နိုင်ငံတော်အစိုးရအနေဖြင့် အနာဂတ်မျိုးဆက်သစ်လူငယ်များအပါအဝင် လူသားမျိုးနွယ်စု တစ်ခုလုံးကို အန္တရာယ်ဖြစ်စေသည့် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုများအား ထိရောက်စွာ တားဆီးကာကွယ်တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် မူးယစ်ဆေးဝါးသယ်ဆောင်လေ့ရှိသည့် လမ်းကြောင်းများ၌ စစ်ဆေးရှာဖွေဖော်ထုတ်မှုများကို တိုးမြှင့်လုပ်ဆောင်မှုများကြောင့် မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းဝယ် လျက်ရှိသည့် သောင်းကျန်းသူအဖွဲ့များနှင့် မူးယစ်ဂိုဏ်းများသည် ရေလမ်းကြောင်း၏ အားသာချက် များကိုအသုံးချကာ ရေလမ်းကြောင်းများမှတဆင့် မူးယစ်ဆေးဝါးများသယ်ယူပို့ဆောင်လာကြသည်ကို တွေ့ရှိရပါသည်။
AA သောင်းကျန်းသူအဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုများကို ပြုလုပ်ကာ ရရှိသည့်ငွေကြေးများဖြင့် လက်နက်၊ ခဲယမ်းများဝယ်ယူ၍ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ခြင်း၊ လက်နက်အားကိုးဖြင့် အပြစ်မဲ့ပြည်သူများ အပေါ် အနိုင်ကျင့် နှိပ်စက်သတ်ဖြတ်ခြင်းများကို လုပ်ဆောင်လျက်ရှိပါသည်။ သို့ဖြစ်၍ မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်ခြင်းနှင့် အကြမ်းဖက်လုပ်ရပ်များကို မလိုလားသည့် ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၅ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၅)ရပ်ကွက်၊ အမှတ်(၄)လမ်းမကြီးရှိ အမှတ်၊ ၇(က)/၂ ဂိုဒေါင်အား ဝင်ရောက်ရှာဖွေခဲ့ရာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နေ AA သောင်းကျန်းသူအဖွဲ့မှ ထောက်ပံ့ရေး ဒုတိယတာဝန်ခံအဆင့်ရှိ မူးယစ်ဆေးဝါးတရားခံ ထွန်းထွန်းနိုင် နှင့် AA သောင်းကျန်းသူအဖွဲ့မှ ထောက်ပံ့ရေးအဖွဲ့ဝင် အေးသန်းထွန်း တို့အပါအဝင် မူးယစ်ဆေးဝါး တရားခံများဖြစ်သည့် အားလျံ (ခ)ဝမ်ရှင်းလျံ၊ ထွန်းထွန်းနိုင်(ခ)အယ်လ်တီ၊ အေးမြင့်နှင့် လင်းမင်းထက် တို့ ၆ ဦးအား ICE ၁,၈၄၀ ကီလိုဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၄၀ ပြား၊ ဘိန်းဖြူအမှုန့် ၁၄ ကီလိုဂရမ်၊ Mitsubishi Canter (အဖြူရောင်)ယာဉ် ၁ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ထွန်းထွန်းနိုင်၏ ထွက်ဆိုချက်အရ စက်တင်ဘာလ ၅ ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ အမှတ်(၂၂) ရပ်ကွက်၊ မြို့ပတ်လမ်းရှိ ခြံဝန်းအတွင်း၌ တရားခံ ဇော်ဦး(ခ)ရာဂျူးနှင့် ရဲလင်းအောင်(ခ)ဂျိုးဇက် တို့အား ICE ၁,၅၀၀ ကီလိုဂရမ်၊ Mark II(ခဲရောင်)ယာဉ် ၁ စီး၊ I-Zone Express(ခဲရောင်)ယာဉ် ၁ စီးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ စက်တင်ဘာလ ၇ ရက် နံနက်ပိုင်းတွင် ရွှေပြည်သာမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)လမ်းမကြီးပေါ်ရှိ Denko ဆီဆိုင်အနီးတွင် တရားခံ အောင်ခိုင်မိုး နှင့် ရဲကိုခိုင် တို့ ၂ ဦးအား Toyoace(အပြာရောင်)ယာဉ်ပေါ်တွင် တင်ဆောင်ထားသည့် ICE ၁,၁၀၀ ကီလိုဂရမ်၊ ကတ်တမင်း ၁,၁၀၀ ကီလိုဂရမ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ထို့ပြင် မူးယစ် ဆေးဝါးများ သယ်ဆောင်ရာတွင် ရှေ့ပြေးအဖြစ်လိုက်ပါလာသည့် AA သောင်းကျန်းသူအဖွဲ့ ထောက်ပံ့ရေး အဖွဲ့ဝင် ဝင်းနိုင်ဆန်း၊ ရေကြောင်းမှ သယ်ဆောင်နိုင်ရန် စက်လှေရှာဖွေပေးမည့်သူ တရားခံ ဇော်မျိုး၊ မောင်မောင်စိုး တို့အား Toyota Probox(အဖြူရောင်)ယာဉ် ၁ စီးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ဝင်းနိုင်ဆန်း ၏ထွက်ဆိုချက်အရ စက်တင်ဘာလ ၇ ရက် ညနေပိုင်းတွင် မူးယစ်ဆေးဝါးများကို မလေးရှားနိုင်ငံသို့ပို့ဆောင်ရာတွင် စက်လှေရှာဖွေပေးသူ မျိုးမင်းထိုက်(ခ) နိုအာလမ်အား ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အမှတ်(၁၀)မြောက်ရပ်ကွက်တွင် လည်းကောင်း၊ မူးယစ်ဆေးဝါးတင်ဆောင်မည့် စက်လှေများအား စောင့်ကြည့်ပေးသည့် စိုးမင်းအောင် နှင့် မင်းတင်ထက် တို့အား ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ ဗိုလ်ချုပ်လမ်းရှိ CENTRAL ဟိုတယ်၊ အခန်း အမှတ်(၄၁၀)တွင်လည်းကောင်း အသီးသီးထပ်မံဖမ်းဆီးရမိခဲ့သည်။
သို့ဖြစ်၍ ဖြစ်စဉ်တွင် မူးယစ်ဆေးဝါးတရားခံ ၁၆ ဦးတို့အား ICE ၄,၄၄၀ ကီလိုဂရမ်၊ ကတ်တမင်း ၁,၁၀၀ ကီလိုဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြားသိန်း ၄၀ ပြား၊ ဘိန်းဖြူအမှုန့် ၁၄ ကီလိုဂရမ် (မူးယစ်ဆေးဝါးကာလတန်ဖိုးငွေကျပ် ၁၇၀ ဒသမ ၄၉ ဘီလီယံခန့်)နှင့်မော်တော်ယာဉ် ၅ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ AA သောင်းကျန်းသူအဖွဲ့မှ ထောက်ပံ့ရေး ဒုတိယတာဝန်ခံအဆင့်ရှိ ထွန်းထွန်းနိုင်၏ ထွက်ဆိုချက်အရ AA သောင်းကျန်းသူအဖွဲ့အနေဖြင့် ၎င်းတို့အဖွဲ့ ရပ်တည်နိုင်ရေးနှင့် လက်နက်၊ ခဲယမ်းများဝယ်ယူဖြည့်တင်းနိုင်ရေးအတွက် လိုအပ်သောငွေကြေးများရရှိနိုင်ရန် အနာဂတ် မျိုးဆက်သစ်လူငယ်များအပါအဝင် လူသားမျိုးနွယ်တစ်ခုလုံးအား အန္တရာယ်ဖြစ်စေသည့် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများကို ကျယ်ပြန့်စွာလုပ်ကိုင်လျက်ရှိကြောင်း၊ ယခု ၎င်းနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများကိုလည်း AA သောင်းကျန်းသူအဖွဲ့မှ ထောက်ပံ့ရေးတာဝန်ခံအဆင့်ရှိ ဖမ်းဆီးရန်ကျန် တရားခံ မင်းမြတ်ကျော်(ခ)သာဓု ၏ စေခိုင်းမှုဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီး မြို့နယ်၊ ဝမ်ဟိုင်းကျေးရွာနေ ဖမ်းဆီးရန်ကျန် တရားခံ ရန်ကုလား ထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး မလေးရှားနိုင်ငံသို့ ပို့ဆောင်ရောင်းချခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
သို့ဖြစ်၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာအရေးယူ ဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဖမ်းဆီးရန်ကျန် တရားခံများနှင့် ဆက်စပ်တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် မူးယစ်ဆေးဝါးသယ်ဆောင်သည့် သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ပူးပေါင်းပါဝင်ဖမ်းဆီးပေးသူများအား ထိုက်တန်စွာလျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးမည်ဖြစ်ကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။