နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစော မြန်မာ-တရုတ် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြား နေပြည်တော် စက်တင်ဘာ ၁၆

Tuesday, September 16, 2025 - 16:30

          မြန်မာ-တရုတ် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့ မြန်မာစီးပွားရေးကိုယ်စားလှယ်ရုံး၌ ကျင်း ပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက် အမှာစကားပြောကြားသည်။

          တွေ့ဆုံပွဲသို့  ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဦးချစ်ဆွေ၊ ဒေါက်တာ သက်ခိုင်ဝင်း ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်မောင်ဆွေ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စ မာကျား၊ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌနှင့်အဖွဲ့ ဝင်များ၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသည့်ပုဂ္ဂိုလ်များ၊ ရင်းနှီးမြှုပ်နှံ ထားသည့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

          ဦးစွာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော က မိမိတို့နိုင်ငံအနေဖြင့် ပြည်တွင်း၊ ပြည်ပ ဈေးကွက်များသို့ အမယ်သစ်များနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ တင်ပို့နိုင်ရေး ကြိုးပမ်းဆောင် ရွက်လျက်ရှိသည့်အတွက် တရုတ်နိုင်ငံအနေဖြင့် နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများ လာရောက် ဆောင်ရွက်ကြရန် ဖိတ်ခေါ်ပါကြောင်း၊ ထို့ပြင် တရုတ်နိုင်ငံက ကြီးမှူး ဆောင်ရွက်နေသည့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ဦးဆောင်ဦးရွက်ပြုမှု အစီအစဉ်တွင် ပါဝင်သည့် ဦးစားပေး နယ်ပယ် ၈ ခုတွင် မိမိတို့နိုင်ငံဖြင့် ကိုက်ညီသည့် ကဏ္ဍများစွာ ပါဝင်နေသောကြောင့် လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရန် အခွင့်အလမ်းကောင်းများ များစွာရှိပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ယုံကြည်စွာ လာရောက် ရင်းနှီးမြှုပ်နှံနေသည့် စီးပွားရေးလုပ်ငန်းရှင်များအတွက်  စီးပွားရေးပတ်ဝန်းကျင်ကောင်း တစ်ခု ဖြစ်ထွန်းလာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ၍ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေသူများအနေဖြင့်လည်း ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက တင်ပြစေလိုပြီး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းကာ ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း၊ ယခုတွေ့ဆုံပွဲမှ တစ်ဆင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာ ရေရှည်တည်တံ့ခိုင်မြဲပြီး အနာဂတ်တွင် ပိုမိုကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုများလုပ် ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် စီးပွားရေးလုပ်ငန်းရှင်များက မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံလိုသည့် လုပ်ငန်းများ၊ မူဝါဒများနှင့်အညီ ပို့ကုန်သွင်းကုန် တိုးမြှင့်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် လိုမှုများနှင့် စပ်လျဉ်း၍ မေးမြန်းဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိ သူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ဆွေးနွေးဖြေကြားပြီး နိုင်ငံတော်ဝန်ကြီးချုပ် က ဖြည့်စွက်ပြောကြားသည်။

နံနက်ပိုင်းတွင်လည်း နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လျှိုကျိုးမြို့ရှိ Guangxi Liugong Machinery Co.,Ltd ၏ Global R & D Center သို့ သွားရောက် လေ့လာကြရာ ကုမ္ပဏီမှတာဝန်ရှိသူများက စက်ရုံမှအဆင့်မြင့်နည်းပညာ များဖြင့် ဆန်းသစ် တီထွင် ထုတ်လုပ်လျက်ရှိသည့် စက်ယန္တရားကြီးများ၊ EV စက်ယန္တရားကြီးများနှင့် စက်ပစ္စည်း အစိတ်အပိုင်းများ၊  စက်ရုံမှ ထုတ်လုပ်သည့် EV Loader ဖြင့် အန္တရာယ်ရှိသည့် လုပ်ငန်းခွင် များ၌ အဝေးထိန်းစနစ်ဖြင့် လုပ်ငန်းဆောင်ရွက်မှုပြကွက်နှင့် ကမ္ဘာတစ်ဝန်း စီမံကိန်းကြီးများ တွင် စက်ရုံထုတ် စက်ယန္တရားကြီးများဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ သည့် ပြကွက်တို့ကို ရှင်းလင်းပြသရာ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။