒီဇင်ဘာလအတွင်းပါတီစုံဒီမိုကရေစီအထွေထွေ‌ ရွေးကောက် ပွဲကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့်ရွေးကောက်ပွဲဖြစ်စေ ရေး ကြိုတင်ပြင်ဆင်မှုများကိုဆောင်ရွက်လျက်ရှိပြီး မဲပေးရာတွင်လည်း မြန်မာအီလက် ထရောနစ်မဲပေးစက် (MEVM) များဖြင့်ဆန္ဒမဲများပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိ ကြောင်း၊အဆိုပါမြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များသည် ယုံကြည်စိတ်ချ ရပြီး မဲမသမာမှုပြုလုပ်၍မရကြောင်း၊   ဆန္ဒမဲပေးရာတွင်လည်း မိမိတို့ရွေးချယ်မည့် ရွေးကောက်ခံကိုယ်စားလှယ်များသည် နိုင်ငံ၏အကျိုးကို အမှန်တကယ်ဆောင်ရွက် နိုင်သူ၊ ဒီမိုကရေစီစနစ်ကို အမှန်တကယ်ဖော် ဆောင်ပေးနိုင်သူ၊ ဒို့တာဝန်အရေးသုံးပါး ကို အမှန်တကယ်ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်သူဖြစ်ရန်နှင့် နိုင်ငံကောင်း အောင်ဆောင်ရွက်နိုင်မည့်သူများ ‌ဖြစ်ရန်လိုကြောင်း၊  မြိတ်ဒေသတိုးတက်စေရေး အတွက် နိုင်ငံတော်မှ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ မြိတ်ဒေသတွင်နေထိုင်သူများ ကလည်း မိမိတို့ဒေသအကျိုးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလို ကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် အခမ်းအနားအပြီးတွင် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများသည် အခမ်းအနားတက် ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပြီး ခင်းကျင်းပြသထားသည့် မြိတ် ခရိုင်အတွင်းမှ MSME ထုတ်ကုန်ပြခန်းများအား ပြခန်းတစ်ခုချင်းစီအလိုက် လေ့လာ ကြည့်ရှုခဲ့ကြောင်းနှင့် သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့သည်။

၎င်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာ ယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမြိတ်မြို့ မြို့မအားကစားကွင်းသို့ရောက်ရှိ စစ်ဆေးကြပြီး အားကစားကွင်းအဆင့်မြှင့်တင်နိုင်ရေးလိုအပ်သည့် အခြေအနေများ အား တာဝန်ရှိသူများကိုလမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာ ယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် မြိတ်လေဆိပ်သို့ရောက်ရှိကြပြီး လေဆိပ် ရှင်းလင်းဆောင်၌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက မြိတ်လေဆိပ်နှင့် လေယာဉ်ပြေးလမ်း အဆင့်မြှင်တင်နိုင်ရေးဆောင်ရွက်လျက်ရှိမှု နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

            ရှင်းတင်းလင်ပြမှုများအပေါ် နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက  လေယာဉ်ပြေးလမ်းအား အဆင့်မြှင့်တင် သွားရန်၊ လေဆိပ်အဆောက်အဦများအား စနစ်တကျဖြင့် ပြန်လည်တွက်ချက်၍ ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

လေးကျွန်းဆီမီးစေတီတော်ကြီး

            အလားတူ စက်တင်ဘာ ၁၈ ရက် ညနေပိုင်းကလည်း နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် ဇနီး၊ အဖွဲ့ဝင်များ သည် လေးကျွန်းဆီမီးစေတီတော်ကြီးသို့ ရောက်ရှိကြပြီး စေတီတော်ကြီးအား ဖူးမြော် ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်ပြီး နိုင်ငံတော်ယာယီသမ္မတ နိုင်ငံ တော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက စေတီတော်ကြီး၏ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးသည်။

            ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် စေတီတော်ကြီးအားလက်ယာရစ်လှည့်လည် ဖူးမြော်ကြည်ညိုကြပြီး နှစ်ပေါင်း ၂၄၀ သက်တမ်းရှိ ရှေးဟောင်းသမိုင်းဝင် သမုတ် သိမ်တော်အတွင်းရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များအား ဖူးမြော်ကြည်ညို၍ စေတီ တော်ကြီးနှင့် ရှေးဟောင်းသမိုင်းဝင် သမုတ်သိမ်တော်ကြီး  ရေရှည်တည်တံ့ခိုင်မြဲရေး အတွက် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

            ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးတို့က စေတီတော်ကြီးအတွက် ဘက်စုံအလှူငွေ များ ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်များကလက်ခံရယူခဲ့ကြသည်။

            ၎င်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြိတ်မြို့အတွင်းနှင့် မြိတ်ကမ်း နားလမ်းတစ်လျှောက် မော်တော်ယာဉ်များဖြင့်လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြ ကြောင်း သတင်းရရှိသည်။