ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် ( ၁၀၄ / ၂၀၂၅ ) ၁၃၈၇  ခုနှစ်၊ တော်သလင်းလပြည့်ကျော်  ၈   ရက် (၂၀၂၅ ခုနှစ်၊ စက်တင်ဘာ လ  ၁၄   ရက်)

Sunday, September 14, 2025 - 17:00

လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းခြင်း၊ စိစစ်ခြင်း၊ ရုပ်သိမ်းခြင်းတို့နှင့်စပ်လျဉ်းသည့် နေ့ရက်များ ပြင်ဆင်သတ်မှတ်ကြေညာခြင်း

၁။           ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၁၆ ပါလုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် ၂၀-၈-၂၀၂၅ ရက်နေ့တွင် ကြေညာချက် အမှတ် (၅၇/၂၀၂၅)ဖြင့် လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းခြင်း၊ စိစစ်ခြင်း၊ ရုပ်သိမ်းခြင်းတို့နှင့်စပ်လျဉ်းသည့် နေ့ရက်များကို သတ်မှတ် ကြေညာခဲ့ပါသည်။

၂။            ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ လွတ်လပ်ပြီးတရား မျှတသော ရွေးကောက်ပွဲကျင်းပရန်အခြေအနေမရှိသည့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ( ၅၆ ) နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ( ၉ ) နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ( ၅၆ ) နယ်တို့တွင် ရွေးကောက်ပွဲများကျင်းပခြင်းပြုမည်မဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ၁၄ - ၉ - ၂၀၂၅ ရက်စွဲပါ ကြေညာချက်အမှတ် ( ၁၀၃ /၂၀၂၅ ) ဖြင့်  ထုတ်ပြန်ကြေညာခဲ့ပါသည်။

၃။           သို့ဖြစ်‌၍ နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် သက်ဆိုင်ရာမဲဆန္ဒနယ်များ၌ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည် စာရင်းတင်သွင်းရာတွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအတွက် အချိန်ပိုမိုရရှိစေရန် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းခြင်း၊ စိစစ်ခြင်း၊ ရုပ်သိမ်းခြင်း တို့နှင့် စပ်လျဉ်း သည့် နေ့ရက်များကို အောက်ပါအတိုင်းရက်တိုးမြှင့်၍ ပြင်ဆင်သတ်မှတ် ကြေညာ လိုက်သည် -

(က)

လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များ အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း စတင်တင်သွင်းနိုင်သည့် နေ့ရက်

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ လ ၈ ရက်

( ခ )

လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများကို ရုပ်သိမ်းလိုက ရုပ်သိမ်းနိုင်သည့်

နောက်ဆုံး နေ့ရက်

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၇  ရက်

( ဂ )

PR မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီတစ်ခုအနေဖြင့် မိမိပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် လောင်းတစ်ဦးအတွက် အမည်စာရင်း တင် သွင်းလွှာကို ရုပ်သိမ်းပါက စတင် အစားထိုး ပြန်လည်တင်သွင်းရမည့် နေ့ရက် နှင့် နောက်ဆုံး နေ့ရက်

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၈  ရက် မှ စက်တင်ဘာ လ ၂၂  ရက်အထိ

(ဃ)

လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းရမည့် နောက်ဆုံး နေ့ရက်

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၂  ရက်

( င )

လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများစိစစ်မည့် နေ့ရက်

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၃  ရက် မှ အောက်တိုဘာ လ  ၄  ရက် အထိ

 

 

                                                                           ( ပုံ ) သန်းစိုး

                                                                             ဥက္ကဋ္ဌ

                                                                             ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်