အခြေခံပညာကျောင်းများ၊  တက္ကသိုလ်များ၊ ဆေးရုံများနှင့် စေတီပုထိုးများ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက် နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ - ၁၃

Saturday, September 13, 2025 - 16:00

            ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေ ချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ် ကောင်းမွန်စေရေး အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ‌ကျောင်းများ၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးအတွက် နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်း မြို့နယ်အပါအဝင် မြို့နယ် ၂၁ မြို့နယ်တို့၌ နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက အခြေခံပညာ‌ကျောင်း များနှင့် တက္ကသိုလ်များ  အတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော် ပေးခြင်း၊ ရေကန်များတွင် အဘိတ်ဆေးများခတ်ပေးခြင်း၊ ခြင်ခိုအောင်းနိုင်သည့် နေရာ များအား ခြင်ဆေးဖျန်းခြင်းနှင့် ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို စုပေါင်းဆောင်ရွက်ကြသည်။

ထို့ပြင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊  လွိုင်လင်မြို့နယ်နှင့် မိုင်းပန်မြို့နယ်တို့ရှိ ပြည်သူ့ဆေးရုံများ၊ လဲချားမြို့နယ်ရှိ နောင်ခန်းရေကန်သာ ရေကန်တို့၌   နယ်မြေခံတပ်မတော်သား များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်းနှင့် အမှိုက်ရှင်းလင်းခြင်းများ စုပေါင်းဆောင်ရွက်ကြသည်။ယင်းသို့ ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများကသွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိ သည်။