ထိုင်းဘုရင့်လေတပ်မှ Air Chief Marshal Punpakdee Pattanakul ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ နှစ်နိုင်ငံလေတပ်များအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေရန်အတွက် Bilateral Engagement Activities ဆိုင်ရာ လှုပ်ရှားမှုများဆောင်ရွက်ရန်အတွက် လာရောက်

Wednesday, September 17, 2025 - 16:00

                   ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၏ ဖိတ်ကြားချက်အရ   မြန်မာ-ထိုင်း နှစ်နိုင်ငံလေတပ်များအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေရန်အတွက် Bilateral Engagement Activities ဆိုင်ရာလှုပ်ရှားမှုများဆောင်ရွက်ရန် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul နှင့်ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် ထိုင်းဘုရင့်လေတပ်မှ ATR-72 လေယာဉ်ဖြင့် နေပြည်တော်သို့ ရောက်ရှိလာကြရာ တပ်မတော်(လေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့်လေတပ်စစ်သံမှူးနှင့် တာဝန်ရှိသူတို့က ကြိုဆိုကြသည်။

                   အဆိုပါကိုယ်စားလှယ်အဖွဲ့အား ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင် က Jasmine Hotel ၌ လက်ခံတွေ့ဆုံကာ နှစ်နိုင်ငံလေတပ်များအကြား ပူးပေါင်းဆောင်ရွက်မှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြပါသည်။ တွေ့ဆုံ ပွဲအပြီးတွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ထိုင်းဘုရင်လေတပ်က ဦးစီး၍ ဆောက်လုပ်တည်ထားလျက် ရှိသော Phra Mahathat Naphamethinidon Naphabhumisiri စေတီတွင် ဌာပနာထည့်သွင်း ကိုးကွယ်ရန်အတွက် ဘုရား၊ ရဟန္တာ ဓာတ်တော်များနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပုံတူ ဆင်းတုတော်တို့အား ကာကွယ်ရေးဦးစီးချုပ်(လေ)က  ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်ထံ ပေးအပ်လှူဒါန်း ခဲ့ပါသည်။ ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်က ဗုဒ္ဓဆင်းတုတော်မြတ်တစ်ဆူအား ဓမ္မဒါနလက်ဆောင် အဖြစ် ပြန်လည်ပေးအပ်ခဲ့ကာ  စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

                   ထို့နောက် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul နှင့် ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီးက ဂုဏ်ပြု နေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။

                   အဆိုပါကိုယ်စားလှယ်အဖွဲ့သည် နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့သို့ ထွက်ခွာခဲ့ပြီး ဗိုလ်တစ်ထောင်ဘုရားအား သွားရောက်ဖူးမြော်ခဲ့ကြကြောင်း သတင်းရရှိသည်။