မြန်မာနိုင်ငံအတွင်းသို့  တရားမဝင်  ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသားနှစ်ဦး  ယနေ့တွင် ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ နေပြည်တော်၊ စက်တင်ဘာ   ၁၅

Monday, September 15, 2025 - 17:00

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု (Telecom Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်း များကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စုံစမ်း ဖော်ထုတ်တိုက်ဖျက်လျက်ရှိပြီး ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်နယ်မြေတွင် အွန်လိုင်း လောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ဖိလစ်ပိုင် နိုင်ငံသားတစ်ဦးနှင့် အိန္ဒိယနိုင်ငံသားတစ်ဦး၊ စုစုပေါင်း ပြည်ပနိုင်ငံသားနှစ်ဦးကို ယနေ့တွင်  ထပ်မံ စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။

အဆိုပါ စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံ များသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက လိုအပ်သည့်     ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူခြင်းလုပ်ငန်းနေ့ချင်းပြီး ဆောင်ရွက် နေမှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ ဒုတိယညွှန်ကြား ရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ  ဖြည့်စွက် မှာကြားသည်။

၂၀၂၅ ခုနှစ်၊  ဇန်နဝါရီလ  ၃၀ ရက်မှ စက်တင်ဘာလ ၁၅ ရက်အထိ မြန်မာနိုင်ငံ အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉၃၈၇ ဦး စစ်ဆေးဖော်ထုတ်ထိန်းသိမ်း နိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၉၃၀၅ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့်  သက်ဆိုင်ရာနိုင်ငံများသို့  ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီးကျန်ရှိသည့်  ပြည်ပနိုင်ငံသား  ၈၂ ဦးကို သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။

နိုင်ငံတော်အနေဖြင့် Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများနှင့် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို အမြန်ဆုံး စစ်ဆေးဖော်ထုတ်ပြီး သက်ဆိုင်ရာနိုင်ငံများ သို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးအပ်နိုင်ရေး သက်ဆိုင်ရာ နိုင်ငံများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။