အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ရန် နည်းလမ်းမျိုးစုံဖြင့် သယ်ဆောင်လာသည့် လက်နက်/ခဲယမ်းများအား ဖော်ထုတ်တားဆီးနိုင်ခဲ့ နေပြည်တော်၊ ၂၀၂၅ စက်တင်ဘာ ၁၄

Sunday, September 14, 2025 - 17:00

            NUG နှင့် CRPH တို့၏ ညွှန်ကြားမှုဖြင့် PDF အမည်ခံအကြမ်းဖက်သမားများ သည် အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ရန်အတွက် လက်နက်/ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများကို ပုံစံမျိုးစုံ၊ နည်းလမ်းမျိုးစုံဖြင့် သယ်ဆောင်၍ ၎င်းတို့ ရောက်ရှိ ခိုအောင်းရာ နေရာများနှင့် အနီးဝန်းကျင်တွင် လက်နက်ဖြင့်ခြိမ်းခြောက် အကြမ်းဖက် ခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ ၎င်းတို့နှင့်အလိုမတူသူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း စသည့်  အဖျက်အမှောင့်လုပ်ရပ်များနှင့် နယ်မြေတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေ သော လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည်။

            ထိုသို့လုပ်ဆောင်လျက်ရှိရာ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက် လုပ်ရပ်များလျော့နည်းပပျောက်စေရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထုတို့ ပူပင်ကြောင့်ကြမှုကင်းစွာဖြင့် လုပ်ကိုင်စားသောက်နိုင်ရေးတို့အတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို နေ့၊ ညမပြတ် တိုးမြှင့်ဆောင်ရွက်လျက်ရှိသကဲ့သို့ သတင်းဆက်စပ်ဖော်ထုတ်ခြင်းများဖြင့်လည်း ဒေသအလိုက်အကြမ်းဖက်မှု လျော့နည်း ပပျောက်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

            နယ်မြေတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသောလုပ်ရပ်နှင့် အကြမ်းဖက် လုပ်ဆောင်မှုကိုဆန့်ကျင်လိုကြသည့် ဒေသခံအချို့၏ လျှို့ဝှက်ဆက်သွယ် သတင်းပေး ပို့မှုနှင့် အခြားဆက်စပ်သတင်းဖော်ထုတ်မှုများအရ  PDF အမည်ခံအကြမ်းဖက်သမား ဖြစ်သူ သန်းလွင်ဆိုသူသည် ရဟန်းသံဃာအယောင်ဆောင်၍ လက်နက်ခဲယမ်း များအား ဖြူးမြို့နယ်၊ ကျောက်တိုင်ကျေးရွာမှ သယ်ဆောင်ကာ ဇယားကျေးရွာအား ဖြတ်သန်း၍ ၎င်းမှတစ်ဆင့် အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့အနီး(သို့မဟုတ်)ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၁၂၈/၂ သို့ပို့ဆောင်မည်ဖြစ်ကြောင်း သိရှိရသဖြင့် ယနေ့နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြူးမြို့နယ်၊ ညောင်ပင်သာကျေးရွာအနီး စောင့်ဆိုင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကျောက်တိုင်ကျေးရွာဘက်မှ ညောင်ပင် သာကျေးရွာဘက်သို့ ရဟန်းသံဃာအယောင်ဆောင် PDF အမည်ခံအကြမ်းဖက် သမားသန်းလွင်မောင်းနှင်လာသည့် ယာဉ်အမှတ်၊ RLG / 1412၊ X-Trail အနက်ရောင် လိုင်စင်မဲ့ယာဉ်အား ယာဉ်၏ကိုယ်ထည်အတွင်း သိုဝှက်သယ်ဆောင် လာသည့် လက်နက်မျိုးစုံ ၉ လက်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

            ဖမ်းဆီးရမိ ရဟန်းသံဃာအယောင်ဆောင် PDF အမည်ခံအကြမ်းဖက်သမားအား ဝိနည်းဓမ္မကံဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ လူဝတ်လဲ၍ စစ်ဆေးမေးမြန်း သတင်းဆက်စပ်ဖော်ထုတ်ချက်များအရ အဆိုပါလက်နက်ခဲယမ်းများကို လာရောက် ယူဆောင်မည့်သူများအား ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၁၂၇/၆ အနီး၊ လမ်း၏ အနောက်ဘက် မီတာ ၁၀၀ ခန့်အကွာတွင် ပြောက်ကျားယူနီဖောင်း ဝတ်ဆင် ထားသူ PDF အမည်ခံအကြမ်းဖက်သမားများနှင့် အပြန်အလှန်ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများအနေဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

            ထိုကဲ့သို့ အပြန်အလှန်ထိတွေ့မှုဖြစ်ပွားနေချိန်တွင် ဖမ်းဆီးရမိ ရဟန်းသံဃာ အယောင်ဆောင် PDF အမည်ခံအကြမ်းဖက်သမား သန်းလွင်သည် အခွင့်ကောင်းယူ ထွက်ပြေးရန်ကြိုးစားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရပ်တန့်ရန်ပြောကြားခဲ့သော်လည်း ရပ်တန့်ခြင်းမရှိသောကြောင့် ခြောက်လှန့်ပစ်ခတ်ခဲ့ရာ သန်းလွင်သည် ရရှိဒဏ်ရာ များဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

            PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို သက်ဆိုင် ရာဒေသခံများအနေဖြင့် လက်ခံမှုမရှိဘဲ ကြောက်ရွံ့စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိကာ ၎င်းတို့၏ လှုပ်ရှားမှုသတင်းများအား ယခုကဲ့သို့အချိန်မီပေးပို့ခဲ့မှုကြောင့်သာ အဖျက် အမှောင့်လုပ်ရပ်များ လုပ်ဆောင်မည့် လက်နက်၊ ခဲယမ်းများကို အချိန်မီဖမ်းဆီး နိုင်ခြင်းဖြစ်ကြောင်းနှင့် အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှုသတင်းများရရှိပါက နီးစပ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာသတင်းပေးပို့၍ ရပ်ရွာ တည်ငြိမ် အေးချမ်းအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။