မြန်မာ့တပ်မတော် ( ကြည်း ၊ ရေ ၊ လေ ) မှ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ အိန္ဒိယနိုင်ငံသို့ ထွက်ခွာ နေပြည်တော် စက်တင်ဘာ ၁၆

Tuesday, September 16, 2025 - 16:30

          မြန်မာ့တပ်မတော်နှင့် အိန္ဒိယတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီး မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရန်နှင့် ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ လေ့လာရေးခရီးစဉ်များအပြန်အလှန် လည်ပတ်ရန်အတွက် ဗိုလ်မှူးကြီး ဇာနည်အောင် ဦးဆောင်သည့် မြန်မာ့တပ်မတော် (ကြည်း ၊ ရေ ၊ လေ )မှ အရာရှိ ၊ စစ်သည်များ ပါဝင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်လေဆိပ်မှ အိန္ဒိယနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး နေအောင်စိုး ၊ တပ်မတော်အရာရှိကြီးများ ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံစစ်သံမှူး JASWINDER S GILL တို့က လေဆိပ်၌ပို့ဆောင်နှုတ်ဆက်ကြသည်။

          အဆိုပါ မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့တွင် တပ်မတော် (ကြည်း ၊ ရေ ၊ လေ )မှ အရာရှိ ၊ စစ်သည်များ စုစုပေါင်း ၁၂၀ ဦး လိုက်ပါသွားပြီး အိန္ဒိယနိုင်ငံ ၊ ဂါယာမြို့ရှိ အထင်ကရနေရာများ ၊ သင်တန်းကျောင်း၊ စေတီပုထိုး များနှင့် ဘုန်းတော်ကြီးကျောင်းများသို့ စက်တင်ဘာလ ၁၉ ရက်အထိလေ့လာ လည်ပတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။