“အာဆီယံကို ဉာဏ်ရည်တုနည်းပညာဖြင့် ချိတ်ဆက်၍ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းခြင်းမှတစ်ဆင့် ဖွံ့ဖြိုးတိုးတက်မှု အနာဂတ်ကို မျှဝေခြင်း” ဆောင်ပုဒ်ဖြင့် တရုတ်-အာဆီယံစီးပွားရေးခေါင်းဆောင်များဖိုရမ်ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နန်နင်း မြို့ရှိ Grand Metropark Hotel ၌ ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက်မိန့်ခွန်းပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဦးချစ်ဆွေ၊ ဒေါက်တာ သက်ခိုင်ဝင်း ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်မောင်ဆွေ နှင့် တာဝန်ရှိသူများ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့အတိုင်ပင်ကွန်ဖရင့် ဥက္ကဋ္ဌ မစ္စတာစွမ်းသဝေ၊ အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ် Mr. Kao Kim Hourn တရုတ်အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ (CCPIT) မှ ဒုတိယအကြီးအကဲ၊ ASEAN- China Centre မှ အထွေထွေအတွင်းရေးမှူး ၊ တရုတ်အာဆီယံနိုင်ငံများမှ ကုန်သည်အသင်းဥက္ကဋ္ဌများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများတက်ရောက် ကြသည်။
ဦးစွာ ဖိုရမ်ကျင်းပရေးကော်မတီ အတွင်းရေးမှူးက AI နည်းပညာသုံးမျက်မှန် အသုံးပြုပုံကို မိတ်ဆက်ပြသသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ဖိုရမ်အဖွင့်မိန့်ခွန်းပြောကြားရာတွင် ယခုဖိုရမ်သည် တရုတ်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးကဏ္ဍတွင် ဦးဆောင် နေကြသည် ကုန်သည်အသင်းအဖွဲ့များအကြား စီးပွားရေးဆိုင်ရာကိစ္စရပ်များကို အမြင်ချင်း ဖလှယ် ဆွေးနွေးနိုင်သည့် အခွင့်အလမ်းများကို ရရှိနိုင်မည့် ပလက်ဖောင်းတစ်ခုဖြစ်ကြောင်း၊ ယခုအခါ အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုဒေသ (ASEAN-China Free Trade Area-ACFTA) ကို ACFTA (အက်ဖ်တာ) ဗားရှင်း ၃.၀ သို့ အဆင့်မြှင့် တင်နိုင်ခဲ့ပြီးဖြစ်သည့် အတွက် ဒစ်ဂျစ်တယ် စီးပွားရေး၊ အစိမ်းရောင် စီးပွားရေး၊ ထောက်ပံ့ရေး ကွင်းဆက်ချိတ် ဆက်မှု၊ ယှဉ်ပြိုင်မှု၊ စားသုံးသူ ကာကွယ်ပေးရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများစသည့် နယ်ပယ်သစ်များတွင် နက်နက်ရှိုင်းရှိုင်း ပူးပေါင်း ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအနေဖြင့် နယ်ပယ်သစ် များတွင် ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို မျှဝေခံစား သွားနိုင်ကြမည်ဖြစ်ကြောင်း။
AI နည်းပညာကို နယ်ပယ်ကဏ္ဍအသီးသီးတွင် ကျယ်ပြန့်စွာ အသုံးပြုလာသည် နှင့်အမျှ လွဲမှားစွာ အသုံးချမှုနှင့် ဆိုက်ဘာလုံခြုံရေးကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ် ပြီး မှန်ကန်သည့် နယ်ပယ်များတွင် မျှတစွာ အသုံးပြုသွားရန် လိုအပ်ကြောင်း၊ ယနေ့ကျင်းပ သည့် တရုတ်-အာဆီယံ စီးပွားရေးခေါင်းဆောင်များဖိုရမ်မှတစ်ဆင့် တရုတ်နိုင်ငံ နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်ရေး၊ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုမြှင့်တင် ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့အတိုင်ပင်ကွန်ဖရင့် ဥက္ကဋ္ဌ၊ CCPIT မှ ဒုတိယအကြီးအကဲ၊ အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်နှင့် ASEAN- China Centre မှ အထွေထွေအတွင်း ရေးမှူးတို့က မိန့်ခွန်းပြောကြားပြီး ဖွင့်ပွဲအခမ်းအနား ကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။