ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ပျက်ပြားစေရန်ရည်ရွယ်၍ လှုံ့ဆော်စာများရေးသားထားသည့် စတေကာများဖြင့် အများပြည်သူသွားလာနေသည့် နေရာများ၌ စတေကာကပ်၍ လှုံ့ဆော်သူ အမျိုးသား ၂ ဦးအား ဖော်ထုတ်ဖမ်းဆီး အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရှိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပျက်ပြားစေရန် ရည်ရွယ်၍ လှုံ့ဆော်စာရေးသားထားသည့် စတေကာ များကို လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ ရွှေလင်ဘန်း ကျေးရွာ၊ ကျန်စစ်သားလမ်းနှင့် ဦးဖိုးလှိုင် လမ်းထောင့်ရှိ လမ်းညွှန်ဆိုင်းဘုတ်၌ ကပ်ထားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များပါဝင် သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ အဆိုပါ လမ်းညွှန်ဆိုင်းဘုတ်ပေါ်၌ အလျား ၇ လက်မ၊ အနံ ၄ လက်မခန့်ရှိ နောက်ခံအနီရောင်ပေါ်တွင် အဝါရောင်ဖြင့် ရွေးကောက်ပွဲအား ဆန့်ကျင်လှုံ့ဆော်ရေးသားထားသည့် စာသားပါစတေကာတစ်ရွက်နှင့် အနက်ရောင်မဲပုံးပေါ်တွင် ကျည်ဆံပုံသဏ္ဍာန်များပါ စတေကာတစ်ရွက်တို့ ကပ်ထားသည်ကို တွေ့ရှိရသဖြင့် ဖယ်ရှားရှင်း လင်း၍ ကျူးလွန်သူများအား လှိုင်သာယာ (အရှေ့ပိုင်း)မြို့မရဲစခန်း(ပ)၈၁၇/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ရေးဥပဒေပုဒ်မ ၂၃(က)ဖြင့် အမှုဖွင့်လှစ်၍ ဖော်ထုတ် ဖမ်းဆီးနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်ခဲ့သည့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၆)ရပ်ကွက် နေသူများဖြစ်ကြသည့် အောင်ရဲထွဋ်(ခ)ရဲထွဋ်(၂၄)နှစ်နှင့် ရန်နိုင်ကြည်ဝင်း(ခ)ရန်နိုင်(ခ) အကြီး ကောင်(၂၃)နှစ်တို့ကို စက်တင်ဘာလ ၁၈ ရက်နေ့ ညနေ ၅ နာရီ ၅ မိနစ်တွင် ၎င်းတို့နေအိမ်မှ ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ၎င်းတို့၏ ထွက်ဆိုချက်များအရ ၎င်းတို့သည် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအား ပျက်ပြားစေရန် ရည်ရွယ်၍ စက်တင်ဘာလ ၁၃ ရက်တွင် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်နှင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ အများပြည်သူနှင့် သက်ဆိုင် သောနေရာ ၁၀ နေရာ၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ပျက်ပြားစေရန် ရည်ရွယ်ရေးသားထားသည့် စာသားပါစတေကာများဖြင့် အသိပေးလှုံ့ဆော်ခြင်းများ လုပ်ဆောင်ခဲ့ ကြောင်း ဖော်ထုတ်သိရှိရကြောင်းနှင့် ပြစ်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။