ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် တရားမဝင်တင်သွင်းလာသည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၂ ဒသမ ၅ တန် ဖမ်းဆီးရမိ နေပြည်တော်၊ စက်တင်ဘာ ၁၂

Sunday, September 14, 2025 - 16:00

          လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် သတင်းအရ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဆွတ်ဆိုင်ကျေးရွာအနီးတွင် ဇေယျာလင်း၊ ရှိုင်းဝဏ္ဏအောင်၊ လင်းပိုင်ဖြိုး၊ အိုက်စွမ်နှင့် စိုင်းထွန်းတို့ ၅ ဦးအား ကဖင်း ၂ ဒသမ ၅ တန် (၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၂,၀၀၀)၊ NISSAN DIESEL ၁၂ ဘီးယာဉ် ၁ စီး၊ REVO ယာဉ် ၂ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ကွင်းဆက်ဖော်ထုတ်ချက်အရ ပူးပေါင်းအဖွဲ့သည် ဖမ်းဆီးရမိ ကဖင်းများအား သယ်ဆောင်ခိုင်းသူ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က) ကျေးရွာအုပ်စု၊ ခုတ်ဝကျေးရွာနေ ဝင်းထွန်း၏နေအိမ်အား ဆက်လက်ဝင်ရောက်ရှာဖွေရာ ၎င်းမှာ တိမ်းရှောင်လျက်ရှိပြီး နေအိမ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ကီလို(၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၁၀၀)အား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ ထိန်းချုပ်ဓာတု ပစ္စည်းကဖင်းများ၏ ပိုင်ရှင်ဖြစ်သူ တာချီလိတ်မြို့နယ်၊ လွန်ကျိုင်းကျေးရွာနေ အိုက်မုန်း(ခ) အိုက်နန်မုန့်(ဖမ်းဆီးရန်ကျန်)သည် မြန်မာ-လာအိုနယ်စပ် မဲခေါင်မြစ်ကြောင်းမှတစ်ဆင့် တာချီလိတ် မြို့နယ်အတွင်းသို့ တရားမဝင်တင်သွင်းခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့အား ဥပဒေအရအရေးယူထား ရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။